ငါက အောင်လံကိုင်ဆောင်ဖို့
နှင်းတောင်ပေါ်ကို အတက်...
ငါ့သားက
အင်ဒိုနီးရှား ဆုမတ္တရကျွန်းဆွယ်
ရေလယ်သင်္ဘောမှာ ပက်လက်
မျက်ရည်စက်နဲ့ ဆက်သွယ်ပြီး
ကြီးကျယ်တဲ့ ရင်ထဲက ပဲ့တင်သံ
အပြန်ပြန်ရိုက်ခတ်
မီဒန်မြို့ဆေးရုံ ကမ်းခြေအစပ်မှာ
အမှတ်တရ သင်္ဂြိုဟ်ခဲ့ရတယ်။
နော်ဝေနိုင်ငံ ထိုင်းဘုန်းကြီးကျောင်းက
ခေါင်းလောင်းထိုးသံ
သားထံရောက်ပါစေသော်။
ကွာလာတန်ကျွန်းကို သင်္ဘောကပ်
မတ်တပ်က လဲကျ
အဖနဲ့ မိသားစုကို စွန့်ခွာပြီး
ကောင်းရာသုဂတိ သွားလေသလား
နှင်းကြားက ၀ိုးဝါးမှုန်
ငါ့လက်တွေ တုန်လို့
သားရုပ်ပုံ မှန်းတဆဆနဲ့
မျက်ရည်တွေ ကျခဲ့ရတယ်။
သားတို့လို လူငယ်များ
နိုင်ငံရပ်ခြားမှာ ဆင်းဆင်းရဲရဲနဲ့
ရင်ကွဲနာကျ အလုပ်လုပ်နေရရှာတဲ့
မြန်မာလူငယ်တွေရဲ့ဘဝ
ရင်နာစရာ ကောင်းလှတယ်။
အမိနိုင်ငံက မပျိုးထောင်နိုင်လေတော့
မခိုင်မာ မရေရာတဲ့ အနာဂတ်
သူများအရပ်မှာ ခိုကပ်ပြီး
ခြေနင်းဖတ်သဖွယ် မျက်နှာငယ်ရတဲ့
မြန်မာလူငယ်ကလေးတွေ
ပြေးစရာ မြေမရှိရှာပါကလား။
သူများနိုင်ငံတွေမှာတော့ မျိုးဆက်သစ်မှန်ရင်
ရှင်သန်အောင်ရေလောင်း
ကျောင်းတတ်လိုက် ခရီးထွက်လိုက်နဲ့
မျက်နှာလေးတွေ တရွှင်လန်းလန်း
လူငယ်ပန်းပွင့်လိုက်ကြ။
ငါတို့နိုင်ငံသား
လူငယ်များမှာတော့
ရေရှား မိုးရှား ပညာတံခါးတွေပိတ်
မျက်စိတွေပိတ် နားတွေပိတ်
တိရိစ္ဆာန်သဖွယ်
မျက်နှာဆီးရွက်လောက်ငယ်လို့
အရွယ်နဲ့ မမျှ
သေပန်းပွင့်ကြရရှာတယ်။
ကိုယ့်မွေးရပ် ကိုယ့်နိုင်ငံက
ဘူမိနက်သန်မဟုတ်လေတော့
သုသာန်မြေပြောင်းပြီး
ကောင်းရာဘုံ မြန်းကြလေရော့သလားကွယ်။
(မြန်မာနိုင်ငံသားလူငယ်များ အားလုံးအတွက် ရည်စူးဖွဲ့ဆိုထားပါတယ်။)
ဆရာ တင်မိုး
[Friday, June 1, 2007]
Subscribe to:
Posts (Atom)