ကြာပီ

[Sunday, February 23, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည်(အင်းဝ)

အပိုင်း(၁)။

ကဲ... ဘယ်လိုလဲ ကလေးအမေ၊ ရှင် ကျွန်မဆီကို ဒုတိယအကြိမ်မြောက် ရောက်လာပြန်ပြီ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဟာ အရက် နှစ်ဆယ်ကျော်ကွာတယ်။ ဟောဒီမယ်ကြည့်၊ စာအုပ်ထဲမှာ ကျွန်မ ရေးထားတာ၊ နေ့တိုင်းလာပြရန်တဲ့။ အရင်လ တွမ်တီးစကမ်းမှာ ရှင်လာပြတာ၊ အခု ဒီလ ဖစ်ဖတီးန် ရှိနေပြီ။ ပြောစမ်းပါဦး၊ ဒီကြားထဲမှာ ရှင်ဘာလုပ်နေလဲ၊ ရှင့်ကလေး ဘာဖြစ်နေတယ်လို့ ကျွန်မပြောလိုက်သလဲ။ ဘာဖြစ်နိုင်တယ်လို့ ကျွန်မ ပြောလိုက်သလဲ။

ခက်တယ်၊ ရှင်တို့နဲ့တော့ ခက်သေးတယ်။ ပြောလိုက်ရင်တော့ မျက်ရည်လေးကလယ်ကလယ်၊ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့။ ပြီးတော့ ကိုယ်ထင်ရာ လုပ်ကြရော။ အမေကယ်ပါ၊ အဘကယ်ပါ ဖြစ်တော့မှ ဆေးရုံကိုပြေးလာ၊ ကယ်ပါ ယူပါ တစာစာအော်၊ ကျွန်မတို့မှာ အပြေးအလွှား အသည်းအသန် ကုရ သရ၊ အသက်တစ်ချောင်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရနဲ့၊ ဟူး... တော်တော်ခက်တာပဲ။

ကဲ.... နိုင်လင်းအောင်တို့အမေ၊ ရှင့်ကလေးကို ဘာဖြစ်သလဲလို့ ကျွန်မ မမေးတော့ဘူး။ မေးရင်လဲ ပထမတစ်ခါ လာပြတုန်းကလိုပဲ အားနည်းလို့ပါ လို့ ရှင်ဖြေဦးမှာပဲ မဟုတ်လား။ ကျွန်မကတော့ ရှင်မှတ်မိသထက် မှတ်မိအောင် ဒုတိယအကြိမ် ထပ်ပြောရဦးမယ်။

ရှင့်ကလေးဟာ အားနည်းတာ တစ်ခုတည်းကြောင့် နေမကောင်း ဖြစ်တာမဟုတ်ဘူး။ အားနည်းတာ တစ်ခုတည်းကြောင့် ပိန်နေတာမဟုတ်ဘူး။ သေချာမှတ်ထား၊ ရှင့်ကလေးဟာ အာဟာရချို့တဲ့  တဲ့ ရောဂါဖြစ်နေတာ သိလား။ ကလေး ဗိုက်ပူနေတာ၊ မျက်တွင်းတွေကျပြီး မျက်လုံးပြူးထွက်နေတာ တအားပိန်ပြီး အရိုးအဆစ်တွေ ချောင်နေတာတွေ အကုန်လုံးဟာ အာဟာရချို့တဲ့လို့ ဖြစ်နေတာတွေ ချည့်ပဲ။

ကဲပါ... ခုမှ ကိုယ့်ကလေးကိုယ် မမြင်ဖူးသလို ကြည့်မနေပါနဲ့။ လာ.. ရှေ့ကို တိုးခဲ့စမ်းပါဦး။ ကလေးအီတာတော့ အီတာပေါ့။ ဘာဖြစ်လို့ ကလေးကို ဒီလောက် လှုပ်ယမ်း ချော့နေရတာလဲ။ နေမှ မကောင်းဘဲ၊ ကလေးက အီတော့မှာပေါ့၊ ငိုတော့မှာပေါ့။ အင်း... ချောင်းလေးကလဲ ဆိုးတယ် ဟုတ်လား။ ညနေဘက်ရော အဖျားတက်သလား၊ တက်တယ်။ အင်း... ဟုတ်ပြီ၊ ကလေးက မောလဲ မောနေတယ်။

