ကြာပီ

[Friday, February 28, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၃

0 comments

အပိုင်း(၃)

တအီအီ ညည်းညူနေတဲ့ ကလေးတစ်ယောက်ကို ပွေ့ပြီး အခန်းထဲကို ၀င်လာနေတဲ့ မိန်းမကို ငြိမ်း ငေးကြည့်နေမိတယ်။ အသားအရေက ညစ်ထပ်ထပ်၊ နေလောင်ထားတဲ့ အသားအရေ၊ ဆံပင်တွေက နီလို့၊ ကျောလယ်လောက် ဆံပင်ကို ဖြစ်ကတတ်ဆန်း စီးထားတယ်။ မျက်နှာပေါက်ကတော့ လုံးလုံးလေး၊ တစ်ချိန်က ၀ိုင်းစက်ကြည်လင်ခဲ့ပုံရတဲ့ မျက်လုံးတွေက မှုန်မှိုင်းလို့နေတယ်။ အနီရောင် လွင့်ပြယ်နေတဲ့ အင်္ကျီလက်ပြတ်နဲ့ စွန်းထင်းနေတဲ့ ပန်းနုဖျောဖျော့ ထဘီဟာ သူနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး။ သူလဲ ငြိမ်းလိုပဲ ပိန်လိုက်တာနော်။

"ကဲ... ဒီကုတင် ကလေးအမေ၊ ဘယ်မလဲ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး"

သူ့နောက်က ကပ်ပါလာတဲ့ ဆရာမက ငြိမ်းတို့ခုတင်ဘေးက ခုတင်ကို ပြရင်းမေးတော့ ဟိုမိန်းကလေးက ခေါင်းခါပြတယ်။

"ဘာမှ မပါဘူး ဆရာမ"
"အင်း.... ကောင်းသားပဲ၊ နေဦး၊ ဒါဖြင့်စောင်နဲ့ ခေါင်းအုံးယူပေးမယ်၊ ခြင်ထောင်တော့ မရှိဘူး၊ ခြင်ထောင်ကိုတော့ အိမ်ကို ကြံဖန်မှာလိုက်.... ဟုတ်လား"

ဆရာမ အခန်းပြင်ဘက် ပြန်ထွက်သွားတော့ ဟိုမိန်းကလေးက ငြိမ်းကို လှမ်းကြည့်တယ်။အပြုံးလွယ်တဲ့ ငြိမ်းဟာ ပြုံးပြရင်း မေးငေါ့ပြလိုက်တယ်။

"အဲဒီ ခုတင်ပေါ်မှာ ထိုင်လိုက်ပါလား၊ ဆေးရုံက ဘယ်သူတက်မှာလဲဟင်၊ ရှင်လား၊ ကလေးလား"

"ကလေးပါ"

ငြိမ်း မျက်လုံးတွေ ရင်ခွင်ထဲက ကလေးဆီ ရောက်သွားတယ်။ ဘုရားရေ... ကလေးလေးက ဘာဖြစ်နေရှာတာလဲ။ ပါးစပ်လေးဟပြီး မောနေလိုက်တာ၊ မလုံမခြုံ အကျီအောက်ကထွက်နေတဲ့ ဗိုက်ကလေးက ပူလို့၊ မျက်လုံးတွေကလဲ ပြူးနေလိုက်တာ၊ အို..... အသားအရေတွေ ရှုံ့တွပြီး ပိန်ချုံး... ဘုရား... ဘုရား။

ငြိမ်း ရင်ထဲမှာ ဒိန်းခနဲနေအောင် မြည်ဟည်းသွားပါတယ်။

"ရှင့်ကလေးက တော်ပါသေးတယ်၊ အခြေအနေ သိပ်မဆိုးသေးပါဘူး၊ ဆေးထိုး၊ ဆေးတိုက်ပြီး အစားမှန်မှန်ကျွေးလိုက်ရင် ပျောက်နိုင်ပါတယ်၊ တချို့ကလေးတွေဆို သိပ်ဆိုးတာ၊ တစ်ကိုယ်လုံး ယောင်ဖော ဗိုက်ကြီးကပူ၊ မျက်လုံးတွေက ပြူး၊ အဘိုးကြီးအို၊ အမယ်ကြီးအို ပေါက်စလေးတွေလိုပဲ၊ အသားအရေတွေ ရှုံ့တွနေတာ၊ ဂရုစိုက်နော်၊ ဂရုမစိုက်ရင် အဲလိုမျိုး ဖြစ်သွားလိမ့်မယ်" ဆိုတဲ့ ဒေါက်တာ့စကားကို ငြိမ်း ပြန်ကြားနေမိတယ်။

"ကလေး.... ကလေးက ဘာဖြစ်တာလဲဟင်"

"အစာ အာဟာရချို့တဲ့ရောဂါဖြစ်တာ၊ ခုတော့ တီဘီပါ ဖြစ်နေတယ်လို့ ပြောတယ် အစ်မရေ"

"နျူထရေးရှင်း... အာဟာရချို့တဲ့ရောဂါ"

ငြိမ်း ရေရွတ်ရင်း ခုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေရှာတဲ့ သမီးလေး ခြေထောက်လေးကို တင်းတင်းဆုပ်ကြည့်မိတယ်။ အို..... တော်ပါသေးရဲ့၊ သမီးလေးရဲ့ အသားလေးတွေဟာ ပျော့နေတာ တစ်ခုပါပဲ။

သမိးလေး၊ မေမေ့ သမီး နှင်းဇာဖြူလေး၊ ဒီထက် ရောဂါ ပိုဆိုးမလာပါစေနဲ့၊ ဘုရား... ဘုရား၊ ပိန်ချုံး ရှုံ့တွနေတဲ့ သမီးလေးကို မေမေ ဘယ်လိုလုပ် မြင်ရက်ပါ့မလဲကွယ်။

အဘိုးကြီးအို၊ အဘွားကြီးအို ပေါက်စလေးတွေလိုတဲ့၊ အို.... သေသွားတဲ့ သမီးလေးရဲ့ဘေး၊ မေမေ့အဘိုး အဘွားတွေရဲ့ အရေတွေ တွန့်နေတဲ့ပါးပြင်တွေကိုတော့ မေမေ တအားဖက်နမ်းခဲ့ဖူးတယ်၊ နှင်းဇာဖြူရယ် သမီးလေးရဲ့ အဲလို ပါးပြင်မျိုးကိုတော့ မေမေ့ တသက် ဘယ်တော့မှ မနမ်းပါရစေနဲ့ကွယ်။

"အစ်မ... ခုန ဘာပြောတာလဲဟင်၊ အစ်မ ကလေးလဲ အစာချို့တဲ့ရောဂါဖြစ်တာလားဟင်"

ငြိမ်း ခေါင်းညိမ့်ပြလိုက်တယ်။ ဟို မိန်းကလေးက သူ့ကလေးကို လှုပ်ယမ်းချော့ရာက ငြိမ်းသမီးကို လှမ်းကြည့်ပြီး....

"ဟင်... အစ်မ သမီးကလဲ ဘာမှ သိပ်မဖြစ်သလိုပါပဲ၊ ကျွန်မသားနဲ့များ ယှဉ်ကြည့်စမ်းပါဦး၊ အစ်မ သမီးက ပိန်တာလေးပဲရှိတယ်၊ ဒီလောက်ပိန်တာလောက်ကတော့ ကျွန်မအိမ်က သမီးကြီးလဲ ပိန်တာပဲ"

"ဟင်... အဲလိုဆို အဲဒီကလေးလဲ ရောဂါဖြစ်ချင် ဖြစ်နေမှာပေါ့၊ ဆေးရုံကို ဘာလို့ မခေါ်ခဲ့လဲ"

"မခေါ်နိုင်ပါဘူး အစ်မရယ်၊ ဒီကလေးတောင် မတတ်သာလွန်းလို့၊ ခု ဆေးရုံတက်ရတာတောင် ချီတုံ ချတုံရယ်၊ အိမ်မှာ ကလေးအငယ်လေးက ရှိသေးတယ်၊ ဒါက အလတ်၊ ကျွန်မက စိတ်မထင်ရင် နက်ဖြန်ပြန်ဆင်းမှာ"

"အို... ဘယ်ဖြစ်မလဲ၊ ကလေးက သိပ်အခြေအနေ ဆိုးနေတဲ့ဟာ၊ ငြိမ်းတောင် ငါးရက်ရှိနေပြီ"

"ဟင်... ငါးရက်၊ ငါးရက်တောင် အစ်မကလေး မဆင်းရသေးဘူး၊ အံမလေး..... မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလိုဆိုရင်တော့ ကျွန်မကလေးကို တစ်လလောက် ထားလိမ့်မယ်ထင်တယ်။ တစ်လမပြောနဲ့၊ ဒီမှာ မချိုသန်း ဆယ်ရက်နေရင် အိမ်မှာ သုံးလောင်းပြိုင်ချရလိမ့်မယ်"

"အို.... ဘာတွေ လျှောက်ပြောနေတာလဲ.... ညီမရယ်၊ မပြောကောင်း မဆိုကောင်းတွေ"

ငြိမ်းပြောတာကို လုံးဝ ဂရုမစိုက်ဘဲ "စိတ်ညစ်လိုက်တာ" ဆိုပြီး သူ့ဆံပင်တွေထဲ လက်ထိုးကုတ်နေတဲ့ ချိုသန်းဆိုတဲ့ မိန်းကလေးကို ငြိမ်း တအံ့တသြကြည့်နေမိတယ်။ ဘယ်လို မိန်းကလေးလဲကွယ်၊ သူ့မှာ မိဘမေတ္တာတွေ မရှိတော့ဘူးလား။

ငြိမ်းတို့မှာတော့ ထားလိုက်ရတဲ့ မိဘမေတ္တာ သမီးလေးကို သဲသဲလှုပ်ချစ်လိုက်ရတာ၊ ပတ်ဝန်းကျင်ကတောင် အမြင်ကပ်လာရတဲ့ထိ။ ဒါပေမယ့် ငြိမ်းလိုမချစ်တဲ့ မချိုသန်းကလေးလဲ အာဟာရချို့တဲ့ ရောဂါ ဖြစ်နေတာပဲ၊ ငြိမ်းရဲ့ မိဘမေတ္တာက ငြိမ်းသမီးလေးဖြစ်တဲ့ အာဟာရချို့တဲ့ရောဂါကို မကာကွယ်နိုင်ဘူုးလား။

"ရော့.... ရော့.... ကလေးအမေ..... ခေါင်းအုံးနဲ့ စောင်၊ ကလေးကို ချသိပ်ထား၊ ခဏနေရင် ဆေးလာထိုးပေးလိမ့်မယ်"

ခုနက ဆရာမပြန်ဝင်လာပြီး မချိုသန်း ခုတင်ပေါ်ကို ဆေးရုံစောင်နဲ့ ခေါင်းအုံးသေးသေတစ်ခုချပေးတယ်၊ ခုတင်ခြေရင်းမှာ လူနာရောဂါနဲ့ အခြေအနေပြ မှတ်တမ်းကတ်ပြားကို ချိတ်တယ်။

"ဆရာမ၊ ကျွန်မကလေး သန်ဘက်ခါလောက်ဆို ဆင်းလို့ရလားဟင်"

ကောက်ခါ ငင်ခါ မေးလိုက်တဲ့ မချိုသန်းကို ဆရာမက တအံ့တသြ ကြည့်တယ်။

"သန်ဘက်ခါ.... ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ ကလေးအမေရယ်၊ သန်ဘက်ခါဆို ဝေးတာပေါ့၊ မနက်ဖြန်လောက် မဆင်းချင်ဘူးလား"

"ဆင်းချင်တာပေါ့၊ ကျွန်မကတော့.... ဒါပေမယ့် ကလေးက မပျောက်ရင် အခက်"

"သြော်.... ဒုက္ခပဲ၊ ပြောလေ ကဲလေ ပါလား၊ ဒီမှာ... ရှင့်ကလေး ဒီမှာ အနည်းဆုံး ဆယ့်ငါးရက်နေရမယ်၊ တစ်လလဲ ဖြစ်နိုင်တယ်၊ ရှင့်ကလေး အခြေအနေ ရှင်မြင်ရဲ့သားနဲ့ ကလေးအမေရယ် ပြဿနာပဲ"

ဆရာမက ဗျစ်တောက် ဗျစ်တောက် ပြောရင်း အခန်း အပြင်ဘက် ပြန်ထွက်သွားတာနဲ့ မချိုသန်းက ကလေးကို ခေါင်းအုံးပေါ်မှာ ချသိပ်၊ သူက စောင်လေးခုပြီး အုန်းဆံ မွေ့ရာပေါ် လှဲချလိုက်တယ်။

"အံမလေး... ဒီလိုဆိုတော့လဲ ဇိမ်ရှိသား၊ ဒီလို မွေ့ရာမျိုးနဲ့ တစ်ခါမှ မအိပ်ဖူးဘူး၊ ဆေးရုံတက်မှပဲ အိပ်ဖူးတော့တယ်။ ထမင်း အချိန်တန် လာပို့မယ့် လူနဲ့ ဘာနဲ့၊ အိမ်မှာလဲ နောက်ကြောင်းအေးတယ်ဆိုရင်ကတော့ ချိုသန်းတို့ ဆေးရုံကို တစ်လ ကိုးသီတင်း တက်နေချင်ပါ့ အစ်မရယ်"

ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မချိုသန်းဆိုတဲ့ မိန်းကလေးကို ငြိမ်း သနားရပြန်တယ်။ သူ့ကြည့်ရတာ တကယ့်ကို ခြေပစ်လက်ပစ် နားချလိုက်တဲ့ပုံ၊ မျက်လုံးလေးတွေတောင် မှိတ်လို့၊ တကယ်တော့ ကလေးတင် မဟုတ်ဘူး၊ သူလဲ အားနည်းနေတာပဲ၊ အာဟာရချို့တဲ့ နေတာပဲ၊ အားဆေးတွေ ဘာတွေ သောက်သင့်တယ်။

သြော်... သူများတော့ ပြောနေလိုက်တာ ငြိမ်းလဲ ပိန်သာ ပိန်တယ်၊ ဘယ်တော့မှ အားဆေးမသောက်ဘူး၊ နှမြောလို့။ ငြိမ်းကို မောင် အမြဲတမ်း ပြောလေ့ရှိတယ်၊ "ကျန်းမာရေး အကြောင်းတို့ ဆေးအကြောင်းတို့ဖြင့် သူ့လောက် လိုက်စားတာမရှိဘူး၊ သူ့ဖြင့် ပိန်လို့" တဲ့။

ပိန်ပါစေမောင်ရယ်၊ ငြိမ်း မောင်နဲ့ သမီးအတွက် ချွေတာတာပါ၊ နှမြောတာပါ။ ဒါပေမယ့် မောင်ရယ်၊ ငြိမ်း ဘယ်လောက် ချွေတာပေမယ့် နှမြောပေမယ့် သမီးလေးမှာ ဒီရောဂါက လာဖြစ်ရသေးတယ်၊ ငြိမ်း သိပ်ဝမ်းနည်းတာပဲ၊ ရှက်လဲ ရှက်တယ်။

အာဟာရချို့တဲ့ရောဂါဟာ အစာမစားရလို့ မစားနိုင်လို့ ဖြစ်တာမောင်ရဲ့သိလား၊ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအသောက်ကို စနစ်တကျ မကျွေးနိုင်လို့ ဖြစ်ရတာ။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ဆိုတာ ဆန်တို့၊ ဂျုံတို့၊ ပြောင်းတို့၊ လူးတို့၊ ဆပ်တို့၊ အာလူး၊ ကန်စွန်းဥတို့၊ ထန်းလျက်၊ သကြားတို့ ဒါတွေက ကာဘို ဟိုက်ဒရိတ်တွေ။ ကဆီဓာတ်ပါတဲ့ အစားအစာတွေပေါ့တဲ့။

နောက်ပြီး ဆီအမျိုးမျိုး၊ အမဲဆီတို့၊ ၀က်ဆီတို့၊ ထောပတ်တို့၊ နှမ်းဆီ၊ ပဲဆီ အစုံပေါ့။ အဆီဓာတ်ပါတဲ့ဟာတွေ ။ ပြီးတော့ အသားဓာတ်၊ တိရ စ္ဆာန် အသားမျိုးစုံ၊ ဥ၊ နို့၊ ငါး၊ ပုစွန် အမျိုးမျိုး၊ ဒါက ပရိုတင်းဓာတ်၊ နောက်တစ်ခါ ဗီတာမင် သက်စောင့်ဓာတ်ဆိုတာ ရှိသေးတယ်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး စသဖြင့်ပေါ့။

နောက်ပြီးတော့ သတ္တုဓာတ်တွေ၊ ထုံးဓာတ်၊ သံဓာတ်တို့၊ ရေကလဲ အာဟာရဓာတ်ထဲမှာ ပါတာပဲ။ အဲဒီ အထဲမှာ အရေးကြီးတဲ့ အာဟာရအုပ်စုသုံးမျိုးက ပရိုတင်းရယ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဖက်ရယ်။ ဘက်ဂျီးတေးဘဲလ်ရယ်၊ ပရိုတင်းက ခန္ဒာကိုယ်ကို ကြီးထွားစေတယ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဖက်က အင်အားဖြစ်စေတယ်၊ ဘက်ဂျီးတေးဘဲလ် ဟင်းသီးဟင်းရွက် သီးနှံတွေက ရောဂါကို ကာကွယ်စေတယ်။

"ဆေးပညာလေးနဲ့ ဆရာလုပ်တော့မယ်ဟေ့" လို့တော့ မပြောနဲ့မောင်၊ ငြိမ်းဘာသာ ၀ါသနာပါလို့ လေ့လာထားတာကို မောင်အမြဲနောက်တယ်၊ ငြိမ်း ကုသိုလ်ကံ အကြောင်းမလှတာကြောင့် ဆယ်တန်းမအောင်ရလို့ပါ။ နို့မို့သာဖြင့် ဆယ်တန်းအောင်ရင် ငြိမ်း သူနာပြုဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ဖြစ်အောင် ကြိုးစားမှာ သိလား။

မောင်က ဘွဲ့လေးတစ်လုံးပိုင်တာနဲ့ ငြိမ်းကို သိပ်နှိမ်ချင်တာပဲ။ ဒါပေမယ့် မောင်ရယ်၊ မောငပြောသလို "ငြိမ်းရယ်၊ ငြိမ်း ဒါတွေကို သိတာကတော့ ဟုတ်ပါပြီ၊ လက်တွေ့မှာ ငြိမ်း အသုံးချနိုင်လို့လား" ဆိုတာလေ။ အဲဒါကိုတော့ ငြိမ်း ၀မ်းအနည်းဆုံးပဲမောင်။ မောင့်အတွက်၊ ငြိမ်းအတွက် အသုံးမကျရင် နေပါ။ သမီးလေးအတွက် ငြိမ်း အသုံးမချ နိုင်တာကိုတော့ ငြိမ်းကိုငြိမ်း အမုန်းဆုံးပဲ မောင်ရယ်။

ငြိမ်းဘာလို့ အသုံးမချနိုင်ရတာလဲဟင်၊ သမီးလေးကို ဘာလို့ ဒီရောဂါ ဖြစ်စေရတာလဲ။

"မောင်တို့မှာ ပိုက်ဆံမရှိလို့ပေါ့ ငြိမ်းရယ်" ဆိုတဲ့ ပြတ်သားတဲ့ မောင့်အဖြေကိုလဲ ငြိမ်း မကြားချင်ဘူး၊ တွေးလဲ မတွေးချင်ဘူး၊ မဲလ်နျူထရေးရှင်း... အာဟာရချို့တဲ့ခြင်းဆိုတဲ့ စကားရပ်ဟာ ငြိမ်းအဖို့တော့ အမုန်းဆုံး စကားရပ်ဘဲမောင်။

ငြိမ်း.... ငြိမ်း... သမီးလေးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မောင်အသိဆုံးပါနော်... မောင်၊ ဖအေလုပ်တဲ့ မောင်ကတောင် " ငြိမ်းက တကယ်လွန်တယ်ကွာလို့ ပြောယူရတဲ့ အထိ၊ ကလေးရူးမ " လို့ ပြောယူရတဲ့အထိ။

ငြိမ်း ယုယပေမပေါ့မောင်၊ ငြိမ်းမှာက တစ်ကောင်ကြွက်လေမောင်ရဲ့၊ မောင့်လို ခင်တွယ်စရာ ညီအစ်ကို မောင်နှမ ရှိတာ မဟုတ်ဘူး၊ ငြိမ်းတစ်ယောက်ကို မွေးပြီး ဖေဖေနဲ့ မေမေက လူလောကကြီးကနေ အပြီး ထွက်ခွာသွားကြတယ်။

ဘိုးအေ၊ ဘွားအေ လက်ပေါ်မှာ ကြီးပြင်းပြီး ဘိုးအေ ဘွားအေကို အားကိုးပြီး နေပြန်တော့လဲ  ငြိမ်းဆယ်တန်းသင်နေတုန်းမှာပဲ အဘိုးနဲ့ အဘွားက ငြိမ်းကို ရှေ့ဆင့် နောက်ဆင့် ပစ်သွားကြတယ်လေ။ အဲဒီတုန်းက ငြိမ်းမှာ ရည်းစားလုပ်တဲ့မောင်ကလွဲရင် အားကိုး တွယ်တာစရာ ဘယ်သူမှ မရှိခဲ့ဘူးနော်။

ဦးလေ၊ အဒေါ်တွေကလဲ ငြိမ်းအပေါ် ကောင်းကြတာမဟုတ်။ ဒါကြောင့်လဲ မောင့်နောက်ကို မြန်မြန်လိုက်ဖြစ်ခဲ့တာပေါ့။

မောင်မှတ်မိလား၊ ဦးလေး အဒေါ်တွေနဲ့ စကားများပြီး မောင်ရှိတဲ့ ရန်ကုန်ကို ပြည်ကနေ ငြိမ်း တစ်ယောက်တည်း လိုက်ချလာပြီး မောင့်ကို ရှာတဲ့ နေ့လေ။ မောင်က အဲဒီနှစ်က နောက်ဆုံးနှစ် အင်းဝဆောင်မှာလေ။

ရန်ကုန်ကို အဘိုးအဘွား မဆုံးခင်က ဘုရားဖူးရင်း ရောက်ခဲ့ဖူးပေမယ့် တက္ကသိုလ်ထဲကိုတော့ ငြိမ်း မရောက်ခဲ့ရဘူး။ အပြင်ကနေ ကြည့်ပြီးတော့ တစ်နေ့ကျ မောင်နဲ့အတူ ကျောင်းတက်မယ်လို့ ကြုံးဝါးခဲ့ဖူးတာ၊ တကယ်တန်းကျ ဘယ်မှာ တက်ရလို့လဲ။

ငြိမ်းက သိပ်ညံ့တာပဲ၊ မောင်နဲ့ ငြိမ်း သူငယ်တန်းထဲက အတူတူ အောင်ခဲ့ကြတာ၊ ရှစ်တန်းကျ ငြိမ်းက ကျရော၊ မောင်က ကိုးတန်း ရောက်သွားရော၊ နောက်နှစ် ငြိမ်းအောင်ပြန်တော့ မောင်က ဆယ်တန်း၊ ငြိမ်းက ကိုးတန်း။ ငြိမ်း ဆယ်တန်းရောက်တဲ့နှစ်မှာ နှစ်ချင်းပေါက်အောင်တဲ့မောင်က တက္ကသိုလ်ရောက်သွားပြီး ဆယ်တန်းကို ငြိမ်းက သုံးခါဖြေတာတောင် မအောင်ဘူး။ မောင်သာ နောက်ဆုံးနှစ်ရောက်ရော၊ ငြိမ်း ဆယ်တန်း မအောင်ဘူး။

ဒါကြောင့်မိုလဲ ငြိမ်းကို မောင့်မိဘတွေက သဘောမတူကြတာနေမှာနော်၊ ငြိမ်းက ဥတစ်လုံး တစ်ကောင်ကြွက်၊ အဘိုး အဘွားအိမ်မှာ ကပ်ပြီး နေရတာ၊ ငြိမ်းမှာ အိမ်လဲ မရှိဘူး။ ပစ္စည်း ဥစ္စာလဲ မရှိဘူး၊ ပညာလဲ မရှိဘူး၊ (မောင်ကသာ ချစ်နေသူမို့ လှတယ်ပြောတာ ) တကယ်တော့ ငြိမ်းမှာ ရုပ်ရည်လဲ မရှိပါဘူး၊ မောင့်မေမေ ပြောသလို ဖြူဖပ် ဖြူရော် ပိန်တိ ပိန်ညှော်နဲ့ ပိုးဟပ်ဖြူမလေးပါ။ ဒါပေမယ့် မောင်ကတော့ ငြိမ်းကို တကယ့်ကို သံယောဇဉ် ကြီးခဲ့တာပါနော်။

ငြိမ်းလေ မောင့်ဆီကို လိုက်လာတုန်းက ဦးလေးတွေ အဒေါ်တွေကို စိတ်ဆိုးလွန်းလို့သာ ရင်တော့ထိတ်သားမောင်ရဲ့၊ ဦးလေးနဲ့ ဦးလေး မိန်းမကရော အဒေါ်ကရော ငြိမ်းကို နှင်ချတယ်လေ။

ငြိမ်းအပြစ်က ဘာလဲဆိုတော့ ဦးလေးသမီးနဲ့ ငြိမ်းနဲ့ ရန်ဖြစ်စကားများပြီး ငြိမ်းကို သူက ဆံပင် ဆွဲတာနဲ့ ငြိမ်း တွန်းပစ်လိုက်တာ အားလွန်ပြီး လှေကားပေါ်က လိမ့်ကျသွားရော။ လှေကားက အောက်ထပ် လှေကား သုံးထစ်ထဲပါ၊ ဘာမှလဲ မဖြစ်သွားပါဘူး။

ဒါပေမယ့် သူ့အမေက ငြိမ်းကို ပြောလိုက်တာ ရစရာ မရှိဘူး၊ ဦးလေးကရော အဒေါ်ကရော ငြိမ်းကိုပဲ ၀ိုင်းဆူကြတယ်လေ၊ ငြိမ်းသိပါတယ်၊ ငြိမ်းက အဘိုး အဘွားရဲ့ အသည်းကျော်ဆိုတော့ အဘိုးအဘွားမရှိတော့တာနဲ့ ငြိမ်းကို ၀ိုင်းနိုင်ကြတော့မယ်ဆိုတာ။ ငြိမ်းကို တစ်နေ့ ဒီအိမ်ကနေ ကန်ထုတ်မယ်ဆိုတာ။

ငြိမ်း ဆုံးဖြတ်လိုက်တယ်။ ငြိမ်းကို သူတို့က နှင်ချနေပြီပဲ၊ ငြိမ်းက ဘာလို့ နေရမှာလဲ၊ ငြိမ်းမှာ အားကိုးစရာ မောင်ရှိတာပဲ၊ငြိမ်း မောင့်နောက်ကို လိုက်တော့မယ်။

မောင်ကတော့ ငြိမ်းကို ဘာအပြစ်မှ ပြောမှာ မဟုတ်ဘူးဆိုတာ သိပေမယ့် မောင့်အမေကတော့ ငြိမ်းကို သိပ်မုန်း သိပ်စိတ်နာမှာဆိုတာ ငြိမ်း တွေးမိပါတယ်။ သူ့သား ကျောင်းမပြီး သေးဘဲနဲ့ ငြိမ်းက ခိုးယူ ပေါင်းသင်းလို့လေ။

ရန်ကုန်ကိုအလာ ရထားပေါ်မှာတုန်းက ငြိမ်း တစ်မျိုးတွေးသေးတယ်။ မောင်က ကျောင်းမပြီးသေးတော့ ငြိမ်းကို လက်ထက်လိုက်ရင် မောင် အလုပ်မရှိဘဲနဲ့ ဘယ့်နဲ့လုပ်မလဲလို့။ မောင့်ဆီကို မသွားဘဲ ငြိမ်း တစ်နေရာရာကို သွားရကောင်းမလားလို့ စဉ်းစားမိသေးတယ်။

ဒါပေမယ့် မောင်ရယ် ရန်ကုန်ဘူတာကို ရထားဆိုက်လို့ ဘူတာထဲ ဆင်းလိုက်တာနဲ့ ငြိမ်း သတ္တိတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အားငယ်လိုက်တာ အရမ်းပဲ။ ကြောက်လိုက်တာလဲ အရမ်းပဲ။ ငြိမ်းဘာမှ စဉ်းစားမနေတော့ဘူး။ သဘောကောင်းပုံရတဲ့ ကားမောင်းသမား လူခပ်ကြီးကြီး တစ်ယောက်ရဲ့ကားကို ငှားပြီး "တက္ကသိုလ်ကို ပို့" လို့ ခပ်တည်တည် ပြောလိုက်တော့တာပဲ။ ဈေးလဲ မဆစ်ရဲဘူး။ ငြိမ်းမှာ စုထားတဲ့ ပိုက်ဆံရယ်၊ အဘွားဆုံးတော့ ခေါင်းအုံးအောက်က ရတဲ့ ပိုက်ဆံတွေရယ် ငွေ ရှစ်ရာလောက် ပါတယ်လေ။

ကားသမားကြီးက အရေးထဲ "ဘယ်တက္ကသိုလ်လဲ... လှိုင်လား၊ ကြည့်မြင်တိုင်လား၊ ဗိုလ်တထောင်လား၊ ရာဇူးလား" တဲ့။

ဟုတ်သားဘဲ ငြိမ်း ရှက်လိုက်တာ၊ ငြိမ်းကို တက္ကသိုလ်ကျောင်းသူ မဟုတ်မှန်း သိသွားတာပေါ့။ ခပ်ရှက်ရှက်နဲ့ "ရာဇူး" လို့ ပြောလိုက်ရတယ်။

ကားပေါ်မှာလဲ တောသူမ ငြိမ်း ဟိုကြည့် သည်ကြည့်နဲ့ ကြောက်နေတာပဲ၊ ကျောင်းရှေ့ရောက်လို့ ကားဆရာကြီးက "ဘယ်အဆောင် ပို့ရမလဲ" မေးပြန်တော့လဲ မပြောရဲပြန်ဘူး။ ငြိမ်းသွားမယ့် အဆောင်က ယောက်ျားလေးဆောင်ဆိုတော့ ပြောရမှာ ပြဿနာ၊ ကားဆရာကြီးကို ကျောင်းရှေ့မှာပဲ ရပ်ခိုင်းလိုက်ရတယ်။

မောင်ရယ်၊ ငြိမ်းလေ... လက်ဆွဲအိတ်လေး တစ်လုံးနဲ့ ကျောင်းရှေ့မှာ အကြာကြီးရယ်၊ အင်းဝဆောင် ဘယ်နားမှာလဲလို့ ဘယ်သူ့ကို မေးရမှန်းလဲ မသိဘူး။ ငြိမ်း ရပ်နေတာ အဓိပတိလမ်းထိပ်က ကျောင်းတံခါးကြီးနားမှာလေ။

ငြိမ်းလေ ဆုတောင်းလိုက်ရတာ အရမ်းပဲ။ ဒီနား တစ်ဝိုက်ကို မောင်ဖြတ်လာပါစေ၊ မောင် ရောက်လာပါစေ၊ ငြိမ်းကို မြင်ပါစေဆိုပြီး လူတွေကို လိုက်ကြည့်ရတာလဲ မောနေတာပဲ။ အမလေး.... နောက် တစ်နာရီလောက်ကျမှ ငြိမ်း ဆုတောင်းပြည့်တော့တာ။

ငြိမ်း ကုသိုလ်ကံ သိပ်ကောင်းတာပဲ၊ အဲဒီ ခဏလေးကို ခုပြန်တွေးရင် ခုပျော်သေးတယ်။ မောင်က ငြိမ်း မျက်ခြေမပျက်ကြည့်နေတဲ့ ကျောင်းဝင်းထဲက မလာဘူး၊ ကားလမ်း ဟိုဘက်ကနေ ဖြတ်ကူလာတာနော်၊ ငြိမ်းက လှမ်းမြင်တာပါ။ ငြိမ်းက ကျောင်းဝင်းထဲ လိုက်ကြည့်ရတာ စိတ်ပျက်ပြီး ဒီဘက်ကားလမ်းကို လှမ်း အကြည့် ဘတ်စ်ကား တစ်စီးပေါ်က မောင် ဆင်းလာတာ။

ငြိမ်းလေ.... ပထမ လူတွေ ကြားမှာ ရောနေတဲ့ မောင့်ကို ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ကြောင်ကြည့်နေမိသေးတာ။ မောင်လမ်းကို ဖြတ်ကူးမှ မောင်ဝတ်ထားတဲ့ ( ငြိမ်း မုန့်ဖိုးစုပြီး လက်ဆောင်ပေးထားတဲ့) ကချင် လုံချည် အပြာကွက်လေးကို မြင်တော့မှ အားရ၀မ်းသာနဲ့ မောင်... မောင် လို့ တအားအော်ခေါ်တော့တာ။ ငြိမ်း ဘယ်သူ့မှလဲ ရှက်မနေနိုင်တော့ဘူး၊ မောင့်ဆီကို ပြေးတာ လုံးနေတာပဲ။

မောင်က.... "ဟာ... ငြိမ်း"  ဆိုပြီး အံ့အားတွေ သင့်လို့။ ငြိမ်းကတော့ ပွဲခင်းထဲ အမေပျောက်တဲ့ ကလေး အမေနဲ့ ပြန်တွေ့သလိုမျိုးပဲ မောင့်လက်ကိုဆုပ်ပြီး လမ်းမကြီးမှာ ငိုရော။

နောက်.... မောင်ပြန်ပြောမှ ငြိမ်း ရှက်ရကောင်းမှန်း သိတယ်။

"လူတွေက မောင်တို့ကို ၀ိုင်းကြည့်နေတာ၊ ငြိမ်းပုံစံက လင်နောက်လိုက်တဲ့ ပုံစံ မဟုတ်ဘူး။ ပစ်ပြေးသွားတဲ့ ယောက်ျား၊ အမိလိုက်ဖမ်းတဲ့ ပုံမျိုး" တဲ့။

ရှက်နေတဲ့ မောင့်မျက်နှာကြီး ကြည့်ပြီး ငြိမ်း ရယ်လိုက်ရတာ၊ သြော်... အဲဒီတုန်းက မောင့်ခမျာ ငြိမ်းအတွက် တော်တော် ဒုက္ခရောက်ရှာပါတယ်။ ငြိမ်း စိတ်လိုက်မာန်ပါ ဆုံးဖြတ်သမျှ မောင်ဒုက္ခ ရောက်တော့တာပဲ။

ဆက်ရန်.......