ထုံးစံအတိုင်း နောက်ဆက်တွဲ တီဘီ က လာပြီပေါ့။ မှန်းစမ်း နည်းနည်း စမ်းကြည့်ရအောင်။ ချောင်းကလဲ ဘယ်လောက်များ ဆိုးထားသလဲ မသိဘူး။ ကလေးမျက်နှာလေးတောင် ယောင်နေပြီ။

ဒီတိုင်း ဆိုရင်တော့... ကလေးကို ဆေးရုံတင်ရလိမ့်မယ် ကလေးအမေ၊ နိုးမရဘူး၊ ဆေးရုံမတက်ချင်ဘူးဆိုတဲ့ စကားပြောဖို့ ရှင့်ပါးစပ်ကို တပြင်ပြင် လုပ်မနေနဲ့။ ကျွန်မပြောတာ နားထောင်ပါ၊ ကြာရင် ရှင့်ကလေး လုံးပါးပါးသွားလိမ့်မယ်။ ဆေးရုံတက်မှကို ဖြစ်မယ်။ ကလေးရောဂါက တစ်ခုတည်း မဟုတ်တော့ဘူး။ နှစ်ခုကို တစ်ပြိုင်တည်း ကုရမှာ။

ပထမတစ်ကြိမ်လာကတည်းက ကျွန်မ ရှင့်ကို သေချာ ပြောပြတယ်၊ သေချာမှာတယ်နော်။  ကလေးမှာ သိပ်အာဟာရချို့တဲ့နေပြီ၊ ဂရုစိုက်ပါ။ ကလေးကို ဆေးမှန်မှန်တိုက်ပါ၊ အစားမှန်မှန် ကျွေးပါလို့ ကျွန်မ ပြောတယ်မဟုတ်လား။ ရှင့်ကလေးမှာ ဖြစ်နေတာက အာဟာရချို့တဲ့ ရောဂါ။ ဒီရောဂါ ဘာလို့ဖြစ်တာလဲ၊ ဒီရောဂါကို ဘယ်လိုကုမလဲ၊ ရှင်းရှင်းလေးရယ်၊ ဒီရောဂါဟာ အစာမစားရလို့ ဖြစ်တာ၊ ဒီရောဂါပျောက်ဖို့အတွက်က အစာမှန်မှန် ကျွေးရမယ်။ အထူးသဖြင့် ကလေးအာဟာရဖြစ်စေမယ့် အစားအသောက်တွေ မှန်မှန်ကျွေးရမယ်။ ဒါပဲ။

ကျွန်မပေးတဲ့ဆေးတွေ၊ အားဆေးတွေ လေ။ ရှင့်ကို ပေးလိုက်ပါရောလား၊ ဘားပလက်၊ ဗီတာဇုံ၊ စီဗစ်။ အဲဒီဆေးတွေ သောက်ရုံနဲ့ ရှင့်ကလေး အာဟာရ ပြည့်ဝမလာဘူး။

အဲဒါကိုလည်း မှတ်ထားဦး။ အားဆေးတွေဟာ ဗီတာမင်တွေကို ပြည့်ဝလာစေမယ်၊ ကြွယ်ဝလာစေမယ်။ ဗီတာမင်ကြောင့် စားချင်စိတ် ရှိလာမယ်၊ စားချင် သောက်ချင်ရှိလာတာပဲ ဖြစ်မယ်။ အာဟာရ ဖြစ်စေမှာ မဟုတ်ဘူး။ အာဟာရ ဖြစ်ဖို့အတွက်က အားဆေးမှန်မှန်ကျွေးလို့ စားချင် သောက်ချင် ဖြစ်လာတဲ့ ကလေးကို အစား မှန်မှန် ကျွေးမှ၊ နော်.. သိလား။

ပြောသာ ပြောရတယ်။ ဆေးတွေလဲ တိုက်ရဲ့လား မသိပါဘူး၊  ရှင် ကလေးကို ဆေးရော တိုက်ရဲ့လား၊ မေးလိုက်ရင် ခေါင်းကတော့ ညိတ်ပြီးသားပဲ၊ တိုက်လဲ ဘာထူးမှာလဲ၊ တစ်ခါပဲလာပြီး နောက်ပေါ်မှ မလာတာ။ ရှင် ခေါင်းညိတ်လို့သာ ကျွန်မတော့ မထင်ပါဘူး။ ဘယ့်နှယ့်လဲ၊ ဆေးထုပ်အတိုင်း ဘုရားစင်ပေါ်မှာ တင်ထားသလား။ ဒါမှမဟုတ် သွားလေးရော့ဟယ်ဆိုပြီး လွှင့်ပစ်လိုက်သလား။ ဟင်... ကလေးအမေ။ ပြုံးစိစိလုပ်မနေနဲ့။ ကျွန်မ ပြောနေတာတွေဟာ ရယ်စရာတွေ မဟုတ်ဘူး။

နောက်ပြီး ကျွန်မ တစ်ခုပြောဦးမယ်။ အာဟာရ ဖြစ်စေမယ့် အစားအစာကို ကျွေးပါ၊ ကျွေးပါလို့ ကျွန်မတို့ပြောတိုင်း ရှင်တို့ထင်နေတာ ရှိသေးတယ်။ အာဟာရ ဖြစ်စေမယ့် အစားအစာဆိုတာ ဈေးကြီးတဲ့ ဟောလစ်တို့၊ အိုဗာတင်းတို့၊ မိုင်လိုတို့၊ ပန်းသီးတို့... ဒါတွေ ထင်နေတယ်။ ဈေးကြီးလို့ မတတ်နိုင်ဘူး၊ မကျွေးနိုင်ဘူး ပြောတယ်။ မတတ်နိုင်ဘဲနဲ့၊ မကျွေးပါနဲ့၊ ရပါတယ်၊ အဲဒါတွေ ကျွေးနိုင်မှ အာဟာရဖြစ်တာ မဟုတ်ပါဘူး။ ရှင်တို့ ကျွန်မတို့ နေတိုင်းစားနေတဲ့ ဗမာပြည်တွင်းမှာပဲ ရတဲ့ အစားအသောက်တွေကိုပဲ ကျွေးစမ်းပါ။

နိုင်ငံခြားဖြစ် ဟောလစ်၊ အိုဗာတင်းဖျော်တိုက်မှ မဟုတ်ပါဘူး၊ ကျွန်မတို့ဆီမှာ ဘယ်နားသွားဝယ်ဝယ်ရတဲ့ နွားနို့တိုက်စမ်းပါ၊ ပန်းသီးကျွေးမှ မဟုတ်ပါဘူး၊ ငှက်ပျော်သီးကျွေး၊ ကွမ်းယာဆိုင်တိုင်းမှာတောင် ၀ယ်လို့ရတယ်။ ကြက်ဥ၊ ငါး၊ အသား၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ဟင်းသီးဟင်းရွက်၊ ပြီးတော့ ပဲအမျိုးမျိုး ချက်ကျွေး သိပ်အာဟာရဖြစ်တာပေါ့။

အသားငါး မကျွေးနိုင်ဘူး ဆိုရင်တောင်မှ ပဲရှိတယ်။ ပဲငါးကျပ်သားနဲ့ အသား ငါးကျပ်သားနဲ့ အတူတူပဲ။ ပဲဟင်းဆိုတာ ကိုယ့်အိမ်မှာလဲ နေ့တိုင်းလိုလို ချက်စားနေကြတာပဲဟာ၊ ဘယ်နိုင်ငခြားကမှလဲ လာတာမဟုတ်ဘူး၊ ဗမာပြည်လောက် ပဲ အမျိုးမျိုးထွက်တာ ရှိမလား၊ နော်... ဟုတ်တယ် မဟုတ်လား ကျွန်မပြောတာ။

ရှင့်ကို ဟိုတစ်ခါတည်းက ကျွန်မ ပြောလိုက်တယ် မဟုတ်လား၊ ကလေးနို့ဖြတ်တဲ့ အချိန်ဟာ အရေးကြီးဆုံးအချိန်လို့၊ အဲဒီအချိန်မှာ ဖြည့်စွက်အစာတွေ စနစ်တကျကျွေးဖို့ သိပ်လိုတယ်။ ဖြည့်စွက်အစာဆိုတာ နို့ဖြတ်မှ မဟုတ်ဘူး။ ကလေး လေးလ ထဲက ကျွေးလို့ ရတယ်။ ကျွေးလဲ ကျွေးရမယ်။ ထမင်း၊ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ဆန်ပြုတ် ကျွေးချင်တာ ကျွေးရတယ်။ အာလူးပြုတ်၊ ကန်စွန်းဥပြုတ်၊ ငှက်ပျောသီး၊ သင်္ဘောသီး ကျွေးလို့ ရတယ်၊ ဒါဖြည့်စွက်အစာတွေပဲ။