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၂

0 comments

အပိုင်း (၂)

ရှင့်သားလေးကို ရှင်မသနားဘူးလားဟင် တဲ့။
ရှင့်သားလေး တစ်ခုခု ဖြစ်သွားမှာ ရှင် မစိုးရိမ် ဘူးလားဟင် တဲ့။

ဆရာမရယ်၊ ချိုသန်းရဲ့ သားသမီးသုံးယောက်ကို ချိုသန်းမှာ သနားစိတ်တွေ ကုန်ခမ်းသွားတဲ့ အထိ သနားခဲ့ရပြီးပါပြီ။ မျက်ရည်တွေ ကုန်ခန်းသွားတဲ့ အထိ သနားခဲ့ရပြီးပါပြီ။ ချိုသန်းလေ ကိုယ့်ကလေးတွေကို သေချာ စေ့စေ့ မကြည့်မိတာ ကြာပြီဆိုရင် ဆရာမ ယုံမလားဟင်။

ချိုသန်းမှာ သနားကြင်နာစိတ်တွေ ပျော်ရွှင် ကြည်နူးမှုတွေ ဘာမှ မရှိတော့ သလိုပဲ ဆရာမ။ မျက်ရည်တွေလဲ ကျရလွန်းလို့ ခန်းကုန်ပြီ ထင်ပါရဲ့။ အခု ချိုသန်းရင်ထဲမှာ ဘာတွေပဲ ရှိတော့တယ် ထင်လဲ ဆရာမ။ ဆာတာရယ်၊ ဒေါသဖြစ်တာရယ်၊ အလိုမကျတာရယ်၊ မကျေနပ်တာရယ်။

ဆရာမ ချိုသန်းကို ပြောချင်တာ ပြောပါ၊ ချိုသန်းခံပါ့မယ်၊ ဆရာမက ချိုသန်းသားအတွက် စေတနာနဲ့ ပြောနေတာပဲ၊ ချိုသန်း စိတ်မဆိုးပါဘူး ဆရာမ။ ဆရာမက ချိုသန်းကို ဆူတယ်နော်၊ နေ့တိုင်းလာပါဆိုရဲ့သားနဲ့ အရက်၂၀ကျော် ပျောက်နေရကောင်းလားတဲ့၊ ဒီအရက် ၂၀ကျော်မှာ ဘာတွေ လုပ်နေလဲတဲ့၊ ချိုသန်း ဘာတွေမှ မလုပ်ပါဘူး ဆရာမ။

ချိုသန်းလို ကောင်မမှာ လုပ်စရာ ထူးထူးထွေထွေ များများစားစားလဲ မရှိပါဘူး။ ချိုသန်းမှာ လုပ်စရာ တစ်ခုတည်းပဲ ရှိပါတယ်။ နေ့စဉ် နေ့တိုင်း ထမင်းရှာရတဲ့ အလုပ်လေ ဆရာမရဲ့။ ချိုသန်း ကလေးသုံးယောက်နဲ့ ချိုသန်းယောက်ျားအတွက် စားစရာရှာရတဲ့ အလုပ်ကို ချိုသန်းပဲ ဒိုင်ခံလုပ်ရတာ ဆရာမရဲ့။

အင်း.... တစ်ခုတော့ ရှိပါတယ် ဆရာမရယ်။ ချိုသန်း စားစရာ ရှာတယ်ဆိုပေမယ့် ချိုသန်း ယောက်ျားအတွက်ကတော့ မပါပါဘူး။ သူ့ကို သောက်စရာပဲ ချိုသန်းက ရှာပေးရတာပါ။ သောက်စရာဆိုလို့ တလွဲမထင်ပါနဲ့ဦးနော်၊ အရက်မဟုတ်ပါဘူး။ သောက်စရာဆိုတာ နွားနို့တို့ ကော်ဖီတို့ လက်ဖက်ရည်တို့ကို ပြောတာပါ။

ချိုသန်းယောက်ျားက အစာအိမ်မှာ ဘာဖြစ်တယ်ဆိုလား၊ အဲ... အဲဒီ အစာအိမ်ရောဂါနဲ့ အစားမစားနိုင်တာ ကြာပြီလေ။ အရည်ပဲ သောက်နိုင်တော့တာ။

ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ချိုသန်းမလဲ သူ့ကို ယောက်ျားတစ်ယောက်ရယ်လို့ ပြုပြုစုစု ပွေ့ပွေ့ပိုက်ပိုက် မနေနိုင်ပါဘူး ဆရာမရယ်။ သူဆာရင် ချိုသန်း ရေထမ်းတဲ့ဆီ ရောက်လာတာပဲ။ ဗိုက်ကလေးနှိပ်၊ မျက်နှာလေး ရှူံ့မဲ့မဲ့နဲ့ ' ချိုသန်း၊ ငါ့ကို နွားနို့ဝယ်တိုက်စမ်းဟာ' ဒါမှ မဟုတ်၊ ' ကော်ဖီ ၀ယ်တိုက်စမ်းဟာ ' လို့ လာပြောတာပဲ။

ချိုသန်းကလဲ ခဏနေဦး၊ ရေသွားပို့ဦးမယ်၊ ပြန်လာမှ သောက် ဆိုပြီး ရေပို့ပြန်လာတော့ ၀ယ်တိုက်လိုက်တာပဲ၊ သူကလဲ အပိုတွေ ပြောမနေဘူး။ ကိုယ်လိုရာ ကိုယ်ပြောတယ်။ ချိုသန်းကလဲ ဘာ အပိုတွေမှ ပြောမနေ မေးမနေပါဘူး။ သဘောပေါက်ပဲ။ အပိုတွေ ပြောနေဖို့ထက် နပ်မှန်ဖို့က ပိုအရေးကြီးတယ်လေ။ ချိုသန်းတို့ ဘ၀က အပိုတွေလုပ်ဖို့၊ အပိုတွေ ပြောဖို့ ခွင့်မပြုဘူး ဆရာမရဲ့။

ဆရာမပြောတဲ့ အာဟာရတို့ ဘာတို့ညာတို့ ဆိုတာတွေဟာ ချိုသန်းတို့အတွက်တော့ အပိုအလုပ်တွေပါပဲ ဆရာမရယ်။ ဆရာမကတော့ ဒေါသဖြစ်မှာပဲ။ စိတ်ဆိုးမှာပဲနော်။ ဘုရားစူးရပါစေရဲ့၊ ချိုသန်း ဆရာမ ပြောတာတွေကို နားလဲမလည်ဘူး။ ချိုသန်းမှာ ပညာအခြေခံလဲ မရှိဘူး ဆရာမရဲ့၊ သုံးတန်းပဲ အောင်တာ။

ချိုသန်း တစ်ခုတော့ သိတယ်။ ချိုသန်း သား အစာချို့တဲ့ ရောဂါ ဖြစ်နေတယ်။ ပျောက်စေချင်ရင် သားကို အစားအသောက်တွေ များများကျွေးရမယ်၊ မှန်မှန်ကျွေးရမယ်၊ မှန်မှန်တဲ့ မှန်မှန်၊ အသားတဲ့၊ ငါးတဲ့၊ ကြက်ဥတဲ့ နွားနို့တဲ့၊ အသီးအနှံတဲ့၊ ဆရာမရယ်၊ ဒါတွေကို မပြောခင်ကသာ ချိုသန်းတို့ဘ၀ကိုသိရင် ဆရာမ ပြောမှာ မဟုတ်ပါဘူး၊ ချိုသန်း သိပါတယ်။

ချိုသန်းမှာ အဖေလဲ ရှိတယ်၊ အမေလဲ ရှိတယ်၊ ညီအစ်ကို မောင်နှမလဲ ရှိတယ်၊ ယောက်ျားရှိတယ်၊ သားသမီး ရှိတယ်၊ ချိုသန်းယောက်ျားမှာလဲ အမေ ရှိတယ်၊ ညီအစ်ကိုမောင်နှမ ရှိတယ်၊ မိန်းမရှိတယ်၊ သားသမီး ရှိတယ်။ ဒါပေမယ့် ချိုသန်းတို့ ဘ၀ဟာ ဘာဆိုးသလဲ မမေးနဲ့။

ချိုသန်းတို့မှာ ထမင်းနပ်မှန်တဲ့ ဘ၀လဲ မရှိဘူး၊ နေစရာလဲ မရှိဘူး။ ချိုသန်းတို့ လင်မယား ရကာစကတော့ မိဘတွေအိမ်မှာ တစ်လှည့်စီ နေတာပေါ့။ ချိုသန်း မိဘတွေအိမ်က ရှစ်ရပ်ကွက်၊ သူတို့မိဘတွေအိမ်က ခုနှစ်ရပ်ကွက်ဆိုတော့ ကူးချည် သန်းချည် နေလို့ ရတယ်။

ဒါပေမယ့် မိဘတွေ အိမ်ဆိုတာကလဲ ဘုရားစူး မိုးကြိုးပစ် အိမ်ဆိုမှ အိမ်တွေပါ။ သူများတကာတွေကတော့ ကျူးကျော်တဲတွေလို့ ခေါ်ကြတယ်။ အဲဒီ ကျူးကျော်တဲတွေကြားက တဲလေး တစ်တဲစီကို ချိုသန်းတို့ နှစ်ဖက်မိဘတွေ ပိုင်ဆိုင်ကြတာပေါ့။

အလုပ်ကလည်း ချိုသန်းတို့ အဖေက ဆိုက်ကား အငှားနင်းတယ်၊ အမေက ရေထမ်း အ၀တ်လျှော်တယ်၊ ချိုသန်းယောက်ျားအဖေကတော့ မရှိတော့ဘူး။ အမေမုဆိုးမကတော့ ဘာမှ အလုပ်မရှိတော့ဘူး။ သားတွေလုပ်စာ၊ သမက်တွေလုပ်စာနဲ့ ဒိုးတူပေါင်ဖက် ထိုင်စားနေတာပဲ။

ဒါပေမယ့် ချိုသန်းတို့ နှစ်ဖက်မိဘချမ်းသာတာတော့ တစ်ခုရှိတယ်၊ လူဦးရေလေ။ လူဦးရေကတော့ ပေါသလားမမေးနဲ့။ ချိုသန်းတို့က မောင်နှမ ခုနှစ်ယောက်၊ ယောက်ျားဘက်က မောင်နှမခြောက်ယောက်။

စဉ်းစားသာကြည့်တော့၊ တဲ ကျဉ်းကျဉ်းကျပ်ကျပ်လေးထဲမှာ လူဆယ့်ငါးယောက်လောက် စုပြုံအိပ်ရတာ၊ ရှိရင်းစွဲ အဖေအမေ မောင်နှမတွေ အပြင် အိမ်ထောင်ကျတဲ့ အတွဲတွေကလည်း ရှိသေးတာကိုး။

မတတ်နိုင်ဘူး၊ ဘာအခန်းမှ မဖွဲ့နိုင်ဘူး။ အိမ်ထောင်သည်တွေက တစ်ထောင့်မှာ ကပ်အိပ်၊ အဖေ အမေက အလယ်ကအိပ်၊ ပြီးတော့မှ အပျို လူပျိုတွေ အိပ်ပေါ့။

မှတ်မှတ်ရရ်ချိုသန်း အစ်ကိုတစ်ယောက်နဲ့ ချိုသန်းယောက်ျား အစ်မ တစ်ယောက် အိမ်ခွဲဆင်းသွားတုန်းကများ ချိုသန်းတို့တစ်တွေ ပျော်လိုက်ကြတာ အရမ်းပဲ။ ဟုတ်တယ်၊ လူနှစ်ယောက်စာ နေရာချောင်သွားတယ်ဆိုတာ နည်းတာမှတ်လို့။

ဒါပေမယ့် ခဏပါပဲ။ နောက်အပျို လူပျို နှစ်ယောက် ယောက်ျား မိန်းမ ယူပြန်တော့လဲ လူနှစ်ယောက်စာနေရာက ပြန်ပြည့်သွားတာပါပဲ။

ကလေးတစ်ယောက်ထိတော့ ချိုသန်းတို့ မိဘတွေအိမ်မှာ တိုးဝှေ့အိပ်နေသေးတယ်၊ များတာကတော့ ချိုသန်းမိဘတွေ အိမ်မှာ ပါပဲ။ ယောက္ခမနဲ့ ချိုသန်းနဲ့က နည်းနည်းမှ အကြော့တည့်ကြတာ မဟုတ်ဘူး။ တစ်ဦးမေတ္တာ တစ်ဦးမှာပေါ့။

ချိုသန်းကလဲ ယောက္ခမဆိုတာကို ဖြူသည် မည်းသည် မမြင်ရခင်ကတည်းက အလိုလို မုန်းပြီးသား၊ မေတ္တာပျက်ပြီးသားပဲ အေးရော။ ချိုသန်းနဲ့တင် မဟုတ်ပါဘူး၊ အဲဒီ အသက်ကြီးပြီး အချိန်မစီးတဲ့ မိန်းမကြီးနဲ့ တခြားချွေးမ၊ သမက်တွေနဲ့လဲ မျက်နှာကြောမတည့်ပါဘူး။

ဒါပေမယ့် သူ့တိုက်ကြီးမှာ မှီခို ကပ်ရပ်နေကြရတော့ နည်းနည်းတော့ သည်းခံကြတာပေါ့လေ။ ချိုသန်းကတော့ မရဘူး။ နည်းနည်းမှ သည်းညည်း မခံဘူးမှတ်၊ သူ့အိမ်မှာ အိပ်ကြရင်း အိပ်ရာထဲမှာ ကျပ်တယ် မွန်းတယ်လို့ လက်မခံချင်လဲ ခံနေရတယ်၊ အညွှန့်တုံးတွေ၊ အစတုံးတွေဆိုပြီး ပွစိပွစိလုပ်တာနဲ့ ၀ုန်းဆိုထပြီး အမေ့အိမ် ချိုသန်းပြန်တာပဲ။ ဘယ်နှစ်နာရီဖြစ်နေနေ၊ ပြန်တာပဲ။ ယောက်ျားလိုက်ချင်လိုက်ခဲ့ မလိုက်ချင်နေ။

ဒီလိုနဲ့ ကလေးတစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က သုံးယောက် ဖြစ်လာတော့ အမေ့အိမ်မှာရော၊ ယောက္ခမအိမ်မှာရော လူငါးယောက်စာနေရာက မဆန့်တော့ဘူး။ တခြားမောင်နှမတွေက ပေါက်ဖွားတာလဲ ရှိသေးတော့ တဲက ဘယ်လိုမှ လူမဆန့်တော့ဘူး။

ဒီတော့ ဘယ်လိုလုပ်ရသလဲဆိုတော့ ချိုသန်းတို့ မိသားစု ခွဲအိပ်ရတာပေါ့။ သမီးကြီးနဲ့ သူ့အဖေနဲ့က ယောက္ခမဆီမှာအိပ်၊ ချိုသန်းနဲ့ ကလေးအငယ်နှစ်ယောက်က အမေ့အိမ်မှာ အိပ်ရတယ်။
 အိပ်စရာနေရာကျယ်အောင် နို့စို့ကလေးငယ်တွေကို ထုပ်တန်းကနေဆွဲထားတဲ့ စောင်ပုခက်၊ ပုဆိုးပုခက်လေးတွေထဲမှာ ထည့်သိပ်တယ်။ အဲဒီ ပုခက်တွေအောက်မှာ လူကြီးတွေ အိပ်ပေါ့။

နွေရာသီ သိပ်အိုက်တဲ့အခါမျိုး၊ ကိုယ့်မိသားစု အတူတူအိပ်ချင်တဲ့ အခါမျိုးကျရင် ချိုသန်းတို့ ပိတ်ထားတဲ့ ဈေးဆိုင်ခန်းရှေ့ဖြစ်ဖြစ်၊ ဆောက်လက်စ ဓမ္မာရုံထဲမှာ ဖြစ်ဖြစ် ထွက်အိပ်လိုက်တာပေါ့။

စားတာကိုလဲ အရင်ကတော့ ချိုသန်းတို့ လုပ်လို့ရသမျှ ပိုက်ဆံလေးပေးပြီး ဟိုအိမ်ဝင်စား၊ ဒီအိမ်ဝင်စားလိုက်ပေါ့။ နောက်တော့ ဟိုမိန်းမကြီး သောက်စကားများတာနဲ့ ချိုသန်းတို့ လုပ်လို့ရသမျှ ပိုက်ဆံကို အမေ့ဆီပေးပြီး အမေ့အိမ်မှာပဲ စားတော့တယ်။

ဆားနဲ့ စားရ စားရ ထမင်းရည် လျက်ရ လျက်ရ ကိုယ့်အမေအိမ်မှာ ကိုယ်စားရတာ စိတ်ချမ်းသာတယ်။ ဟိုမိန်းမကြီး ငှက်ဆိုးထိုးတာကို မခံချင်ဘူး။ သူ့သားကိုတော့ သူ့ဘာသာ ကျွေးထားပေါ့။ အလကားတော့ မဟုတ်ပါဘူး။ အနည်းအပါးတော့ ပေးတာပေါ့။ ချိုသန်းလဲ ကိုယ့်ယောက်ျားလုပ်စာ ကိုယ် စားရဦးမယ်လေ။

ကလေးကလဲ သုံးယောက်နဲ့ တကယ်တော့ ချိုသန်းယောက်ျားက ထမင်း သိပ်စားနိုင်တာ မဟုတ်ဘူး။ သူ့မှာက အစာအိမ်ရောဂါနဲ့။ ခုဆို အရည်ပဲ သောက်ရတော့တာ။

ဟိုမိန်းမကြီး ယုတ်မာပုံများ၊ ပိုက်ဆံ မပေးနိုင်တော့တာနဲ့ ကိုယ့်သားအရင်းကို အရည်လေးတောင် မသဒ္ဒါတော့ဘူး။

ဒီက မိချိုသန်းပဲ ရေထမ်းလို့ ရတာလေး၊ အ၀တ်လျှော်လို့ ရတာလေးထဲက ရော့၊ ရော့၊ ရော့၊ အင့်၊ အင့်၊ အင့် နဲ့ ကော်ဖီလေးစ၊ လက်ဖက်ရည်လေးစ၊ နွားနို့လေးစ ၀ယ်ဝယ်တိုက်ရတယ်။

အစာအိမ်ရောဂါက တအားဆိုးလာတော့ အလုပ်က သိပ် မလုပ်နိုင်တော့ဘူးလေ။ သူ့ရောဂါက ဗိုက်တအားအောင့်လာရင် ချွေးသီး ချွေးပေါက်တွေကျပြီး ဗိုက်ကို နှိပ်ထားရတော့တာ။ ဘာမှ မလုပ်နိုင်တော့ဘူး။

ဆရာမကတော့ မေးမှာပဲနော်။ ဆေးရုံသွားမပြဘူးလား၊ ဆေးမသောက်ဘူးလား၊ ဆေးမထိုးဘူးလား လို့၊ ဆေးတော့ သောက်ပါတယ်။ ဗမာဆေးပေါ့၊ ဟိုဆေးမြစ် ဒီဆေးမြစ်လေးတွေ ကျိုသောက်ပေါ့၊ ဆေးရုံကိုတောက သူ တစ်ခါပြပြီး နောက်မသွားတော့ဘူး။

ဆေးရုံက ဗိုက်ကို ခွဲရမယ် ပြောလိုက်လို့ ကြောက်ပြီး သူ မသွားတော့ဘူး။ အဲလိုပဲ နာရင် ဗိုက်မှောက်အိပ်၊ လူးလှိမ့်ပြီး အရည်လေးနဲ့ပဲ နေတော့တာပဲ။ လူလဲ ပိန်နေတာပဲ။ ချိုသန်းနဲ့ ရခါစက ပုံစံမျိုး၊ တစ်ပုံစံမှ မရှိတော့ဘူး။