ပထမအစမှာ ဆန်ပြုတ်ကျဲကျဲကို ငါးတို့ ကြက်သားတို့နဲ့ ရောကျိုပြီးတိုက်၊ ဟင်းချိုရည်ကို ဟင်းရွက်တို့ ဆိတ်ရိုးတစ်ရိုးနဲ့ ပြုတ်ပြီးတိုက်၊ ကြက်ဥပြုတ် မကျက်တကျက်ကို ဇွန်းလေးနဲ့ကျွေး။

နောက်ပြီးတော့ အရေးကြီးတာက ဆီ၊ ဆီက တခြားအစာတွေထက် အင်အားဓါတ် ပိုပါတယ်။ ထမင်းဆီဆမ်းကို ၀ါးခွံ့ပြီး ကျွေးနိုင်တယ်။ ခြောက်လကျော်ရင် ထမင်းဆီဆမ်းမှ ငါး၊ ပုစွန်အစို၊ အခြောက်၊ ကြက်ဥတို့၊ ပဲအမျိုးမျိုးတို့ကို ရောပြီး ချေပြီး ကျွေးနိုင်တယ်။

ထမင်းအဖြူချည့် မကျွေးချင်ရင်လဲ ထမင်းကို ပိတ်စသန့်သန့်လေးနဲ့ တိုက်ပြီး ထမင်းအနှစ်ကိုကျွေး၊ အဲဒီ ထမင်းအနှစ်နဲ့ နို့မှုန့်နဲ့ ရောပြီး ကျွေးနိုင်ရင် ပိုတောင် ကောင်းသေးတယ်။ ရှင်တို့က မအေနို့နဲ့တင် လုံလောက်တယ်လို့ ထင်နေတာ၊ အသားငါးကျွေးရင် နို့မဖြတ်မချင်း မကျွေးကြဘူး။

အဲ... မအေနို့ကလဲ မထွက်တထွက်ဆိုရင်တော့ ပြီးရော။ ကလေးဟာ ဘယ်လိုမှ အာဟာရပြည့်ဝတဲ့ ကလေးဖြစ်မလာတော့ဘူး။ နို့ဖြတ်ပြီးတော့လဲ အာဟာရဖြစ်စေတဲ့ အစားအစာကို မကျွေးဘူးဆိုရင် ဒီကလေးဟာ အာဟာရ ချို့တဲ့ ရောဂါ ဖြစ်တော့တာပဲ။

ဒီရောဂါ အဖြစ်အများဆုံးအရွယ်ဟာ နို့ဖြတ်စ အရွယ်တွေပဲ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် အဖြစ်အများဆုံးပဲ။ လူကြီးက ဂရုစိုက်ကျွေးမှ စားရရှာတဲ့ အရွယ်လေးတွေရှင့်။ ကြက်ကလေးတွေ အစာပက်သလို ခဏ ခဏကျွေး ကျွေးပေးရမယ်။ လေးနှစ် ငါးနှစ်ကျတော့ သူဆာရင် ဆာသလို ဗိုက်ဝအောင် စာတတ်ပြီဆိုတော့ ဒီရောဂါဖြစ်နိုင်ချေက နည်းသွားပြီ။

တစ်ချို့ကျတော့လဲ ဖြည့်စွက်အစာ မကျွေးတဲ့ အပြင် နို့ဖြတ်တာလဲ သိပ်စောတာပဲ။ သူ့ကိုကော ရှင် နို့ဖြတ်လိုက်ပြီ မဟုတ်လား၊ ဘယ်အရွယ်က ဖြတ်လိုက်တာလဲ။ ဘယ်လောက်၊ ဆယ့်တစ်လ ဟုတ်လား။ သြော်... ကျယ်ကျယ်ပြောပါ ကလေးအမေရယ်၊ ကျယ်ကျယ်ပြောလို့ ရှင့်ကို ဘယ်သူကမှ ဘာမှ မလုပ်ဘူး။

အင်း... ရှင် နို့ဖြတ်တာ စောတာပေါ့၊ နှစ်နှစ်ထိ မိခင်နို့တိုက်သင့်တယ်။ ကလေးက ဒါအငယ်ဆုံးလား၊ မဟုတ်ဘူး၊ နောက်ကလေး ရှိသေးတယ် ပေါ့၊ ဖြစ်ရမယ်လေ။ နောက်ကလေးကတော့ နို့တိုက်တုံးလား၊ ဖြည့်စွက်အစာကော ကျွေးသလား၊ ကျွေးမှာ မဟုတ်ပါဘူး။

နေစမ်းပါဦး၊ ကလေးက ဘယ်နှစ်ယောက်လဲ၊ နှစ်ယောက်ထဲလား၊ အင်... သုံးယောက်၊ အကြီးရှိသေးတယ်ပေါ့၊ အကြီးကကော နေကောင်းရဲ့လား၊ အင်း... နေကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်တယ်၊ ပိန်တယ်ဟုတ်လား၊ ပြဿနာပဲ၊ ပြဿနာပဲ ကလေးအမေရေ။

ရှင်တို့တွေ အကုန်လုံးကို စနစ်တကျ ချက်ပြုတ်ထားတဲ့ အာဟာရ ထမင်းဟင်းတို့၊ ဆန်ပြုတ်တို့ကို မှန်မှန်ကျွေးပေးမှ ဖြစ်တော့မှာ၊ ရှင့်ကိုယ် ရှင်လဲ ကြည့်ဦး၊ ရှင် သိပ်ပိန်တာပဲ၊ ရှင်ပါ အာဟာရ စားသင့်နေပြီ။

ရှင် အစားများများ မစားဘူးထင်တယ်၊ နို့တိုက်နေတဲ့ မိခင်ဟာ စားနေကျထက် ထမင်းတစ်နပ်စာ ပိုစားရတယ်။ ဆာတိုင်း စားရတယ် သိလား၊ နို့ထွက်သန်အောင် ဟင်းချိုလဲ များများသောက်ပေးရတယ်၊ ငါးဟင်းချိုတို့ ပုစွန်ဟင်းချိုတို့မှာ ဟင်းရွက်လေး ခပ်သောက်နိုင်ရင် သာကောင်းသေး။ ဟင်း... ရှင့် ကြည့်ရတာ သောက်မယ့်ပုံလဲ မပေါ်ပါဘူး။

ကလေးအမေရေ... ဒီမှာ အရင်ကတော့ အာဟာရ နေ့တိုင်း ကျွေးတယ်လေ။ အစားအစာကို အာဟာရ မပျက်အောင် သေချာချက်ပြုတ်ထားတာ။ တစ်နေ့ကို နှစ်ကြိမ် ကျွေးတယ်။ အများဆုံးကျွေးတဲ့ အာဟာရကတော့ ဆန်ပြုတ်ပေါ့။ ဒါပေမယ့် အသားနဲ့ ငါးနဲ့ ကျကျနန ပြုတ်ထားတာ။ ဆန်ပြုတ်ထဲမှာ အသားပါရင်ပါ၊ ငါးပါရင်ပါ မပါရင် ကန်စွန်းဥတို့အာလူးတို့ ထည့်ပြီး ပြုတ်တယ်။ နို့မှုန့်တို့ ဘာတို့လဲ ထည့်တယ်၊ ကလေးတွေ သိပ်ကြိုက်ကြတာပဲ။

မနက် တစ်ကြိမ်ကျွေးပြီး နေ့လယ်ကလေးတွေ အိပ်ပြီးတဲ့ အချိန်မှလဲ ငှက်ပျောသီးတို့ ဘာတို့ ရာသီပေါ် အသီးအနှံလေးတွေ ကျွေးသေးတယ်။ မုန့်လဲ ကျွေးတယ်။ ကျွန်မတို့မှာ ရန်ပုံငွေရှိရင် ရှိသလိုပေါ့လေ။ ဆေးရုံဘတ်ဂျက်ရယ်၊ ယူနီဆက်ကပေးတာရယ်၊ အလှူရှင်တွေက လှူတာတွေရယ်နဲ့ပေါင်းပြီး ကျွေးရ မွေးရတာ။