အဲဒီတုန်းက သူက အသားမည်းပေမယ့် တောင့်တောင့် တင်းတင်း ဆရာမရဲ့၊ ဈေးထဲမှာ ကုန်ထမ်း၊ ရပ်ကွက်တွေထဲမှာ အုန်းသီးချိုင်၊ မြေကျင်းတူးနဲ့ အလုပ်စုံ လုပ်နိုင်တဲ့လူပဲလေ။

သူ့အစာအိမ်ရောဂါက အဲဒီထဲက နည်းနည်းတော့ စနေပါပြီ။ အဲဒီ အစာအိမ်ရောဂါဟာ အစားသောက် မှန်မှန် မစားလို့ ဖြစ်တာဆိုတာ ဟုတ်လား ဆရာမ။ မှန်မှန်ဆိုတာ ဘာကိုပြောတာလည်းဟင်...၊ အချိန်မှန်မှန် မစားတာ ကိုလား၊ နေ့တိုင်းမှန်မှန် မစားရတာကိုလား။ ဆရာမရယ် သူကတော့ နှစ်ခုစလုံး မမှန်ပါဘူးလေ။

အဲဒီရောဂါကြီး ပေါ်လာတာ တကယ့်ကို လာဘ်တိတ်တာပါပဲ ဆရာမရယ်၊ ဗိုက်မနာတဲ့ အချိန်လေး ပိုက်ဆံရအောင် အလုပ်လုပ်ချင်ပေမယ့် အရင်က သူလုပ်နေကျ အလုပ်ရှင်တွေက မခိုင်းချင်ကြတော့ဘူး။ သူ့အလုပ်တွေက ထမ်းဟယ် ပိုးဟယ် တူးဟယ် ဆွဟယ်နဲ့ အင်နဲ့ အားနဲ့ လုပ်ရတဲ့ အလုပ်တွေလေ။

သူကမှ အင်နဲ့ အားနဲ့ မလုပ်နိုင်တော့တာ၊ ခါးချိလေး၊ ရှူနာ ရှိုက်ကုန်းလေးကို ဘယ်သူကမှ မခိုင်းချင်ကြတော့ဘူး။ သူ့ကို သနားပြီး ခိုင်းချုင်တဲ့ လူတွေ အလုပ်ရှိလို့ လာခေါ်တဲ့ အခါကျတောကလဲ သူ ဗိုက်အောင့်နေတဲ့ အချိန်နဲ့ တိုးပြန်ရော။

နောက်နေ့မှ လုပ်ပေးပါ့မယ်လို့ ရွှေ့ဆိုင်းလို့လဲမရ၊ သူ့အလုပ်တွေက ပုံမှန် အလုပ်တွေမှ မဟုတ်တာ ဆရာမရယ်၊ သူ... ချိုသန်းနဲ့ မရခင်တုန်းကတော့ ပုံမှန်အလုပ်လေး ရှိအောင် ဆိုပြီး ပညာသင်ဖူးပါတယ်။ အဲဒီပညာသင်ရင်း ချိုသန်းနဲ့ တွေ့ကြတာပေါ့။

သူနဲ့ချိုသန်း စိန်သွေး ပညာသင်ရင်းတွေ့ကြတာ။ စိန်ဆိုတာ ဟိုလို အဖိုးတန် စိန်အစစ်ကြီးတွေ မဟုတ်ပါဘူး။ ရုရှားစိန်ပါ။ ဓာတုဗေဒစိန်လို့လဲ ခေါ်ကြတာပဲ။ စိန်သွေးရုံကိုရောက်တာ ချိုသန်းနဲ့ သူနဲ့ တစ်ပတ်ပဲ ကွာတယ်။ သူက တစ်ပတ်စောရောက်တယ်။

ချိုသန်းတို့ သင်ရတာ စိန်သွေးတာလို့ ဆိုပေမယ့် တကယ်တော့ အကွက်ရိုင်းလေးတွေ ချပြီးသား စိန်တုံးလေးကို အရောင်တင်ပေးရတာပါ။ အရောင်တင်အလုပ်လို့လဲ ခေါ်လို့ ရတယ်။

အရောင်မတင်ခင် ကြည့်ရတဲ့ စိန်တုံးလေးတွေဟာ ပလတ်စတစ်အဖြူတုံးလေးတွေလိုပဲ။ လမ်းသာတွေ့ရင် ဘယ်သူမှတောင် လှည့်ကြည့်မှာမဟုတ်ဘူး။ အဲဒီ အတုံးလေးတွေမဖြစ်ခင်က အတုံးကြီးလို့ ပြောတာပဲ။ အဲဒီအတုံးကို ခွဲစိတ်ပြီး ကိုယ်ကြိုက်တဲ့အရွယ်ကို အရိုင်း အကွက်ချရတာတဲ့။ ဒီစိန်သွေးရုံကို ရောက်လာတာက အဲလို အရိုင်းအကွက်ချတွေကျမှ ရောက်လာတာ။

ချိုသန်းတို့ ရုံဆရာကလဲ အဲဒီ အကွက်ချ အရိုင်းတုံးကျမှပဲ မြင်ဖူးတာ။ သူကလဲ လက်ခစားပဲ။ သူ့မှာလဲ ကျောက်ထောင်ဆရာလို့ ခေါ်တဲ့ ကုန်သည် ရှိသေးတယ်။ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ကျောက်ထောင်ဆရာဆီ သွားပြီး အရိုင်းအကွက်ချတုံးလေးတွေကို သွားယူရတယ်။

ပြီးတော့မှ ဒီမှာ အရောင်တင် အလုပ်သမားနဲ့ အရောင်တင်တယ်။ အရောင်တင် အချောကိုင်ပြီးတဲ့ စိန်လေးတွေ တစ်ရာ၊ နှစ်ရာလောက် ရတော့မှ သွားအပ်ပြီး ငွေရှင်းရတာ။

ကျောက်ထောင်ဆရာက ချိုသန်းတို့ ရုံဆရာကို ပထမတန်းစား စိန်ဆယ်လုံးကို ခြောက်ကျပ်ပေးတယ်၊ ဒုတိယတန်းစား ဆိုရင်တော့ လေးကျပ်ပေးတယ်။ လက်ရာညံ့တဲ့၊ ပယ်တဲ့စိန်တွေကျတော့ ပြန်သွေးပေးရတယ်။ အဲဒီတော့ အချိန်တစ်ခါ ထပ်ကုန်တာပေါ့။

ဒါကြောင့်မို့ ဆရာက ပြီးချင်ဇောနဲ့ မြန်မြန်မသွေးကျနဲ့၊ လက်ရာ ကောင်းအောင် လုပ်လို့ ချိုသန်းတို့ အရောင်တင် အလုပ်သမားတွေကို ခဏ ခဏ ပြောတာ၊ အလုပ်သမားအနေနဲ့ကလဲ ဘယ်လောက် မြန်မြန်သွေးသွေး တစ်ရာ မပြီးပါဘူး။

အကျွမ်းကျင်ဆုံး အလုပ်သမားဟာ မနက် ခြောက်နာရီကနေ ညနေ ခြောက်နာရီ တစ်နေကုန် ခါးချိအောင် ထိုင်သွေးမှ အလုံးလေးဆယ်ပဲ ပြီးတာပါ။ ရုံဆရာက အလုပ်သမားကို ဆယ်လုံး လေးကျပ်ပေးတယ်။ သောင်းပြောင်း လေးကျပ်ပေါ့။

ပထမတန်း၊ ဒုတိယတန်းတွေကို ကြည့်ပြီး ပယ်တဲ့ စိန်တွေ ပြန်သွေးရတာကျတော့ အလုပ်သမားတွေကို မျှတပေးပြီး ပြန်သွေးခိုင်းတယ်။ အဲဒီအတွက် ပိုက်ဆံ မပေးဘူး။

ဘေးကနေ ထိုင်ကြည့်ရင်တောင် လွယ်မလိုလိုနဲ့ ဒီပညာက လေးလလောက်နေမှ ကောင်းကောင်း တတ်တာ။ တကယ် စိတ်ရှည်ရတဲ့ အလုပ်၊ ယုယရတဲ့ အလုပ်ပဲ။ ချိုသန်းတို့ ကိုမြင့်နိုင်တို့လို ၀ုန်းဒိုင်းသမား၊ ကြမ်းကြမ်းတမ်းတမ်း သမားတွေနဲ့ မကိုက်လှပါဘူး။ ပါရမီလဲမပါဘူး။ ချိုသန်းတို့ နှစ်ယောက်စလုံး ဆရာအဆိုအခံရဆုံးပဲ။ အဲလို အသွင်တူကြလို့လဲ အိမ်သူဖြစ်တာထင်ပါရဲ့ ဆရာမရယ်။

ပညာပါရမီ နည်းသလားတော့ မပြောနဲ့ သူများတွေ သုံးလလောက်နဲ့ တတ်တာကို ချိုသန်းတို့ နှစ်ယောက် လေးလသင်မှ တတ်တာ။ လက်ရာကလဲ မကောင်းဘူး၊ အရောင်တင်တဲ့ ပညာက လက်မှန်း လက်ဆ သိပ်လိုတာ။

အကွက်ချလေးကို ကျောက်တံထိပ်က ထိပ်ပေါ်မှာ ကပ်ပြီး မွတ်နေအောင် လည်နေတဲ့ သံပြင်ပေါ်မှာ တဂျီဂျီနဲ့ သွေးပေးရတာပါပဲ။ ဒါပေမယ့် ပလတ်စတစ် အတုံးလေး အရောင်တလက်လက်ထွက်လာအောင် အရောင်တင်ပေးတဲ့ စိန်ဆေးမှုန့် နဲ့ စိန်ဆီ ထည့်တာတို့၊ လက်ဆယူတာတို့က အရေးကြီးတယ်လေ။

စိန်ဆေးမှုန့်ဆိုတာ သိပ်အဖိုးတန်တာပဲ။ ကြေးနီရောင် အမှုန့်လေးတွေ လက်သည်းခွံလောက်ကို သုံးလေးကျပ်ပေးရတာတဲ့။ စိန်ဆေးမှုန့် တစ်ရတီကို ခြောက်ဆယ်တဲ့။ စိန်အစစ် အရိုင်းတုံးက အမှုန်လေးတွေမို့ ဒါလောက် အဖိုးတန်နေတာ ပြောတာပဲ။

ဒီစိန်ဆေးမှုန့်လေးတွေကို ကျောက်ထောင်ဆရာက ပေးတာ၊ အလကားတော့ မဟုတ်ဘူး။ ချိုသန်းတို့ဆရာ ပစ္စည်းသွားအပ်ရင် စိန်ဆေးဖိုးပါ နှုတ်ပြီးမှ ပိုက်ဆံရှင်းတာတဲ့။

စိန်ဆီဆိုတာကတော့ အကွက်ချကို တဂျီဂျီအရောင်တင်ရင်း အကွက်ချတုံးနဲ့ စိန်ဆေးမှုန့်ဖြူးထားတဲ့ သံပြင် ပွတ်တိုက်ပါများပြီး ထွက်လာတဲ့ မည်းမည်းအမှုန့်လေးတွေကို အုန်းဆီနဲ့ ရောထားတာ။ စိန်ဆီက အရေးပါတယ်။ ကျောက်တံထိပ်က အကွက်ချတုံးလေးတွေ ပေါ်မှာ ပွတ်ပွတ်ပြီး အရောင်တင်ပေးရင် စိန်က ပိုလက်လာတယ်။

စိန်အရောင်တင်တဲ့ သံပြင် မွတ်အောင် လည်ဖို့ကတော့ ချိုသန်းတို့ ခုံအောက်က သစ်သားတံတွေကို ခြေထောက်နဲ့ အဆက်မပြတ် လှုပ်ရှားပေးနေရတယ်။

သံပြင်ကို ထိန်းထားတဲ့ သံပြင်အလယ်ခေါင်က မဏ္ဍိုင် လို့ ခေါ်တဲ့ သံတိုင်ကိုလဲ ခိုင်မခိုင်၊ ယိုင်မယိုင် ကြည့်ရသေးတယ်။ ချစ်မဏ္ဍိုင် ခိုင်ခိုင်စိုက်မှဟေ့နော် လို့ ဆရာက အမြဲ သတိပေးတတ်တယ်။

ချိုသန်းနဲ့ ကိုမြင့်နိုင် ကြိုက်နေမှန်းသိတော့ ဆရာက ပြောတယ်လေ။

ချိုသန်းနဲ့ မြင့်နိုင်ကတော့ တခြားနေရာတွေသာ မကျွမ်းရမယ် ချစ်မဏ္ဍိုင် စိုက်တဲ့ နေရာမှာတော့ ကျွမ်းသွားပြီ
တဲ့။ သြော်.... ဆရာရေ ခုတော့ ချစ်မဏ္ဍိုင် အစိုက်ကောင်းတဲ့ ချိုသန်းတို့ဘ၀ကို လှည့်ကြည့်ပါဦးလို့ ချိုသန်း အော်ပြောလိုက်ချင်တယ်။

ချစ်မဏ္ဍိုင်လိုပဲ ပဏာရ တဲ့ ဝေါဟာရ တစ်ခုလဲ ချိုသန်းတို့ ကျောက်သွေးလောကမှာ ရှိသေးတယ်။ ချိုသန်းတို့ကျောက်ခုံကို ပတ်ပတ်လည် ပုဆိုးတွေ ကာထားရသေးတယ်။ အဲလို ခပ်မှောင်မှောင်မှာ သွေးပြီးသား ကျောက်လေးကို ထောင်ကြည့်လို့ ၀င်လာတဲ့ အလင်းရောင်နဲ့တွေ့ပြီး တလက်လက်တောက်သွားတာကို ပဏာရ တယ်လို့ ခေါ်တယ်။ ကျောက်ကိုထောင်ကြည့်နေတုန်း နောက်ကနေ လူကွယ်ရင် ပဏာ မကွယ်နဲ့လို့ ပြောကြတယ်။

အကွက်ချ အရိုင်းတုံးလေးတွေ နဂိုမူလမှာက အကွက်အရေအတွက်ကို ချချင်သလို ချလိုက်တာ၊ အဲဒါကို အရောင်တင် အလုပ်သမားက အကွက်လေးဆယ့်တစ်ကွက်တိတိ သွေးပေးရတယ်။ ဒါမှ အချိုးကျတယ် ခေါ်တယ်။

အကွက်မပြည့်ရင် အချိုးမကျဘူး။ လေးဆယ့်တစ်ကွက် သွေးပြီးသား အချိုးကျ ဘ၀ကို ရောက်နေတဲ့ စိန်တုံးလေးတွေဆို သိပ်လှတာပဲ။ မသွေးခင်က အရောင်နောက်တောက်တောက်နဲ့ ပလတ်စတစ်ခဲလို အကွက်ချတုံးနဲ့ ဘာမှ မဆိုင်တော့ဘူး။ ကြည်ပြီး အရောင် တလက်လက်နဲ့ စိန်အစစ်များ ကျလို့၊ မသိတဲ့လူဆို ခွဲဖို့ ခက်တယ်။

ဒီ ရုရှားစိန် ချယ်နားကပ်လုပ်တဲ့ အရွယ်လေးတွေ တစ်ရတီဆို ငါးလုံး စီးတယ်။ ဈေးကတော့ သိပ်မရှိပါဘူး၊ တစ်လုံးမှ ငါးကျပ်၊ ငါးလုံးမှ အစိတ်၊ ရွှေနဲ့ မလုပ်ပဲ ငွေနဲ့လုပ်ရင် ချယ်နားကပ် တစ်ရံမှ တစ်ရာ့ငါးဆယ်လောက်ပဲ ကျတာတဲ့။

ဟင်း....ဟင်း၊ ကိုရွှေမြင့်နိုင်တို့ စိတ်ကူးယဉ်ခဲ့သေးတာပေါ့ ဆရာမရယ်၊ သူ့လုပ်ခထဲကနေ သူကိုယ်တိုင် သွေးထားတဲ့စိန်နဲ့ ငွေချယ်နားကပ်လေး လုပ်ပေးမယ်တဲ့။ သမီး ရည်းစားဖြစ်ကာစကလေ။

ဒီကကောင်မမှာ ၀မ်းသာကြည်နူးပြီး နားပေါက်မရှိတဲ့နားကို ဖောက်ဖို့ စီမံလိုက်ရတာ။ နောက်တော့ ၀တ်လည်း မ၀တ်ရပါဘူး။ ဖောက်ထားတဲ့ နားပေါက် ဟောင်းလောင်းပဲ အဖတ်တင်တယ်။

ဒီရုရှားစိန်တွေကသာ တစ်လုံးကို ငါးကျပ်ရယ်၊ စိန် အစစ်ဒီအရွယ်ကျတော့ တစ်လုံးကို ထောင်ကျော်သတဲ့။ ကွာလိုက်တာနော်။ အတုနဲ့ အစစ်၊ စိန်လို့ နာမည်တပ်တာချင်း တူပေမယ့် တန်ဖိုးချင်းက ကွာလိုက်တာ။

သြော်.. ချိုသန်းတို့နဲ့ ဆရာမတို့လို ကွာခြားသလိုပေါ့နော်။ လူဆိုတာချင်းတူပေမယ့် ဘ၀ချင်းက ဘာဆိုင်လို့လဲ။ စိန်အစစ်နဲ့ အတုလိုပဲ၊ ဆရာမတို့က လူအစစ်၊ ချိုသန်းတို့က လူတု၊ ဟုတ်တယ်နော် ဆရာမ။

စိန်သွေးရုံမှာ လေးလလောက်နေတော့ ချိုသန်းတို့နှစ်ယောက်လုံး အတော်အသင့် တတ်ကြတယ်။ ဒါတောင် ကိုမြင့်နိုင်ထက်စာရင် ချိုသန်းက ပိုအ သေးတယ်။ သူကမှ တစ်နေကုန်သွေးတာ အလုံး နှစ်ဆယ်လောက် ပြီးသေးတယ်။ ချိုသန်းကတော့ ဆယ်လုံးပဲ။ တစ်ခါတလေ ဆယ့်နှစ်လုံး၊ ဒါထက် မပိုဘူး။

အဲလို အလုပ်မျိုးကို ချိုသန်း စိတ်ကို ရှည်လို့ မရဘူး၊ စိန်ဆီလေးသုတ်လိုက်၊ တဂျီဂျီသေးလိုက်၊ အလင်းရောင် ထောင်ကြည့်လိုက်၊ အကွက် လှမလှ ကြည့်လိုက်၊ အရောင်လေး တောက်လာတာ ကြည့်လိုက် လုပ်နေရတာထက် ဖြုန်း၊ ဖြုန်းဆို ရေခပ်လိုက်ချင်သေးတယ်။ အ၀တ်လျှော်လိုက်ချင်သေးတယ်။ ဈေးတောင်း ခေါင်းပေါ် ရွက်လိုက်ချင်သေးတယ်။

အေးအေးငြိမ်းငြိမ်း သက်တောင့် သက်သာ နေရမယ့် ဇာတာကိုက ချိုသန်းမှာ မပါဘူး ထင်ပါရဲ့ ဆရာမရယ်။ အဖေတို့ အမေတို့ကတော့ အတန်း ပညာ သင်ပေးနိုင်ပေမယ့် အသက်မွေးဝမ်းကျောင်း ပညာလေး တစ်ခုတတ်အောင်၊ မိန်းကလေးဆိုပြီး က္ကနြေ္ဒရအောင် ဒီအလုပ်ကို သင်ခိုင်းတာ လုပ်ခမှ တစ်ဆယ်ပြည့်အောင် မရသေးဘူး၊ ဗြတ်ဆို ကောက်ကဲ့ပြီး ယောက်ျားက ယူပစ်လိုက်ရော။

ချိုသန်းတို့ ယူလိုက်တော့ သူကလဲ တစ်နေ့မှ လုပ်ခ ရှစ်ကျပ်ပဲ ရသေးတယ်။ ချိုသန်းက ငါးကျပ် လောက်ရတာ။ ချိုသန်းတို့ ထမင်းစားဖို့အတွက် မိဘအိမ်ကို တစ်ဆယ်ပေးရသေးတယ်။ ဒီကျန်တဲ့ နှစ်ကျပ် သုံးကျပ်လေးနဲ့ ချိုသန်းတို့ ရခါစ လင်မယား လျှောက်လည်လို့မရ၊ ရုပ်ရှင်ကြည့်လို့မရ၊ မုန့်ဟင်းခါးဆိုင် ထိုင်လို့ မရနဲ့ သိပ် စိတ်ပျက်ဖို့ ကောင်းတာပဲ ဆရာမရယ်။

အရင်က ချိုသန်း စဉ်းစားတော့ ဒါတွေ မပါဘူး။ ဒါလောက် မြန်မြန်ကြီးလဲ ယူဖို့ စိတ်မကူးပါဘူး။ ဒီအလုပ်မှာ သူလဲ တစ်နေ့ကို အလုံး လေးဆယ်လောက် ပြီးတော့မှ၊ ချိုသန်းလဲ အလုံး နှစ်ဆယ်လောက် ပြီးတော့မှ၊ တစ်နေ့ကို နှစ်ယောက်ပေါင်း ၀င်ငွေ အစိတ်လောက် ရှိတော့မှ ယူမယ်လို့ စိတ်ကူးထားတာပါ။

ဒါပေမယ့် ချိုသန်းတို့ နှစ်ယောက်ကပဲ ပျင်းလွန်းလို့လား မသိပါဘူး၊ အရင်စံချိန်ကကို တက်မလာဘူး။ မတက်တာကလဲ မပြောပါနဲ့လေ။ သွေးရတာ ကျွမ်းတဲ့သူတောင် တစ်လုံး ဆယ့်ငါးမိနစ် အနည်းလေး ကြာအောင် သွေးရတာ၊ ချိုသန်းတို့ဆို ပြောမနေနဲ့တော့။

ပြီးတော့ ပညာသင်ကလ ပိုက်ဆံ တစ်ပြားမှ မရတုန်းမှာ ရည်းစား လုပ်တဲ့သူ ထမင်း တစ်နပ်စားနေရတာကို မချိုသန်းတို့က မကြည့်ရက်၊ မမြင်ရက် ဖြစ်တယ်လေ။ ချိုသန်းတို့ အနေနဲ့ ရုံကို မနက် ခြောက်နာရီ အရောက် လာရတာဆိုတော့ ညက ချက်ပြီး၊ ဒါမှမဟုတ် မနက် အစောကြီး ထချက်ပြီး ထမင်းဘူး ယူလာရင်လာ၊ မယူလာရင် မနက်စာ ငတ်တာပဲ။

အိမ်ပြန်စားဖို့ကလဲ တစ်မြို့နယ်ထဲ ဆိုပေမယ့် နည်းနည်းတော့ လှမ်းတယ်၊ ဆရာကလဲ မပြန်စေချင်ဘူး၊ ချိုသန်းတို့ နှစ်ယောက်စလုံးလဲ မပြန်ကြပါဘူး။ ထမင်းစားချိန် ဆယ့်နှစ်နာရီဆိုပေမယ့် ချိုသန်းတို့ အိမ်တွေအဖို့က ချက်ချိန် စားချိန် မမှန်ဘူးလေ၊ ဒီတော့ ပြန်လဲ အလကားပဲ။

ညက ချက်ယူခဲ့ဖို့ မနက်အစောကြီး ထချက်ခဲ့ဖို့ကျလဲ ချက်စရာက အဆင်သင့် ရှိဦးမှလေ။ စားချိန်နီးမှ ကြံဖန် ပြေးလွှား ချက်ပြုတ်ရတဲ့ ချိုသန်းတို့ ဘ၀မှာ ဘယ်တော့မှ မနက် အစောကြီး ထမင်းဘူး ထည့်မယူနိုင်ပါဘူး။ ထမင်းဘူး ထည့်မယူနိုင်တာချင်း အတူတူ ချိုသန်းက သူ့ထက်ပို ကံကောင်းတယ်လေ။

ပညာသင်ဆိုတော့ ရုံရောက်တာနဲ့ ချက်ချင်းတန်းပြီး အလုပ်မစရဘူး၊ ချိုသန်းက ဆရာကတော်ကို ကူညီ ချက်ပြုတ်ပေးရတယ်၊ အိမ်မှုကိစ္စ လုပ်ပေးရတယ်။ ဆရာကတော်က ခိုင်းမှရယ် မဟုတ်ဘူး၊ ချိုသန်းက ဘာပဲ ဖြစ်ဖြစ် အမြင်မတော်တာတွေ အကုန်လုပ်ပေးတတ်တော့ ဆရာကတော်ကလည်း ထမင်း အမြဲကျွေးတယ်။ မုန့်လေး ပဲလေးလဲ ထည့်တတ်တယ်။

ကိုယ်က စားရပြီး ကိုယ့်ရည်းစားက မစားရတော့ စိတ်မကောင်းဘူး။ ကိုယ်တောင်မှ သူများကျွေးတာ စားရတော့လဲ ခွဲဝေကျွေးလို့က မဖြစ်နဲ့ မနက်စာကို ဘိန်းမုန့်တခြမ်း၊ ပဲလမုန့်တစ်ခုနဲ့ ပြီးတတ်တဲ့ ရည်းစားကို သနားပြီးရင်း သနားနေမိတာပဲ။

ငါတို့နှစ်ယောက် အိမ်ထောင်ကျပြီးရင် သူ့ကို ဖွယ်ဖွယ်ရာရာလေးတွေ ငါ ချက်ကျွေးမယ်၊ သူ ဘာတွေကိုများ ကြိုက်တတ်ပါလိမ့်ဆိုပြီး မေးရတာ အမော၊ သူက ဘယ်လိုပြောတယ်မှတ်လဲ ဆရာမ၊ "ငါက စားလို့ရတာ အကုန်ကြိုက်တာပဲ၊ ငါးပိရည်နဲ့ တို့စရာကတော့ အကြိုက်ဆုံးပေါ့" တဲ့၊ အဲဒီတုန်းကတော့ "စိတ်ချ၊ နင်ကြိုက်တဲ့ ငါးပိရည် နပ်တိုင်းပါစေရမယ်" လို့ ချိုသန်း ကြုံးဝါးခဲ့ဖူးတယ်။

ခုချိန်မှာတော့ ဖွယ်ဖွယ် ရာရာဟင်းတွေ မပြောနဲ့၊ ငါးပိရည်နဲ့ တို့စရာနဲ့တောင် သူ့ကိုထမင်းချက်မကျွေးနိုင်တဲ့ အပြင် သူသောက်နိုင်တဲ့ အရည်လေး တစ်ခွက်ကိုတောင်မှ ချိုသန်းမှန်မှန် မတိုက်နိုင်ပါဘူး။

ထမင်းမစားရတဲ့သူ့ကို ချိုသန်း တတ်နိုင်သလောက် ဆရာကတော်ပေးတဲ့ မုန့်တို့၊ လမ်းမှာ သူငယ်ချင်းက ၀ယ်ကျွေးတဲ့ မုန့်တို့ကို ပေးကျွေးပေမယ့် သူ့မှာ အဲဒီ အချိန်ကတည်းက အစာအိမ်ရောဂါက စနေပြီ။ ဗိုက်ခဏခဏ အောင့်တတ်နေပြီ။ ခုလို အဆိုးကြီးတော့ မဟုတ်သေးဘူးပေါ့။ သူကလဲ ပေါ့ပေါ့ပဲ၊ လေအောင့်တာဆိုပြီး လျက်ဆားလေးလောက်ပဲ လျှက်တာ။ ဒါတောင် ချိုသန်းဝယ်ပေးလို့။

အခက်အခဲတွေကို စဉ်းစားရင်း စဉ်းစားရင်းနဲ့ပဲ ဗြုန်းစားကြီး ယူဖြစ်သွားတာပါပဲ။ ခိုးရာလိုက်သလို ဖြစ်သွားတာနဲ့ ယူဖြစ်လိုက်ရတာ။ အဲဒီနေ့က ချိုသန်းတို့နှစ်ယောက်ကို ဆရာက လုပ်ခရှင်းပေးတဲ့အပြင် ဆရာကတော်က ချိုသန်းကို မုန့်ဖိုး ငါးကျပ်ပေးတယ်။

မနက်အစောကြီးလာပြီး သူ့အ၀တ်တွေ လျှော်ပေးလို့လေ။ လုပ်ခက သူ့အတွက် ရှစ်ကျပ်၊ ချိုသန်းအတွက် လေးကျပ်ဆိုတော့ နှစ်ယောက်ပေါင်း ဆယ့်နှစ်ကျပ်၊ မုန့်ဖိုးရတဲ့ ငါးကျပ်ရောဆို ဆယ့်ခုနှစ်ကျပ်ကြီးများတောင် ရှိနေတယ်။

ပြန်ချိန်ကလဲ အရင်နေ့တွေထက် စောနေတယ်ဆိုတော့ ချိုသန်းတို့ နှစ်ယောက် အိမ်ကို တန်းမပြန်ကြပဲ မုန့်ဟင်းခါးဆိုင် သွားထိုင်ကြတယ်။ ဆာဆာနဲ့ တစ်ယောက်နှစ်ပွဲစီစားပြီး ပဒေသာရုံမှာ ရုပ်ရှင် ၀င်ကြည့်ကြတယ်။  အင်း.... ပြန်တွေးကြည့်ရင်တော့ တော်တော်ပျော်စရာကောင်းသားနော်။ အဲဒီနေ့ကလို ပျော်ရွှင်မှုမျိုး ချိုသန်း နောက်ဘယ်တော့မှ မရတော့ပါဘူး။

ချိုသန်းတို့ ရုပ်ရှင်ပြီးတော့ တော်တော်မှောင်နေပြီ။ ဇာတ်လမ်းကလဲ ပေက အရှည်ကြီးပဲ။ ကြည့်လိုတော့ ကောင်းပေမယ့် အချိန်က တော်တော် နောက်ကျနေပြီ။ အိမ်ပြန်ရမှာ သိပ်တော့ မကြောက်လှပါဘူး။ ချိုသန်း အစ်ကို အစ်မတွေကလဲ အိမ်ကို စောစောစီးစီး မပြန်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့က အအိုတွေ၊ ချိုသန်းက အပျို။

အမေက နည်းနည်းပါးပါးတော့ ဆူမှာပဲ။ အဖေကတော့ မရှိဘူး။ ဆိုက်ကားနင်းထွက်နေပြီ။ ဒါပေမယ့် ခုချိန်မှာဆို အမေများ ဆရာ့အိမ်လိုက်မေးတာတို့ ဘာတို့ လုပ်ပြီး ဒီအချိန်အထိပြန်မလာရင် လင်နောက်လိုက်ပြေးပြီလို့များ စိတ်ဒုံးဒုံးချလိုက်ပြီလား။ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေ ဒီနေ့ည နေရာကျယ်ကျယ် အိပ်ရပြီဆိုပြီးတော့များ ၀မ်းသာနေကြပြီလားလို့ တွေးရင်း တွေးရင်း ချိုသန်းအိမ်မပြန်ချင်တော့ဘူး။

သူကလဲ ချိုသန်း နှစ်ခါမပြောရဘူး၊ ဖိုးခေါ်ချင်ပဲ။ မထူးဘူးကွာ လာ.... လိုက်ခဲ့။ အဲဒီ ညက သူ့အိမ်မပြန်ခင် ချိုသန်းတို့ လျှောက်လည်ကြသေးတယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး။ လက်တွဲပြီး လမ်းပေါ်လျှောက်နေကြတာပဲ။ မောရင် လမ်းဘေးက ဆိုင်လေးတွေမှာ ၀င်ထိုင်ပြီး တစ်ခုခုစားလိုက်နဲ့ ငွေ့ဆယ့်ခုနစ်ကျပ်လဲ ပြောင်ရော၊ ဘာဖြစ်လဲ ပြောင်ပစေပေါ့။ ဒါချိုသန်းတို့ မင်္ဂလာဦးညပဲ။

လမ်းပေါ်မှာတုန်းက ပျော်နေရတဲ့ ချိုသန်းတို့ မင်္ဂလာဦးညလေးဟာ ယောက်ျား အိမ်ရောက်လို့ ယောက္ခမ မျက်နှာ မြင်လိုက်ရတာနဲ့ တစ်ခါတည်း ပျက်စီးသွားတော့တာပါပဲ။

ချိုသန်းတို့ နှစ်ယောက် ချိုသန်းတို့အိမ်နဲ့ ဆင်ဆင်တူတဲ့ သူတို့အိမ်အ၀မှာ ရပ်လိုက်တာနဲ့ ငှက်ဆိုးထိုးသံကြီးက တန်းပေါ်လာတာပဲ။

" ဟဲ့ မြင့်နိုင် ဘယ်ကကောင်မကို အလေလိုက်ပြီး ခေါ်လာရတာလဲ" တဲ့။

အို... ချိုသန်း ဒေါသဖြစ်လိုက်တာလေ။ အသားအရေက ညစ်ပုတ်ပုတ်၊ မျက်နှာပေါက်က ဆိုးဆိုး၊ ဆံပင်တွေကလဲ နီကြောင်ကြောင်နဲ့ လေဘေးအနွေးထည် အကျီဘိုသီ ဘတ်သီကြီးကို ၀တ်ထားတဲ့ ယောက္ခမကို မြင်မြင်ချင်း ချိုသန်း မုန်းတော့တာပဲ။

အဲဒီ လေဘေး အနွေးထည် ညစ်ထပ်ထပ်ကြီးက နွေမိုးဆောင်း အကြောင်းသုံးပါးမရွေး ၀တ်ထားတာလေ။ မီးယပ်ချမ်းရောဂါရှိလို့ဆိုလား မသိပါဘူး။ မြန်မြန်လဲ မသေနိုင်ဘူး။

ဆရာမရယ် မပြောနဲ့တော့ ၊ အဲဒီညကတော့ နိဗာန်ကနေ ငရဲအိုးထဲ ခုန်ဆင်း လိုက်ရသလိုပဲ။ လမ်းပေါ်မှာတုန်းက ပျော်သမျှ အပျော်တွေဟာ သူတို့အိမ်လဲရောက်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပဲ။

"ယောက္ခမကြီးက အဲလို ဆက်ဆံသကိုး" လို့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေက ဖော်ဖော်ရွေရွေ ခေါ်ကြ င်ကြမယ်လို့ မထင်နဲ့။ သူတို့ကလဲ မလိုတဲ့ မျက်နှာထားတွေနဲ့ တစ်ယောက်တစ်ပေါက် ၀ိုင်းအပြစ်တင်ကြတာပဲ။

"မင်းက ဘယ်လောက် ၀င်ငွေရှိတဲ့ကောင်မို့ မယားယူချင်ရတာလဲ"

'"မယားတစ်ယောက်ကို  မင်းလုပ်ကျွေးနိုင်လို့လား"

"အိမ်အခြေအနေသိရဲ့သားနဲ့၊ မင်းတို့က ဘယ်မှာ သွားနေမှာလဲ" နဲ့။

"လျှာမရှည်ကြနဲ့ဗျာ၊ ကျုပ်ဘာသာ ယူချင်ယူ မယ်၊ ခင်ဗျားတို့လဲ မယူဘူးလား၊ ကျုပ်လဲ ကျုပ်မိဘအိမ် ကျုပ်နေမှာပေါ့ဗျ၊ ခင်ဗျားတို့ချည်း နေရမှာလား" လို့ ကိုမြင့်နိုင်က အော်လိုက်တော့မှ ငြိမ်သွားကြတယ်။

ကိုမြင့်နိုင်အတွက် ချန်ထားတဲ့ ထမင်းနဲ့ ငါးပိရည် တို့စရာရယ်၊ ငါးမြစ်ချင်းဟင်းတုံးလေး တစ်တုံးကို နှစ်ယောက်မျှပြီး စားနေတဲ့အချိန်လောက် ချိုသန်း ငိုချင်တာ မရှိဘူး။

သူ့ကို ချိုသန်း သနားပါတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ချိုသန်း ရင်ထဲမှာ အပြင်းအထန် စဉ်းစားနေမိတာက အိမ်ပြန်ပြေးရမလား၊ အိမ်ပြန်ပြေးရမလားဆိုတာပဲ။ ခုချိန်ပြန်သွားရင် ငါအချိန်မီသေးတယ်၊ သူနဲ့ ငါနဲ့ လင်မယားမှ မဖြစ်သေးတာပဲဆိုပြီး ဂနာမငြိမ်ဖြစ်နေတုန်း နာရီသံချောင်း ဆယ့်တစ်ချက်ခေါက်သံ ကြားလိုက်ရတော့တယ်။

သွားပြီ။ ချိုသန်း ဘယ်အိမ်ပြန်လို့ ရတော့မလဲ၊ ဘာဖြစ်လို့လဲ မသိဘူး၊ ချိုသန်း ငိုမိတယ်။

ချိုသန်းငိုရင်းနဲ့ မျက်ရည်ကြားမှာ မြင်နေရတာက နောင်အမြဲတမ်း ရန်ဖြစ်သတ်ပုတ်ရမယ့် သူ့အစ်ကိုကြီးရဲ့ မိန်းမ လင်ညီအစ်မ ပွစိ ပွစိနဲ့ မကျေမနပ်ပြောရင်း သူတို့ အိပ်ရာတွေကို ရွှေ့နေတာကိုပေါ့။

အင်း... နောက်တော့လဲ ဒါတွေက ရိုးသွားတာပါပဲလေ။ ချိုသန်း မထူးဇာတ်က မိမှကိုး။ ချိုသန်း အိမ်ထောင်ကျတော့ နှစ်ဆယ့် တစ်နှစ်။ ကိုမြင့်နိုင်လဲ နှစ်ဆယ့် တစ်နှစ်ပဲ။ ခုချိုသန်းတို့ နှစ်ယောက်လုံး နှစ်ဆယ့်လေးနှစ်ပြည့်ကြပြီ။

ချိုသန်းက သားနီးတယ် ဆရာမရယ်။ ကလေး သုံးယောက် တစ်နှစ်စီလောက်ပဲ ကွာတယ်။ အကြီးကလေး ဆယ့်တစ်လဆို နောက်ကလေးက ရှိပြီ။ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ။ ဒါကြောင့် ကလေး ဆယ့်တစ်လဆို နို့ဖြတ်ရတော့တာ။ နောက်ကလေး ရှိတာနဲ့ ချိုသန်း နို့မထွက်တော့ဘူးလေ။ အရင်ကတည်းကလဲ ချိုသန်းက နို့မဖောဘူး ဆရာမရဲ့။

ဆရာမပြောတယ်နော်၊ နို့ဖောအောင် ဟင်းလဲ များများသောက်ရတယ်တဲ့။ ငါးဟင်းချို၊ ပုစွန်ဟင်းချိုမှာ ဟင်းရွက်လေး ခပ်သောက်တဲ့၊ ပြီးတော့ နို့တိုက်နေတဲ့ မိခင်ဟာ အစာများများစားရတယ်တဲ့၊ ခဏ ခဏ စားရတယ်တဲ့။ စားနေကျ ထမင်း နှစ်နပ်ထက် ထမင်း တစ်နပ်ပိုပြီး စားရတယ်တဲ့လား။ ချိုသန်းတို့ တစ်နေ့ကို ထမင်း တစ်နပ်ပဲ စားရတာ ဆရာမ။

လုံးဝအလျှင်း မစားရတဲ့နေ့တွေလဲ ရှိပါတယ် ဆရာမ။

ထမင်း မစားရတဲ့နေ့တွေမှာ ချိုသန်းတို့ စားရတဲ့ အမြဲတမ်းဟင်းက ငါးပိ။

ငါးသိပ်မပါဘဲ ဆန်ကွဲများများရောထားတဲ့ ဈေးအနည်းဆုံး ငါးပိ။

တစ်ဆယ်သားကို တစ်ကျပ်ခွဲတန် ငါးပိကို ငရုတ်သီးမှုန့် တစ်ကျပ်ဖိုး ထည့်ပြီး ညမနက် လောက်အောင် စားရတာ။ တို့စရာ မပါဘူး ဆရာမ။ ချိုသန်းတို့ တို့စရာဖိုး မတတ်နိုင်ပါဘူး။

အမြဲတမ်းရတဲ့ ခရမ်းသီးတို့၊ သခွားသီးတို့ ဂေါ်ဖီတို့ကိုက ခရမ်းသီး သေးသေးလေးတစ်လုံးကို တစ်မတ်၊ ပြားသုံးဆယ်၊ သခွားသီးက ငါးမူး တစ်ကျပ်။ ဂေါ်ဖီက တစ်ဆယ်သားကို ပြားရှစ်ဆယ် တစ်ကျပ်။ သရက်သီးတို့၊ မရန်းသီးသီး၊ ဆလပ်တို့ မုန်ညှင်းတို့ ရာသီပေါ် တို့စရာတွေဆို ပြောမနေနဲ့တော့။

သရက်သီး တစ်လုံး တစ်ကျပ်၊ ငါးမတ်။ မရန်းသီး တစ်ဆယ်သား ရှစ်ကျပ်။ အို... ဈေးသိပ်ကြီးတာ ဆရာမရဲ့။ တို့စရာဖိုး ငါးကျပ် ခြောက်ကျပ်ကို ချိုသန်းတို့ ဘယ်တတ်နိုင်ပါ့မလဲ ဆရာမရယ်။

ချိုသန်းတို့ လင်မယား နှစ်ယောက်ရတဲ့ ပိုက်ဆံက စိန်သွေးရုံမှာ လုပ်တုန်းက တစ်နေ့ ဆယ့်သုံးကျပ်၊ ကလေးတစ်ယောက်ရပြီးတော့ စိန်သွေးရုံက ထွက်လိုက်တယ်။ ချိုသန်းတို့နှစ်ယောက်လုံး ပါရမီမပါတော့ စိန်သွေးရုံမှာ ၀င်ငွေက တိုးမလာဘူးလေ။ ချိုသန်းကလဲ သိပ်မလုပ်နိုင်တော့ဘူး။ ကလေးကလဲ ချူ ချာတယ်။ ခဏ ခဏ ဖျားတော့တာပဲ။

ဒီအလတ်ကောင်လောက်သာ ရုပ်ပျက် ဆင်းပျက် မဖြစ်တာ။ သူလဲ ပိန်တာပဲ။ ကလေးကြောင့် ချိုသန်း အလုပ်မဆင်းနိုင်တော့ ယောက်ျားလုပ်ခက ရှစ်ကျပ်ရယ်။ ဒီတော့ ထွက်ပြီး အရင်ကျဘမ်းအလုပ်တွေ ပြန်လုပ်တယ်။ ပုံမှန်မဟုတ်ပေမယ့် အဲဒီအလုပ်က နှစ်ဆယ်၊ အစိတ်ရတယ်လေ။

ကဲ... ဆရာမ စဉ်းစားကြည့်ပေါ့။ ချိုသန်းတို့ ၀င်ငွေက တစ်နေ့မှ ပျမ်းမျှတစ်ဆယ်လောက်ရယ်။ ဆန်ဖိုးက တစ်နေ့ငါးကျပ်၊ ဒါလွန်ခဲ့တဲ့ နှစ်နှစ် ဆန်ကြမ်းတစ်ပြည် ခြောက်ကျပ်တုန်းကနော်၊ ခုဆို ဆန်ကွဲတစ်ပြည် ခြောက်ကျပ်၊ ချိုသန်းတို့ လင်မယားနှစ်ယောက်ကလဲ အစားကြီးတယ်။ မနက် သုံးလုံး ညသုံးလုံးချက်ရတာ။ အဲဒီတော့ ဆန်ဖိုးက ငါးကျပ်၊ ငါးပိကား တစ်ကျပ်ခွဲ၊ ထင်းဖိုးကက နှစ်ကျပ်လောက်ကုန်တယ်။

ကလေးကိုလဲ အဖျားဖြတ်ဆေး ၀ယ်တိုက်ရသေးတယ်။ ဒါ... ယောက်ျား ထမင်းစားနိုင်တုန်းက ချိုသန်းတို့ အခြေအနေ။ ဘာပဲ ပြောပြော အဲဒီတုန်းကမှ ချိုသန်းတို့ ငါးပိနဲ့ ထမင်းနှစ်နပ် စားရသေးတယ်။ ခု ယောက်ျား အလုပ်မလုပ်နိုင်တော့တဲ့ အချိန်မှာ ချိုသန်းလုပ်စာနဲ့ ကလေးသုံးယောက်နဲ့ ထမင်း တစ်နပ်ပဲ စားနိုင်တော့တယ်။

ကလေးသုံးယောက်ကို ငိုငိုယိုယိုနဲ့ ယောက္ခမ အိမ်ဖြစ်ဖြစ် အမေ့အိမ်ဖြစ်ဖြစ် ထိုးထားခဲ့ပြီး ရေထမ်း၊ အ၀တ်လျှော်လိုက် လုပ်တာက ငါးကျပ်၊ ခြောက်ကျပ်ပဲရတာ။ ခု ဆန်ကြမ်း တစ်ပြည်က တစ်ဆယ်၊ ဆန် တစ်ခွက်ဝယ်လိုက်ရင် ချိုသန်းပိုက်ဆံကုန်ပြီ။ ဒီတော့ ချိုသန်းနဲ့ ကလေးနှစ်ယောက်စာ ဆန်နှစ်လုံးပဲ ၀ယ်နိုင်တယ်။ အငယ်ကလေးကိုတော့ ထမင်းမကျွေးဘူး။ နို့ပဲ တိုက်တယ်။ ဆန်နှစ်လုံးနဲ့ ငါးပိဝယ်လိုက်ရင် ချိုသန်းပိုက်ဆံက ကုန်ပြီပဲ။ ထမင်းနှစ်နပ် ဘယ်လိုလုပ် စားနိုင်ပါ့မလဲ။ ယောက်ျားကိုတောင် ကော်ဖီလေး၊ လက်ဖက်ရည်လေး တိုက်ချင်ရင် ချိုသန်း ပိုက်ဆံ ပိုပို မိုမို ရတဲ့နေ့မှ တိုက်နိုင်တယ်။

ဒီတော့ ဆရာမရယ် ချိုသန်း နို့ထွက်အောင် ငါးပုစွန်ဟင်းချို နားကိုလဲ မကပ်နိုင်ပါဘူး။ သားသည်မအေမို့ ခဏ ခဏ ဆာပေမယ့်လဲ ခဏ ခဏ မစားနိုင်ပါဘူး။ ကလေးတွေကိုလဲ ဆရာမ ပြောသလို လေးလကတည်းကပဲ ဘာမှ မကျွေးခဲ့ဘူး။ နို့ဖြတ်တော့လဲ လူကြီးစားတဲ့ ထမင်းကလွဲရင် ဘာမှ မကျွေးနိုင်ပါဘူး။ ဆန်ကြမ်း မာကောက်ကက်ကို ငါးပိရည်ကျဲဆမ်းပြီး ရေတစ်ခွက်နဲ့ စားရရှာတာပါပဲ။ အရသာမရှိတော့ ဟုတ်တိပတ်တိလဲ မစားပါဘူး ဆရာမရယ်။

ဆရာမပြောတာတွေ အကုန်မှန်ပါတယ်။ နွားနို့၊ ငှက်ပျောသီး၊ ကြက်ဥ၊ ဘယ်နားသွားဝယ်ဝယ်ရပါတယ်။ ကန်စွန်းရွက်တို့ ပဲပင်ပေါက်တို့၊ ဟင်းသီး ဟင်းရွက်တွေလဲ ဈေးထဲမှာ ပြည့်လို့ ဟုတ်ပါတယ် ဆရာမရယ်။

ဒါပေမယ့် ငှက်ပျောသီး တစ်လုံး တစ်ကျပ်၊ ကြက်ဥတစ်လုံး နှစ်ကျပ်၊ ဟိုတုန်းက သိပ်ဈေးပေါတဲ့ ကန်စွန်းရွက်တစ်စီးဟာ ပြားငါးဆယ် ပေးရတယ် ဆရာမရဲ့။ နောက်ပြီးတော့ ဗမာပြည်မှာ ပဲပေါ့တာ မှန်ပေမယ့် အခု ပဲ စားနိုင်တဲ့ လူတန်းစားဟာ သေဌေးတွေ ဆရာမရဲ့ သိလား။ ပဲပြုတ် တစ်ဆယ်သားကို နှစ်ကျပ်ခွဲ။ ကုလားပဲတို့၊ ပဲနီလေးတို့ ပဲဝါလေးတို့ တစ်ဆယ်သားကို သုံးကျပ်ဆရာမရဲ့။

ဆရာမက ပြောတယ်နော်။ ဆီဟာ အရေးကြီးဆုံးတဲ့။ ဆီက တခြားအစာတွေထက် အင်အားပိုကောင်းတယ်တဲ့။ ချိုသန်းကတော့ ကလေးတွေကို တစ်ခါမှ ဆီဆမ်းမကျွေးဖူးဘူး။ ချိုသန်းတို့မိသားစု ဆီမစားတာ ကြာပြီ။ ဆီ တစ်ဆယ်သားကို ခြောက်ကျပ် ဆရာမရဲ့။ ချိုသန်း ကလေးတွေကို ဖိုးလမင်းဆီက တကယ်တောင်းရမှပဲ ထမင်းဆီဆမ်း ကျွေးနိုင်တော့မယ်ထင်ပါရဲ့။

ဆရာမ ပြောရင်လဲ ခံရမှာပါပဲ။ ဟုတ်ပါတယ်။ ချိုသန်း ကလေးကို ဂရုမစိုက်ခဲ့ပါဘူး။ အကြီးကောင်မလေးတုန်းကမှ သားဦးဆိုပြီး ချိုသန်း တတ်နိုင်သလောက် ဂရုစိုက်ခဲ့သေးတယ်။ ဒီ အလတ်ကောင်လေးဟာ ဒဏ်အခံရဆုံးပါ ဆရာမရယ်။ အကြီးမွေးတုန်းက ပေါင်လဲပြည့်တယ်၊ ၀၀တုတ်တုတ်လေး၊ ဆံပင်တွေကလဲ မည်းနေတာပဲ။

အလတ်ကောင်ကျတော့ ပေါင်မပြည့်ဘူး၊ ဒါပေမယ့် မအေ နို့မထွက်တထွက်နဲ့ပဲ နည်းနည်းပြောင်ပြောင်ရောင်ရောင်လေး ဖြစ်လာသေးတယ်။ တကယ်ကျတော့ ချိုသန်း သားသမီး သုံးယောက်ထဲမှာ ဟောဒီကောင် ရုပ် အဖြောင့်ဆုံးရယ်၊ မျက်လုံးလဲ ၀ိုင်းတယ်၊ နှာတံလဲ ပေါ်တယ်၊ ပါးခွက်လေးပါတယ်။ သူရယ်ရင် သိပ်ချစ်စရာကောင်းတာပဲ။

ဟိုတုန်းကလေ သူ့ကို ချိုသန်း အကြာကြီး ကြည့်ကြည့်နေမိတာပဲ။ ခုတော့ ကြည့်ပါဦး၊ ၀ိုင်းတယ်ဆိုတဲ့ မျက်လုံးလေးတွေကိုက ပြူးထွက်လို့၊ ဗိုက်ကလေးက ပူလို့၊ ပျော့အိ ရှုံ့ တွနေတဲ့ မျက်နှာပြင် အသားတွေ ပေါ်မှာ ပါးခွက်လေးလဲ ပျောက်သွားပြီ။

ပါးစပ်လေးဟပြီး အသက်ရှူနေတဲ့ ပုံစံဟာ ဆရာမရုံးခန်းထဲမှာ ကပ်ထားတဲ့ ပိုစတာက ကလေးနဲ့ တထပ်ထဲပါလား သားရယ်။ အို... မကြည့်ဘူး.... မကြည့်ဘူး။ ချိုသန်း ဒီကလေးကို မကြည့်တာ ကြာပြီ။

ကလေးမှာ အာဟာရချို့တဲ့ရောဂါဖြစ်နေပြီတဲ့၊ တီဘီ ဖြစ်နေပြီတဲ့၊ ဆေးရုံ တက်ရမယ်တဲ့။ သိပ်ခက်တာပဲ ဆရာမရယ်။ ချိုသန်း ဆေးရုံတော့ မတက်ပါရစေနဲ့။ ချိုသန်း ဆေးရုံတက်လို့ ဘယ်လိုလို့ ဖြစ်မှာလဲ။ ချိုသန်း ကလေးနှစ်ယောက်ကို ဘယ်သူ ရှာကျွေးမလဲ၊ ချိုသန်း ယောက်ျားကို ဘယ်သူ လက်ဖက်ရည် တိုက်မလဲ။

ဒါပေမယ့် တီဘီဆိုတာ ကြောက်စရာကြီးနော်၊ သေနိုင်တယ်နော်၊ ပြီးတော့ ဆရာမပြောတာ.. အင်အားကုန်ခမ်းပြီး မသေရင်တောင်မှ လူစဉ်မမီ ဖြစ်တတ်တယ်တဲ့၊ ချိုသန်း ဘယ်လို လုပ်ရပါ့မလဲနော်။

ချိုသန်းလေ ဒါလောက်လဲ ဖြစ်လာမယ်မထင်လို့ ဆရာမပေးလိုက်တဲ့ဆေးတွေကိုလဲ ရောင်းစားလိုက်မိတာပါ။ ချိုသန်း အဲဒီနေ့က ကလေးကို  ဆေးရုံလာပြရတဲ့အတွက် အလုပ် မလုပ်ရဘူး ဆရာမရဲ့၊ ချိုသန်း ဘယ်လို လုပ်ထမင်းစားမလဲ။ ဆရာမပေးတဲ့ ဆေးတွေ ရောင်းတာ ခုနှစ်ကျပ်ရတယ်။ တကယ်ဆို ဒီဆေးတွေ ရောင်းရကောင်းမှန်း ချိုသန်း မသိပါဘူး ဆရာမရယ်၊ ဘုရားစူးရပါစေရဲ့။

အဲဒီနေ့က ဆေးယူပြီး ဆေးရုံ ပြင်ဘက်ရောက်တော့ သစ်ပင်အောက်မှာ ဆေးလုံးလေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ မိသားစု တစ်စုကို ချိုသန်းတွေ့တယ်၊ ဟော... ဟော... ဟိုမှာ ဆေးပေးခန်းရှေ့မှာ တန်းစီနေကြတဲ့ အဒေါ်ကြီးပေါ့။ သူ့သားနှစ်ယောက်လဲ ပါတယ်။

သူတို့က သစ်ပင်ရိပ်အောက်မှာ သားအမိတစ်တွေ နင်က ဆေးဘယ်လောက်ရသလဲ၊ ငါက ဘယ်လောက်ရတယ်နဲ့ စုနေကြတာ။ ပြီးတော့ လူနာမှတ်တမ်းစာအုပ်လေးတွေကို သိမ်းပြီး တစ်ယောက်က ဆေးသွားရောင်းတယ်။ ပြန်လာတော့ လက်ထဲမှာ ငွေတစ်ဆယ်ကျော်လောက်ပါလာတယ်။

အဲဒီတော့မှာ မိန်းမကြီးက ကောင်လေးတွေကို "နင်တို့ အိမ်ပြန်နှင့်ကျ၊ ငါဈေးသွားဝယ်ဦးမယ်" ဆိုပြီး ပျာပျာ ပျာပျာနဲ့ ထွက်သွားရော၊ အဲဒီတင် ချိုသန်းလဲ အကြံရပြီး ကောင်လေးတွေကို ကပ်မေးကြည့်ရတယ်။

ကောင်လေးတွေက ချိုသန်းဆေးတွေကို ယူကြည့်ပြီး....

"ဟာ... အစ်မဆေးတွေဆို ဈေးရမယ်တဲ့။ ကျွန်တော်တို့ ရတဲ့ ဘာမီတွန်တို့၊ ပါရာစီတမော့တို့တောင် တစ်လုံးပြားခြောက်ဆယ်ရတာ၊ အေးလေ... ကျွန်တော်တို့က ဘာရောဂါမှ သိပ်မဖြစ်တာ၊ အဲဒီလို ဆေးတွေ ဘယ်ရပါ့မလဲ" တဲ့။

သူကပဲ ချိုသန်းဆေးတွေကို သွားရောင်းပေးတယ်။  "မင်းတို့ ဒီမှာ နေ့တိုင်းလုပ်တာလား" လို့ မေးတော့ "ဟုတ်တယ်" တဲ့။ ပြီးတော့ ပြောလိုက်သေးတယ်။ "အစ်မလဲ လုပ်ချင်ရင် လာခဲ့ပေါ့တဲ့၊ ဒီလိုလုပ်နေတဲ့လူတွေ အများကြီးပဲ၊ အလုပ်မှ မရှိတာ အစ်မရယ်တဲ့။ အစ်မ လူနာမှတ်တမ်းစာအုပ်ဖိုးပဲ အရင်းစိုက်ရမှာ" တဲ့။

ချိုသန်း ငွေခုနှစ်ကျပ်ထဲကနေ ကလေးကို နွားနို့တစ်ခွက် ၀ယ်တိုက်တယ်၊ ငှက်ပျောသီး ငါးမူးတန် တစ်လုံးဝယ်ကျွေးလိုက်တယ်၊ ဆရာမလဲ ပြောလို့ပါ။ ဆေးလဲတိုက်၊ အားရှိမယ့် အစာတွေလဲကျွေး၊ အစားအသောက်ကျွေးတာက ပိုကောင်းတယ်ဆိုလို့ပါ။

ဒါပေမယ့် ဒီကောင် နွားနို့ကို သိပ်မသောက်ဘူး ဆရာမရဲ့၊ တစ်ဝက်ပဲ သောက်တယ်၊ ကျန်တာ သူ့အဖေ သောက်လိုက်ရတယ်။ ငှက်ပျောသီးတော့ စားတယ်။ ဒါပေမယ့် မပြောချင်ပါဘူး ဆရာမရယ်၊ အကြီးကောင်မလေ၊ ကဲလိုက်တဲ့ ကောင်မ၊ ကလေးထဲက လုစားလို့ ရိုက်လိုက်ရသေးတယ်။

နောက်နေ့တွေ ချိုသန်းလဲ ငှက်ပျောသီးလောက်တော့ ၀ယ်ကျွေးနိုင်အောင် ကြိုးစားပါတယ်။ ဒါပေမယ့် ဆန်ဖိုးထဲက ပါသွားတဲ့အခါလဲ ပါသွားတာပေါ့ ဆရာမရေ။ ကလေးကလဲ သိပ်မစားတော့ ချိုသန်းလဲ ဒီအတိုင်းပဲ နေလိုက်မိတာ၊ ဆေးရုံလဲ မလာဖြစ်တော့ဘူး။ တကယ်တော့ ကလေးက ရောဂါဝင်လာလို့ မစားတော့တာကိုး။

"ကဲ... ခုန ဆေးရုံတက်ရမယ့် ကလေး ဘယ်ရောက်သွားပြီလဲ၊ နိုင်လင်းအောင်.... နိုင်လင်းအောင်...၊ ဦးမြင့်နိုင် ဒီကိုလာပါ။"

ဟော... ခေါ်နေပြီ။ ချိုသန်း ဘယ်လို လုပ်ရမလဲ။ ခုန ဆရာမ အခန်းထဲက ထွက်လာပြီးကတည်းက ကျွန်မစဉ်းစားဦးမယ်ဆိုပြီး ဒီခုံတန်းပေါ်လာထိုင်နေတာ ဆရာမကတော့ ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်း ပစ္စယလေးတွေ ပြန်ယူတဲ့။

ချိုသန်းမှာ ယူခိုင်းစရာ အ၀တ်လဲ မပါဘူး၊ အိမ်မှာလဲ ယူခိုင်စရာ ပစ္စည်းဘာမှ မရှိဘူး။ ဘာတွေလိုမှန်းလဲ ချိုသန်း မသိပါဘူး၊ အင်း... စောင်တို့ ခေါင်းအုံးတို့ ယူရမှာလား။ ညစ်ပတ်စုတ်ပြတ်နေတဲ့ ချိုသန်းတို့ စောင် ခေါင်းအုံးတွေ မယူချင်ပါဘူး။ ရေဘူးတို့၊ ဓာတ်ဘူးတို့လဲ ချိုသန်းမှာ မရှိပါဘူး၊ ကလေးအကျီ အ၀တ်အစားတို့၊ ချိုသန်း အ၀တ်အစားတို့၊ ယူရမှာပေါ့နော်။ အဲဒါတွေလဲ ယူစရာ မရှိဘူး။

ကလေးရော ချိုသန်းရော လတ်တာဆိုလို့ ဒီအ၀တ်လေးတွေပဲရှိတာ။ အိမ်မှာ ရှိတာက ချိုသန်း ရေထမ်းရင်း ၀တ်တဲ့ အစုတ်တွေပဲ၊ ကလေးကလဲ အိမ်မှာဆို များသောအားဖြင့် ကိုယ်တုံးလုံးလေးနေတာများတာ။ အင်း... ပစ္စည်း ပြန်ယူဦးမယ် ဆိုပြီး ပြန်မလာတော့ဘဲ နေလိုက်ရင်လဲ ရတော့ ရသား။ ဒါပေမယ့် ဆရာမ ခမျာလဲ အာပေါက်မတတ်ပြောပြထားရှာတာ ပြန်သွားလို့ ကောင်းပါ့မလား၊ ပြီးတော့ သားလေးကကော။

ရင်ခွင်ထဲမှာ တအီးအီးညည်းနေတဲ့ ကလေးကို ချိုသန်း ငုံ့ကြည့်လိုက်မိတယ်။ သမီးနှစ်ယောက်ကြားက သားယောက်ျားလေးဆိုပြီး သူ့အဖေက ပိုချစ်တဲ့ သားကလေး နိုင်လင်းအောင်၊ ပါးစပ်လေးဟပြီး အသက်ရှူ ရင်း ပြူး ထွက်နေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေရှာတဲ့ သားကလေးကို မကြည့်ရဲသလို ချိုသန်း မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်။

ဆက်ရန်.....



[Sunday, February 23, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည်(အင်းဝ)

0 comments

အပိုင်း(၁)။

ကဲ... ဘယ်လိုလဲ ကလေးအမေ၊ ရှင် ကျွန်မဆီကို ဒုတိယအကြိမ်မြောက် ရောက်လာပြန်ပြီ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဟာ အရက် နှစ်ဆယ်ကျော်ကွာတယ်။ ဟောဒီမယ်ကြည့်၊ စာအုပ်ထဲမှာ ကျွန်မ ရေးထားတာ၊ နေ့တိုင်းလာပြရန်တဲ့။ အရင်လ တွမ်တီးစကမ်းမှာ ရှင်လာပြတာ၊ အခု ဒီလ ဖစ်ဖတီးန် ရှိနေပြီ။ ပြောစမ်းပါဦး၊ ဒီကြားထဲမှာ ရှင်ဘာလုပ်နေလဲ၊ ရှင့်ကလေး ဘာဖြစ်နေတယ်လို့ ကျွန်မပြောလိုက်သလဲ။ ဘာဖြစ်နိုင်တယ်လို့ ကျွန်မ ပြောလိုက်သလဲ။

ခက်တယ်၊ ရှင်တို့နဲ့တော့ ခက်သေးတယ်။ ပြောလိုက်ရင်တော့ မျက်ရည်လေးကလယ်ကလယ်၊ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့။ ပြီးတော့ ကိုယ်ထင်ရာ လုပ်ကြရော။ အမေကယ်ပါ၊ အဘကယ်ပါ ဖြစ်တော့မှ ဆေးရုံကိုပြေးလာ၊ ကယ်ပါ ယူပါ တစာစာအော်၊ ကျွန်မတို့မှာ အပြေးအလွှား အသည်းအသန် ကုရ သရ၊ အသက်တစ်ချောင်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရနဲ့၊ ဟူး... တော်တော်ခက်တာပဲ။

ကဲ.... နိုင်လင်းအောင်တို့အမေ၊ ရှင့်ကလေးကို ဘာဖြစ်သလဲလို့ ကျွန်မ မမေးတော့ဘူး။ မေးရင်လဲ ပထမတစ်ခါ လာပြတုန်းကလိုပဲ အားနည်းလို့ပါ လို့ ရှင်ဖြေဦးမှာပဲ မဟုတ်လား။ ကျွန်မကတော့ ရှင်မှတ်မိသထက် မှတ်မိအောင် ဒုတိယအကြိမ် ထပ်ပြောရဦးမယ်။

ရှင့်ကလေးဟာ အားနည်းတာ တစ်ခုတည်းကြောင့် နေမကောင်း ဖြစ်တာမဟုတ်ဘူး။ အားနည်းတာ တစ်ခုတည်းကြောင့် ပိန်နေတာမဟုတ်ဘူး။ သေချာမှတ်ထား၊ ရှင့်ကလေးဟာ အာဟာရချို့တဲ့  တဲ့ ရောဂါဖြစ်နေတာ သိလား။ ကလေး ဗိုက်ပူနေတာ၊ မျက်တွင်းတွေကျပြီး မျက်လုံးပြူးထွက်နေတာ တအားပိန်ပြီး အရိုးအဆစ်တွေ ချောင်နေတာတွေ အကုန်လုံးဟာ အာဟာရချို့တဲ့လို့ ဖြစ်နေတာတွေ ချည့်ပဲ။

ကဲပါ... ခုမှ ကိုယ့်ကလေးကိုယ် မမြင်ဖူးသလို ကြည့်မနေပါနဲ့။ လာ.. ရှေ့ကို တိုးခဲ့စမ်းပါဦး။ ကလေးအီတာတော့ အီတာပေါ့။ ဘာဖြစ်လို့ ကလေးကို ဒီလောက် လှုပ်ယမ်း ချော့နေရတာလဲ။ နေမှ မကောင်းဘဲ၊ ကလေးက အီတော့မှာပေါ့၊ ငိုတော့မှာပေါ့။ အင်း... ချောင်းလေးကလဲ ဆိုးတယ် ဟုတ်လား။ ညနေဘက်ရော အဖျားတက်သလား၊ တက်တယ်။ အင်း... ဟုတ်ပြီ၊ ကလေးက မောလဲ မောနေတယ်။

ထုံးစံအတိုင်း နောက်ဆက်တွဲ တီဘီ က လာပြီပေါ့။ မှန်းစမ်း နည်းနည်း စမ်းကြည့်ရအောင်။ ချောင်းကလဲ ဘယ်လောက်များ ဆိုးထားသလဲ မသိဘူး။ ကလေးမျက်နှာလေးတောင် ယောင်နေပြီ။

ဒီတိုင်း ဆိုရင်တော့... ကလေးကို ဆေးရုံတင်ရလိမ့်မယ် ကလေးအမေ၊ နိုးမရဘူး၊ ဆေးရုံမတက်ချင်ဘူးဆိုတဲ့ စကားပြောဖို့ ရှင့်ပါးစပ်ကို တပြင်ပြင် လုပ်မနေနဲ့။ ကျွန်မပြောတာ နားထောင်ပါ၊ ကြာရင် ရှင့်ကလေး လုံးပါးပါးသွားလိမ့်မယ်။ ဆေးရုံတက်မှကို ဖြစ်မယ်။ ကလေးရောဂါက တစ်ခုတည်း မဟုတ်တော့ဘူး။ နှစ်ခုကို တစ်ပြိုင်တည်း ကုရမှာ။

ပထမတစ်ကြိမ်လာကတည်းက ကျွန်မ ရှင့်ကို သေချာ ပြောပြတယ်၊ သေချာမှာတယ်နော်။  ကလေးမှာ သိပ်အာဟာရချို့တဲ့နေပြီ၊ ဂရုစိုက်ပါ။ ကလေးကို ဆေးမှန်မှန်တိုက်ပါ၊ အစားမှန်မှန် ကျွေးပါလို့ ကျွန်မ ပြောတယ်မဟုတ်လား။ ရှင့်ကလေးမှာ ဖြစ်နေတာက အာဟာရချို့တဲ့ ရောဂါ။ ဒီရောဂါ ဘာလို့ဖြစ်တာလဲ၊ ဒီရောဂါကို ဘယ်လိုကုမလဲ၊ ရှင်းရှင်းလေးရယ်၊ ဒီရောဂါဟာ အစာမစားရလို့ ဖြစ်တာ၊ ဒီရောဂါပျောက်ဖို့အတွက်က အစာမှန်မှန် ကျွေးရမယ်။ အထူးသဖြင့် ကလေးအာဟာရဖြစ်စေမယ့် အစားအသောက်တွေ မှန်မှန်ကျွေးရမယ်။ ဒါပဲ။

ကျွန်မပေးတဲ့ဆေးတွေ၊ အားဆေးတွေ လေ။ ရှင့်ကို ပေးလိုက်ပါရောလား၊ ဘားပလက်၊ ဗီတာဇုံ၊ စီဗစ်။ အဲဒီဆေးတွေ သောက်ရုံနဲ့ ရှင့်ကလေး အာဟာရ ပြည့်ဝမလာဘူး။

အဲဒါကိုလည်း မှတ်ထားဦး။ အားဆေးတွေဟာ ဗီတာမင်တွေကို ပြည့်ဝလာစေမယ်၊ ကြွယ်ဝလာစေမယ်။ ဗီတာမင်ကြောင့် စားချင်စိတ် ရှိလာမယ်၊ စားချင် သောက်ချင်ရှိလာတာပဲ ဖြစ်မယ်။ အာဟာရ ဖြစ်စေမှာ မဟုတ်ဘူး။ အာဟာရ ဖြစ်ဖို့အတွက်က အားဆေးမှန်မှန်ကျွေးလို့ စားချင် သောက်ချင် ဖြစ်လာတဲ့ ကလေးကို အစား မှန်မှန် ကျွေးမှ၊ နော်.. သိလား။

ပြောသာ ပြောရတယ်။ ဆေးတွေလဲ တိုက်ရဲ့လား မသိပါဘူး၊  ရှင် ကလေးကို ဆေးရော တိုက်ရဲ့လား၊ မေးလိုက်ရင် ခေါင်းကတော့ ညိတ်ပြီးသားပဲ၊ တိုက်လဲ ဘာထူးမှာလဲ၊ တစ်ခါပဲလာပြီး နောက်ပေါ်မှ မလာတာ။ ရှင် ခေါင်းညိတ်လို့သာ ကျွန်မတော့ မထင်ပါဘူး။ ဘယ့်နှယ့်လဲ၊ ဆေးထုပ်အတိုင်း ဘုရားစင်ပေါ်မှာ တင်ထားသလား။ ဒါမှမဟုတ် သွားလေးရော့ဟယ်ဆိုပြီး လွှင့်ပစ်လိုက်သလား။ ဟင်... ကလေးအမေ။ ပြုံးစိစိလုပ်မနေနဲ့။ ကျွန်မ ပြောနေတာတွေဟာ ရယ်စရာတွေ မဟုတ်ဘူး။

နောက်ပြီး ကျွန်မ တစ်ခုပြောဦးမယ်။ အာဟာရ ဖြစ်စေမယ့် အစားအစာကို ကျွေးပါ၊ ကျွေးပါလို့ ကျွန်မတို့ပြောတိုင်း ရှင်တို့ထင်နေတာ ရှိသေးတယ်။ အာဟာရ ဖြစ်စေမယ့် အစားအစာဆိုတာ ဈေးကြီးတဲ့ ဟောလစ်တို့၊ အိုဗာတင်းတို့၊ မိုင်လိုတို့၊ ပန်းသီးတို့... ဒါတွေ ထင်နေတယ်။ ဈေးကြီးလို့ မတတ်နိုင်ဘူး၊ မကျွေးနိုင်ဘူး ပြောတယ်။ မတတ်နိုင်ဘဲနဲ့၊ မကျွေးပါနဲ့၊ ရပါတယ်၊ အဲဒါတွေ ကျွေးနိုင်မှ အာဟာရဖြစ်တာ မဟုတ်ပါဘူး။ ရှင်တို့ ကျွန်မတို့ နေတိုင်းစားနေတဲ့ ဗမာပြည်တွင်းမှာပဲ ရတဲ့ အစားအသောက်တွေကိုပဲ ကျွေးစမ်းပါ။

နိုင်ငံခြားဖြစ် ဟောလစ်၊ အိုဗာတင်းဖျော်တိုက်မှ မဟုတ်ပါဘူး၊ ကျွန်မတို့ဆီမှာ ဘယ်နားသွားဝယ်ဝယ်ရတဲ့ နွားနို့တိုက်စမ်းပါ၊ ပန်းသီးကျွေးမှ မဟုတ်ပါဘူး၊ ငှက်ပျော်သီးကျွေး၊ ကွမ်းယာဆိုင်တိုင်းမှာတောင် ၀ယ်လို့ရတယ်။ ကြက်ဥ၊ ငါး၊ အသား၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ဟင်းသီးဟင်းရွက်၊ ပြီးတော့ ပဲအမျိုးမျိုး ချက်ကျွေး သိပ်အာဟာရဖြစ်တာပေါ့။

အသားငါး မကျွေးနိုင်ဘူး ဆိုရင်တောင်မှ ပဲရှိတယ်။ ပဲငါးကျပ်သားနဲ့ အသား ငါးကျပ်သားနဲ့ အတူတူပဲ။ ပဲဟင်းဆိုတာ ကိုယ့်အိမ်မှာလဲ နေ့တိုင်းလိုလို ချက်စားနေကြတာပဲဟာ၊ ဘယ်နိုင်ငခြားကမှလဲ လာတာမဟုတ်ဘူး၊ ဗမာပြည်လောက် ပဲ အမျိုးမျိုးထွက်တာ ရှိမလား၊ နော်... ဟုတ်တယ် မဟုတ်လား ကျွန်မပြောတာ။

ရှင့်ကို ဟိုတစ်ခါတည်းက ကျွန်မ ပြောလိုက်တယ် မဟုတ်လား၊ ကလေးနို့ဖြတ်တဲ့ အချိန်ဟာ အရေးကြီးဆုံးအချိန်လို့၊ အဲဒီအချိန်မှာ ဖြည့်စွက်အစာတွေ စနစ်တကျကျွေးဖို့ သိပ်လိုတယ်။ ဖြည့်စွက်အစာဆိုတာ နို့ဖြတ်မှ မဟုတ်ဘူး။ ကလေး လေးလ ထဲက ကျွေးလို့ ရတယ်။ ကျွေးလဲ ကျွေးရမယ်။ ထမင်း၊ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ဆန်ပြုတ် ကျွေးချင်တာ ကျွေးရတယ်။ အာလူးပြုတ်၊ ကန်စွန်းဥပြုတ်၊ ငှက်ပျောသီး၊ သင်္ဘောသီး ကျွေးလို့ ရတယ်၊ ဒါဖြည့်စွက်အစာတွေပဲ။

ပထမအစမှာ ဆန်ပြုတ်ကျဲကျဲကို ငါးတို့ ကြက်သားတို့နဲ့ ရောကျိုပြီးတိုက်၊ ဟင်းချိုရည်ကို ဟင်းရွက်တို့ ဆိတ်ရိုးတစ်ရိုးနဲ့ ပြုတ်ပြီးတိုက်၊ ကြက်ဥပြုတ် မကျက်တကျက်ကို ဇွန်းလေးနဲ့ကျွေး။

နောက်ပြီးတော့ အရေးကြီးတာက ဆီ၊ ဆီက တခြားအစာတွေထက် အင်အားဓါတ် ပိုပါတယ်။ ထမင်းဆီဆမ်းကို ၀ါးခွံ့ပြီး ကျွေးနိုင်တယ်။ ခြောက်လကျော်ရင် ထမင်းဆီဆမ်းမှ ငါး၊ ပုစွန်အစို၊ အခြောက်၊ ကြက်ဥတို့၊ ပဲအမျိုးမျိုးတို့ကို ရောပြီး ချေပြီး ကျွေးနိုင်တယ်။

ထမင်းအဖြူချည့် မကျွေးချင်ရင်လဲ ထမင်းကို ပိတ်စသန့်သန့်လေးနဲ့ တိုက်ပြီး ထမင်းအနှစ်ကိုကျွေး၊ အဲဒီ ထမင်းအနှစ်နဲ့ နို့မှုန့်နဲ့ ရောပြီး ကျွေးနိုင်ရင် ပိုတောင် ကောင်းသေးတယ်။ ရှင်တို့က မအေနို့နဲ့တင် လုံလောက်တယ်လို့ ထင်နေတာ၊ အသားငါးကျွေးရင် နို့မဖြတ်မချင်း မကျွေးကြဘူး။

အဲ... မအေနို့ကလဲ မထွက်တထွက်ဆိုရင်တော့ ပြီးရော။ ကလေးဟာ ဘယ်လိုမှ အာဟာရပြည့်ဝတဲ့ ကလေးဖြစ်မလာတော့ဘူး။ နို့ဖြတ်ပြီးတော့လဲ အာဟာရဖြစ်စေတဲ့ အစားအစာကို မကျွေးဘူးဆိုရင် ဒီကလေးဟာ အာဟာရ ချို့တဲ့ ရောဂါ ဖြစ်တော့တာပဲ။

ဒီရောဂါ အဖြစ်အများဆုံးအရွယ်ဟာ နို့ဖြတ်စ အရွယ်တွေပဲ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် အဖြစ်အများဆုံးပဲ။ လူကြီးက ဂရုစိုက်ကျွေးမှ စားရရှာတဲ့ အရွယ်လေးတွေရှင့်။ ကြက်ကလေးတွေ အစာပက်သလို ခဏ ခဏကျွေး ကျွေးပေးရမယ်။ လေးနှစ် ငါးနှစ်ကျတော့ သူဆာရင် ဆာသလို ဗိုက်ဝအောင် စာတတ်ပြီဆိုတော့ ဒီရောဂါဖြစ်နိုင်ချေက နည်းသွားပြီ။

တစ်ချို့ကျတော့လဲ ဖြည့်စွက်အစာ မကျွေးတဲ့ အပြင် နို့ဖြတ်တာလဲ သိပ်စောတာပဲ။ သူ့ကိုကော ရှင် နို့ဖြတ်လိုက်ပြီ မဟုတ်လား၊ ဘယ်အရွယ်က ဖြတ်လိုက်တာလဲ။ ဘယ်လောက်၊ ဆယ့်တစ်လ ဟုတ်လား။ သြော်... ကျယ်ကျယ်ပြောပါ ကလေးအမေရယ်၊ ကျယ်ကျယ်ပြောလို့ ရှင့်ကို ဘယ်သူကမှ ဘာမှ မလုပ်ဘူး။

အင်း... ရှင် နို့ဖြတ်တာ စောတာပေါ့၊ နှစ်နှစ်ထိ မိခင်နို့တိုက်သင့်တယ်။ ကလေးက ဒါအငယ်ဆုံးလား၊ မဟုတ်ဘူး၊ နောက်ကလေး ရှိသေးတယ် ပေါ့၊ ဖြစ်ရမယ်လေ။ နောက်ကလေးကတော့ နို့တိုက်တုံးလား၊ ဖြည့်စွက်အစာကော ကျွေးသလား၊ ကျွေးမှာ မဟုတ်ပါဘူး။

နေစမ်းပါဦး၊ ကလေးက ဘယ်နှစ်ယောက်လဲ၊ နှစ်ယောက်ထဲလား၊ အင်... သုံးယောက်၊ အကြီးရှိသေးတယ်ပေါ့၊ အကြီးကကော နေကောင်းရဲ့လား၊ အင်း... နေကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်တယ်၊ ပိန်တယ်ဟုတ်လား၊ ပြဿနာပဲ၊ ပြဿနာပဲ ကလေးအမေရေ။

ရှင်တို့တွေ အကုန်လုံးကို စနစ်တကျ ချက်ပြုတ်ထားတဲ့ အာဟာရ ထမင်းဟင်းတို့၊ ဆန်ပြုတ်တို့ကို မှန်မှန်ကျွေးပေးမှ ဖြစ်တော့မှာ၊ ရှင့်ကိုယ် ရှင်လဲ ကြည့်ဦး၊ ရှင် သိပ်ပိန်တာပဲ၊ ရှင်ပါ အာဟာရ စားသင့်နေပြီ။

ရှင် အစားများများ မစားဘူးထင်တယ်၊ နို့တိုက်နေတဲ့ မိခင်ဟာ စားနေကျထက် ထမင်းတစ်နပ်စာ ပိုစားရတယ်။ ဆာတိုင်း စားရတယ် သိလား၊ နို့ထွက်သန်အောင် ဟင်းချိုလဲ များများသောက်ပေးရတယ်၊ ငါးဟင်းချိုတို့ ပုစွန်ဟင်းချိုတို့မှာ ဟင်းရွက်လေး ခပ်သောက်နိုင်ရင် သာကောင်းသေး။ ဟင်း... ရှင့် ကြည့်ရတာ သောက်မယ့်ပုံလဲ မပေါ်ပါဘူး။

ကလေးအမေရေ... ဒီမှာ အရင်ကတော့ အာဟာရ နေ့တိုင်း ကျွေးတယ်လေ။ အစားအစာကို အာဟာရ မပျက်အောင် သေချာချက်ပြုတ်ထားတာ။ တစ်နေ့ကို နှစ်ကြိမ် ကျွေးတယ်။ အများဆုံးကျွေးတဲ့ အာဟာရကတော့ ဆန်ပြုတ်ပေါ့။ ဒါပေမယ့် အသားနဲ့ ငါးနဲ့ ကျကျနန ပြုတ်ထားတာ။ ဆန်ပြုတ်ထဲမှာ အသားပါရင်ပါ၊ ငါးပါရင်ပါ မပါရင် ကန်စွန်းဥတို့အာလူးတို့ ထည့်ပြီး ပြုတ်တယ်။ နို့မှုန့်တို့ ဘာတို့လဲ ထည့်တယ်၊ ကလေးတွေ သိပ်ကြိုက်ကြတာပဲ။

မနက် တစ်ကြိမ်ကျွေးပြီး နေ့လယ်ကလေးတွေ အိပ်ပြီးတဲ့ အချိန်မှလဲ ငှက်ပျောသီးတို့ ဘာတို့ ရာသီပေါ် အသီးအနှံလေးတွေ ကျွေးသေးတယ်။ မုန့်လဲ ကျွေးတယ်။ ကျွန်မတို့မှာ ရန်ပုံငွေရှိရင် ရှိသလိုပေါ့လေ။ ဆေးရုံဘတ်ဂျက်ရယ်၊ ယူနီဆက်ကပေးတာရယ်၊ အလှူရှင်တွေက လှူတာတွေရယ်နဲ့ပေါင်းပြီး ကျွေးရ မွေးရတာ။

အလှူရှင်များတဲ့လ ဆိုရင်တော့ ကောင်းကောင်းလေး ကျွေးနိုင်တာပေါ့။ အင်း.... အရင်ကတော့ ကျွန်မတို့လို ဆင်ခြေဖုံးမြို့နယ် ဆေးရုံတိုင်းမှာ ရှိတာပေါ့လေ။ တစ်ခုတော့ရှိတယ်။ ဟယ်လ်ပင်လမ်းက ကလေးဆေးရုံမှာတော့ နျူထရေးရှင်းကို ကျွန်မတို့ထက် ပိုလုပ်နိုင်တယ်၊ အဲဒီမှာ နျူထရေှးရှင်းဝါ့ဒ် သတ်သတ်၊ အာဟာရချို့တဲ့မှု ဆိုင်ရာ ဌာန သတ်သတ်ရှိတယ်။

ကလေးအမေရေ... ရှင် အဲဒီ ဆေးရုံသွားနိုင်ရင်တော့ သိပ်ကောင်းမှာပဲ။ အဲဒီမှာ ဆေးရုံတက်တဲ့ ကလေးတွေကို အာဟာရ စနစ်တကျ ကျွေးတယ်၊ အားဆေးကျွေးတယ်။ ပြီးတော့ ကလေးစောင့်တဲ့ မိခင်တွေကို တစ်ပတ်မှာ တစ်နေ့ အာဟာရ ဗဟုသုတ ပညာပေး ဟောပြောတယ်။ အစားအစာကို အာဟာရ မပျက်အောင် စီမံချက်ပြုတ်နည်းတွေကို လက်တွေ့သင်ပေးတယ် သိလား။

ဘယ့်နှယ့်လဲ၊ ရှင် သွားမလား။ မသွားဘူး မဟုတ်လား၊ ကျွန်မ သိပြီးသားပါ။

ဒီလိုပဲ ရှင်တို့လို နျူထရေးရှင်း ပေးရှင့်တွေ ဘယ်တော့မှ မသွားကြဘူး၊ ကိုယ့်မြို့နယ် ဆင်ခြေဖုံး ဆေးရုံမှာပဲ အတင်းတွယ်ကပ်နေကြတာပဲ။ အင်းလေ... ဆန်းတော့ မဆန်းပါဘူး။ ဒီဆေးရုံကိုတောင်မှ သေခါ ပေါင်းလဲ ဖြစ်တော့မှ ရှင်တို့ တက်ကြတာ။ အိုပီဒီကိုတောင်မှ မှန်မှန်လာကြတဲ့ ဟာတွေ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့က ဘယ်လို ကုရမလဲ ကလေးအမေရဲ့။ ဟင်... ဆိုစမ်းပါဦး၊ ကျွန်မတို့က ဘယ်လို ကုရမလဲ။

အခုပဲကြည့်၊ ရှင် အိုပီဒီကို မှန်မှန် မလာဘူး၊ နေ့တိုင်းလာပါဆိုတာကို အရက်နှစ်ဆယ်ကျော်မှ နောက်တစ်ခေါက်လာတယ်။ နောက်ရောဂါတစ်ခု ဖြစ်လာတော့မှ လာတယ်။ ကျွန်မပြောတာ၊ ဆိုတာ၊ မှာတာ၊ ကြားတာတွေကိုလဲ တစ်ခုမှ မလိုက်နာဘူး။ တစ်ခုမှ မလုပ်ဘူး။

ကဲ.... ခု ရှင့်ကလေး အာဟာရ ချို့တဲ့ရုံတင် မဟုတ်တော့ဘူး၊ တီဘီပါ ဖြစ်နေပြီ။ တီဘီဖြစ်တာ အာဟာရချို့တဲ့လွန်းပြီး ကိုယ်ခံအားနည်းလာလို့ ရောဂါဝင်လာတာ၊ အာဟာရချို့တဲ့ ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါပဲ။ တီဘီတင်မှ မဟုတ်ဘူး။ ကိုယ်ခံအားနည်းလာရင် တခြားရောဂါပေါင်းစုံလဲ ဘာဖြစ်ဖြစ် ၀င်နိုင်တာပဲ။

ဖျားနာ၊ ၀မ်းလျှော၊ ၀က်သက်၊ ကျောက်ကပ်၊ အသားဝါ ရောဂါပေါင်းစုံ အကုန်ဝင်နိုင်တယ်။ ကိုယ်ခန္ဒာ အနာတွေ ဗလပွ ပေါက်လာမယ်၊ ရှင့်ကို ကျွန်မ ပြောလိုက်မှာက ကလေးကို ဂရုစိုက်ပါ၊ အာဟာရဖြစ်စေမယ့် အစာမှန်မှန် ကျွေးပါ၊ ဒီ အာဟာရချို့တဲ့တာကို ပြတ်အောင် မကုနိုင်ရင် တခြားရောဂါတွေ ၀င်လာလိမ့်မယ် ဆိုတာလေ။

ကဲ... ရှင်က ကျွန်မပြောတာကို ဂရုမစိုက်ဘူး၊ ခု ရှင့်ကလေး တီဘီဖြစ်နေပြီ။ ဆေးရုံတက်ရမယ်၊ အိုပီဒီ မှန်မှန်လာရုံနဲ့ မရတော့ဘူး၊ နေပါဦး... ကလေး လေးငါးခြောက်လတုန်းကကော ကာကွယ်ဆေး ခြောက်မျိုး ထိုးလိုက်သေးလား၊ တီဘီ ကာကွယ်ဆေးလဲ ပါတယ်လေ၊ ထိုးသေးလား။

မထိုးဘူး။ ကောင်းတယ်၊ ကောင်းတယ်။ ကဲ.... ဒီတော့ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့။ ကလေးကို ဆေးရုံတင်ပါ၊ ဒီနေ့တင်ပါ။ လိုအပ်တဲ့ ပစ္စည်း ပစ္စယလေးတွေ ယူပြီး ဒီနေ့ ဆေးရုံတက်ပါ။ အဖော်ပါသလား၊ အပြင်မှာ အဖော်ပါရင် အဖော်ကို အိမ်ပြန်လွှတ်လိုက်။ ရှင်တို့ သားအမိ မပြန်နဲ့တော့။ ဟုတ်လား။ ရော့... ဒီမှာ စာအုပ်ပြန်ယူ၊ အပြင်က ဆရာမဆီသွား၊ ဆေးရုံတက်ဖို့ သူလုပ်ပေးလိမ့်မယ်။

ကျွန်မကို စောဒကတက်ဖို့ မကြိုးစားပါနဲ့ ကလေးအမေ၊ ဆေးရုံမတက်လို့ မဖြစ်ဘူး၊ ကလေးရဲ့ ရောဂါက နှစ်ခုတောင် ရှင်ရဲ့၊ တီဘီရော အာဟာရချို့တဲ့ ရောဂါရော၊ တီဘီဒဏ်ကြောင့် ကလေးအားအင်ကုန်ခန်းမယ်၊ အာဟာရချို့တဲ့ ရောဂါကြောင့်လဲ ကလေးဦးနှောက် မဖွံ့ဖြိုးတော့ပဲ ဉာဏ်စဉ်၊ လူစဉ် မမီဘဲ ဖြစ်တတ်တယ်။ ရှင့်သားလေး တစ်ခုခု ဖြစ်သွားမှာ ရှင်မစိုးရိမ်ဘူးလားဟင်။

ရှင့်သားလေး၊ အနာရောဂါကင်းစင်ပြီး ဖြူဖြူဖွေးဖွေး၊ ၀၀ကစ်ကစ်၊ မျက်လုံးလေးကြည်ကြည်၊ ပါးလေးဖောင်းဖောင်းနဲ့ စကားမပီကလာ ပီကလာ ပြောပြီး ရယ်မောနေတာကို ရှင်မမြင်ချင်ဘူးလား ဟင်။

အခု ရှင့်သားလေးကို ကြည့်ပါဦး၊ ကိုယ်လုံးလေးက ပိန်လို့၊ ပါးချောင်လေးတွေက ကျလို့၊ မျက်တွင်းလေးတွေက ကျလို့၊ ဗိုက်ကလေးက ပူပူ၊ အသားအရေတွေက ပျော့အိတွဲကျပြီး အနာတွေ ဗလပွနဲ့ ရှင့်သားလေးကို ရှင် မသနားဘူးလားဟင်။

ဆက်ရန်.........