အလှူရှင်များတဲ့လ ဆိုရင်တော့ ကောင်းကောင်းလေး ကျွေးနိုင်တာပေါ့။ အင်း.... အရင်ကတော့ ကျွန်မတို့လို ဆင်ခြေဖုံးမြို့နယ် ဆေးရုံတိုင်းမှာ ရှိတာပေါ့လေ။ တစ်ခုတော့ရှိတယ်။ ဟယ်လ်ပင်လမ်းက ကလေးဆေးရုံမှာတော့ နျူထရေးရှင်းကို ကျွန်မတို့ထက် ပိုလုပ်နိုင်တယ်၊ အဲဒီမှာ နျူထရေှးရှင်းဝါ့ဒ် သတ်သတ်၊ အာဟာရချို့တဲ့မှု ဆိုင်ရာ ဌာန သတ်သတ်ရှိတယ်။

ကလေးအမေရေ... ရှင် အဲဒီ ဆေးရုံသွားနိုင်ရင်တော့ သိပ်ကောင်းမှာပဲ။ အဲဒီမှာ ဆေးရုံတက်တဲ့ ကလေးတွေကို အာဟာရ စနစ်တကျ ကျွေးတယ်၊ အားဆေးကျွေးတယ်။ ပြီးတော့ ကလေးစောင့်တဲ့ မိခင်တွေကို တစ်ပတ်မှာ တစ်နေ့ အာဟာရ ဗဟုသုတ ပညာပေး ဟောပြောတယ်။ အစားအစာကို အာဟာရ မပျက်အောင် စီမံချက်ပြုတ်နည်းတွေကို လက်တွေ့သင်ပေးတယ် သိလား။

ဘယ့်နှယ့်လဲ၊ ရှင် သွားမလား။ မသွားဘူး မဟုတ်လား၊ ကျွန်မ သိပြီးသားပါ။

ဒီလိုပဲ ရှင်တို့လို နျူထရေးရှင်း ပေးရှင့်တွေ ဘယ်တော့မှ မသွားကြဘူး၊ ကိုယ့်မြို့နယ် ဆင်ခြေဖုံး ဆေးရုံမှာပဲ အတင်းတွယ်ကပ်နေကြတာပဲ။ အင်းလေ... ဆန်းတော့ မဆန်းပါဘူး။ ဒီဆေးရုံကိုတောင်မှ သေခါ ပေါင်းလဲ ဖြစ်တော့မှ ရှင်တို့ တက်ကြတာ။ အိုပီဒီကိုတောင်မှ မှန်မှန်လာကြတဲ့ ဟာတွေ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့က ဘယ်လို ကုရမလဲ ကလေးအမေရဲ့။ ဟင်... ဆိုစမ်းပါဦး၊ ကျွန်မတို့က ဘယ်လို ကုရမလဲ။

အခုပဲကြည့်၊ ရှင် အိုပီဒီကို မှန်မှန် မလာဘူး၊ နေ့တိုင်းလာပါဆိုတာကို အရက်နှစ်ဆယ်ကျော်မှ နောက်တစ်ခေါက်လာတယ်။ နောက်ရောဂါတစ်ခု ဖြစ်လာတော့မှ လာတယ်။ ကျွန်မပြောတာ၊ ဆိုတာ၊ မှာတာ၊ ကြားတာတွေကိုလဲ တစ်ခုမှ မလိုက်နာဘူး။ တစ်ခုမှ မလုပ်ဘူး။

ကဲ.... ခု ရှင့်ကလေး အာဟာရ ချို့တဲ့ရုံတင် မဟုတ်တော့ဘူး၊ တီဘီပါ ဖြစ်နေပြီ။ တီဘီဖြစ်တာ အာဟာရချို့တဲ့လွန်းပြီး ကိုယ်ခံအားနည်းလာလို့ ရောဂါဝင်လာတာ၊ အာဟာရချို့တဲ့ ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါပဲ။ တီဘီတင်မှ မဟုတ်ဘူး။ ကိုယ်ခံအားနည်းလာရင် တခြားရောဂါပေါင်းစုံလဲ ဘာဖြစ်ဖြစ် ၀င်နိုင်တာပဲ။

ဖျားနာ၊ ၀မ်းလျှော၊ ၀က်သက်၊ ကျောက်ကပ်၊ အသားဝါ ရောဂါပေါင်းစုံ အကုန်ဝင်နိုင်တယ်။ ကိုယ်ခန္ဒာ အနာတွေ ဗလပွ ပေါက်လာမယ်၊ ရှင့်ကို ကျွန်မ ပြောလိုက်မှာက ကလေးကို ဂရုစိုက်ပါ၊ အာဟာရဖြစ်စေမယ့် အစာမှန်မှန် ကျွေးပါ၊ ဒီ အာဟာရချို့တဲ့တာကို ပြတ်အောင် မကုနိုင်ရင် တခြားရောဂါတွေ ၀င်လာလိမ့်မယ် ဆိုတာလေ။

ကဲ... ရှင်က ကျွန်မပြောတာကို ဂရုမစိုက်ဘူး၊ ခု ရှင့်ကလေး တီဘီဖြစ်နေပြီ။ ဆေးရုံတက်ရမယ်၊ အိုပီဒီ မှန်မှန်လာရုံနဲ့ မရတော့ဘူး၊ နေပါဦး... ကလေး လေးငါးခြောက်လတုန်းကကော ကာကွယ်ဆေး ခြောက်မျိုး ထိုးလိုက်သေးလား၊ တီဘီ ကာကွယ်ဆေးလဲ ပါတယ်လေ၊ ထိုးသေးလား။

မထိုးဘူး။ ကောင်းတယ်၊ ကောင်းတယ်။ ကဲ.... ဒီတော့ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့။ ကလေးကို ဆေးရုံတင်ပါ၊ ဒီနေ့တင်ပါ။ လိုအပ်တဲ့ ပစ္စည်း ပစ္စယလေးတွေ ယူပြီး ဒီနေ့ ဆေးရုံတက်ပါ။ အဖော်ပါသလား၊ အပြင်မှာ အဖော်ပါရင် အဖော်ကို အိမ်ပြန်လွှတ်လိုက်။ ရှင်တို့ သားအမိ မပြန်နဲ့တော့။ ဟုတ်လား။ ရော့... ဒီမှာ စာအုပ်ပြန်ယူ၊ အပြင်က ဆရာမဆီသွား၊ ဆေးရုံတက်ဖို့ သူလုပ်ပေးလိမ့်မယ်။

ကျွန်မကို စောဒကတက်ဖို့ မကြိုးစားပါနဲ့ ကလေးအမေ၊ ဆေးရုံမတက်လို့ မဖြစ်ဘူး၊ ကလေးရဲ့ ရောဂါက နှစ်ခုတောင် ရှင်ရဲ့၊ တီဘီရော အာဟာရချို့တဲ့ ရောဂါရော၊ တီဘီဒဏ်ကြောင့် ကလေးအားအင်ကုန်ခန်းမယ်၊ အာဟာရချို့တဲ့ ရောဂါကြောင့်လဲ ကလေးဦးနှောက် မဖွံ့ဖြိုးတော့ပဲ ဉာဏ်စဉ်၊ လူစဉ် မမီဘဲ ဖြစ်တတ်တယ်။ ရှင့်သားလေး တစ်ခုခု ဖြစ်သွားမှာ ရှင်မစိုးရိမ်ဘူးလားဟင်။

ရှင့်သားလေး၊ အနာရောဂါကင်းစင်ပြီး ဖြူဖြူဖွေးဖွေး၊ ၀၀ကစ်ကစ်၊ မျက်လုံးလေးကြည်ကြည်၊ ပါးလေးဖောင်းဖောင်းနဲ့ စကားမပီကလာ ပီကလာ ပြောပြီး ရယ်မောနေတာကို ရှင်မမြင်ချင်ဘူးလား ဟင်။

အခု ရှင့်သားလေးကို ကြည့်ပါဦး၊ ကိုယ်လုံးလေးက ပိန်လို့၊ ပါးချောင်လေးတွေက ကျလို့၊ မျက်တွင်းလေးတွေက ကျလို့၊ ဗိုက်ကလေးက ပူပူ၊ အသားအရေတွေက ပျော့အိတွဲကျပြီး အနာတွေ ဗလပွနဲ့ ရှင့်သားလေးကို ရှင် မသနားဘူးလားဟင်။

ဆက်ရန်.........

0 comments: