အညာကို ပြန်ချင်တယ် -စိုင်းထီးဆိုင်
ကောင်းကင်ပေါ်လည်း မော်မကြည့်အား ခလုပ်တိုက်မိမှာစိုး
လူသူတွေက တသုတ်သုတ်နဲ့ လုပ်ငန်းခွင်သို့ အ၀င်
ရင်နာဖွယ်ရာ ပလတ်စတစ်ကောက်တဲ့ ကလေးများ ပြေးကာအလာ
သခင်ကြည်ဖြူအောင် ခွေးကြီးက ၀ိုင်းပြီးဟောင်တယ်လေ
ဒို့မြို့တော် ရှုခင်းက ရှည်ကြာနှစ်များ ဘာမှ မပြောင်းလဲဘူး။
အညာကို ပြန်ချင်တယ် တိုင်းရေးက ခက်ခဲသလို လွမ်းရေးက ပိုခက်ခဲ ၀မ်းရေးက အပိုဆုံးထင်မိတယ်
စောင့်သူမောရော့မယ် သားသမီးနဲ့ ဇနီးဆီ မြန်မြန်ပြန်လာမယ်။
ဆင်တူစုံညီ ကျောင်းစိမ်းနဲ့ ကျောင်းသားကျောင်းသူများ၊
ဝယ်သူစုံ ဗိုလ်ချုပ်ဈေးရှေ့ မျဉ်းကျားမှာ လမ်းအကူး
ယာဉ်တွေ မလာအောင် ရပ်ထားပေးတဲ့ လမ်းပြရဲမေများ
ဝီစီသံတွေ တရွှီးရွှီးနဲ့ ကားတိုက်မှုဆိုလား
နှလုံးရောဂါ မရသေးခင် ရွှေတိဂုံစေတီတော် ၀င်ဖူးအုန်းမှာ
အညာကို ပြန်ချင်တယ် လှပတဲ့ ရွှေမြို့သူ ၀င်းပတဲ့ ချစ်အပြုံးနဲ့
ဆွဲထားလည်း မနေဘူး ခြေဦးလည်
အသိစိတ်ထဲကရော မသိစိတ်ထဲကရော အိမ်သူဆွေ တစ်ယောက်ထဲ
အလယ်လူ တာတူးကတော့ ချိစ်ပဲ စားချင်သတဲ့
ဆုံဆုံလည်ကာ သူကြီးပတ်တဲ့ လက်ပတ်နာရီမျိုးတဲ့
လိမ္မာပါတယ် အကြီးဆုံးသမီးက အထွတ်အထိတ်ဦး သူငယ်ချင်း
အဆိုတော်တွေ လက်မှတ်ထိုးဖို့ သူ့ရဲ့ အော်တိုပတ်စ်
သားလေးနဲ့ ချစ်ဇနီးတော့ ဗမာနိုင်ငံကို မမှာတာပဲ ရှိမယ်။
အညာကို ပြန်ချင်တယ် ခဏခဏပဲ ကိုယ်ခွဲဖူးတဲ့ အကျင့်သားလေးတောင် မရပါတယ်
ရထားစထွက်တာနဲ့ နောက်ကြောင်းပြန်
အလုပ်က မပြီးသေးခင် စိတ်ကရောက်နှင့်ပြီ ကြင်နာသူတွေ ဆီ။
ခိုဖြူ အပြန် အစာကျွေးကြတဲ့ မြတ်ဘုရား ဆူးလေအ၀ိုင်း
လူတွေ မှောင်ခိုလက်မှတ်ရောင်းတဲ့ ရုပ်ရှင်ရုံများအောက်
လူကုံထံ ပျော်ပါးစားသောက်ကြတဲ့ ရပ်စတောရင့်တွေမှာ
ဘီယာဝင်ကာ စုပ်ရင်းနဲ့ နောက်တော့ အချုပ်ဆိုင်ပေါ့
မူးရင်းနဲ့ ငြင်းရင်းနဲ့ ကိုယ်လေဘယ်မှာ ဘယ်အခါ စည်းမဖေါက်ခဲ့
အညာကို ပြန်ချင်တယ် မြို့ကြီးရဲ့ အပျော်နည်းများ လက်ဖျားတော့ ခါလောက်ရဲ့
မထိုက်လို့လား ကိုယ်အကုန်မ၀င်ဆန့်တယ်။
မ.ယ.က ပဲ ယိုး အ.ခ.က ပဲ ဆို အရာရာခံနိုင်ပြီ။
ဘူတာရုံက ဂုံးတံတားကြီး ဖြတ်လျှောက်တဲ့ အခါတိုင်း
ဒါမှမဟုတ် ဟိုးအဝေးကြီးက ဥသြသံကြားတိုင်း
ရင်မှာလေ တရိပ်ရိပ်နဲ့ ဆွေးစိတ် တက်ကာလာ
ပြေလည်နေတဲ့ စုံတွဲလေးများ မျက်စိတဆုံးပါပဲ
တွေးမိသည် ငေးမိသည် အထင်ရယ် အမြင်ရယ် အသွင်ရယ် ရှုပ်ထွေးပြီ
အညာကို ပြန်ချင်တယ် အလှဟောင်းနဲ့ဆင်ထားတဲ့
ဘ၀အဟောင်းပဲ ကိုယ်တမ်းတ တသစ်ဆန်းလို့ ပြန်ပြီး ခေါ်ရမယ်
အချစ်ဟောင်းစုပြီးတော့ အချစ်သစ်ရောထည့်ကာ ပူဇော်ရန်လာမယ်။
Monday, June 22, 2009
အညာကို ပြန်ချင်တယ်
Posted by
ကြာပီ
at
11:44 PM
0
comments
Monday, April 20, 2009
လုံဒုံမှာ ဈေးဝယ်စရာ
လန်ဒန်မှာ အာရှသားတွေအတွက် ဈေးဝယ်ထွက်ရတာ နယ်မှာလောက် ဟင်းစားမရှားပါ။ ကိုယ်ကလည်း အစားတလုတ် အတွက်နဲ့ အင်မတန် ဒုက္ခရှာတတ်တဲ့သူဆိုတော့ ကိုယ်သိသလောက် ဈေးဝယ်ထွက်တဲ့ နေရာတွေ ရေးထားတာပါ။
မြင်းခွာရွက်၊ ဗုံလုံသီး၊ ဒန့်ဒလွန်သီး တို့ကို Walthamstow က သီရိလင်္ကာဆိုင်တွေမှာ ရတတ်ပါတယ်။ မြင်းခွာရွက်ကို ဖော့ပုံး အဖြူရောင်နဲ့ ထည့်ထားတတ်ပါတယ်။ တစည်းကို ၃၅ပြားလောက်ပဲ ပေးရပါတယ်။ ကြာသပတေးနေ့မှာ သွားရင် လတ်လတ်ဆတ်ဆတ်ရနိုင်ပါတယ်။
ဆူးပုတ်ရွက်၊ မန်ကျည်းသီးနု၊ ရန်ကုန်အခေါ် ရှမ်းနံနံ၊ ပင်စိမ်းတို့ကိုတော့ တရုတ်တန်းလမ်းမက New Lon Moon မှာ ၀ယ်ပါတယ်။ အဲဒီမှာ ဒညင်းသီးလည်း ရပါတယ်။ ဘုရားစူး ဒညင်းသီးပါ။ အရမ်းနုပြီး နံရုံမှတပါး စားလို့မကောင်းပါ။ ဒညင်းသီးနဲ့ဆင်ဆင်တူတဲ့ အသီးတမျိုးတော့ စားဖူးပါတယ်။ အဲဒီဆိုင်မှာပဲ ရပါတယ်။ အစိမ်းရောင်ရှိပြီး ဒညင်းအသေးစားနဲ့တူပါတယ်။ အခွံမပါ ပါဘူး။ ကြော်စားရင် စားလို့ကောင်းပါတယ်။ အဲဒီဆိုင်မှာပဲ ငပိရေကျိုလည်း ရပါတယ်။ ၀ယ်ထားပြီးသား မရှိလို့ မတင်ပေးရပါဘူး။
Sanction လုပ်ထားခံရတဲ့ မြန်မာပြည်မှ တင်ပို့သော မြန်မာငါး၊ ပုဇွန်များကိုတော့ Shadwell မှာ ရနိုင်ပါတယ်။ DLR စီးရပါမယ်။ station ကနေထွက်တာနဲ့ မျက်နှာချင်းဆိုင်လမ်းကြားတလျှောက်လုံးက မြန်မာ ရေခဲစိမ်ငါးတွေ ရနိုင်တဲ့ ဆိုင်တွေပါ။ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးဖယ်၊ ငါးသလောက်၊ ငါးကွင်းညို၊ ငါးသလောက်ဥ၊ တလားဗီးယား.. စတဲ့ ငါးတွေ ရတတ်ပါတယ်။ ဆိုင်တွေကို အရင် လျှောက်ကြည့်လိုက်ပါအုန်း။ အတူတူ အဖေါ်ဝယ်မယ့်သူရှိရင် ပိုတန်ပါတယ်။ တစ်ထုတ်ကို ၂ပေါင် ၃ထုတ်ကို ၅ပေါင်ဆိုတာမျိုး ရောင်းတတ်လို့ပါ။ ငါးရံ့ခြောက်လည်း အဲဒီလမ်းတလျှာက်က ဆိုင်တွေမှာ ရတတ်ပါတယ်။ ၁ကီလိုထုတ်ကို ၁၀ပေါင်ပါ။ လတ်မလတ်သေချာ အနံ့ခံနိုင်ရင် ပိုကောင်းပါတယ်။ ငါးဖေါင်ရိုးခြောက်လည်း ရတတ်ပါတယ်။ ၃ထုတ်ကို ၅ပေါင်လောက် ရှိပါတယ်။ ငါးတွေကလည်း ရေခဲနဲ့ ခဲပြီးရောင်းတာဆိုတော့ public transportနဲ့သွားရင် အထုတ်တွေ အတော်ဆွဲရမှာပါ။ ကားနဲ့သွားရင်တော့ ညနေပိုင်း ဒါမှမဟုတ် တနင်္ဂနွေနေ့မှ သွားရင် အဆင်ပြေနိုင်ပါတယ်။ parking ခက်လို့ပါ။ ဆိုင်တွေ အနောက်မှာ ခဏဆိုရင် ရပ်လို့ (တရားဝင်မဟုတ်)ရနိုင်ပေမယ့် ၁နာရီလောက်ကြာတဲ့ ခဏဆိုရင်တော့ Tower of Hamlet car pound မှာ ပေါင် ၂၀၀ ပေးပြီး သွားရွေးရနိုင်ပါတယ်။ ဗူးညွှန့်၊ သရက်ကင်း၊ ငှက်ပျောအူတို့လည်း အဲဒီလမ်းတလျှောက်က ဆိုင်တွေမှာ တခါတရံ ရတတ်ပါတယ်။
Turnpike Lane (piccadially) မှာတော့ စတေရှင်က ထွက်လိုက်ရင် ဘက်စ် စတေရှင်လို့ ပြထားတဲ့ဖက်ကို မတက်ပဲ ဘယ်ဖက်က(news agent ရှေ့နားက)နေ မြေအောက်လမ်းလေးအတိုင်း တက်သွားလိုက်ပါ။ အပေါ်ရောက်ရင် ရှေ့နားနည်းနည်းဆက်သွားလိုက်ပြီး လမ်းကူးလိုက်ပါ။ အသီးအနှံတွေကို အပြင်ထုတ်ထားတဲ့ ဆိုင်လေး( ဆိုင်နာမည်က Food Hall လို့ ထင်ပါတယ်။)ရောက်ရင် တောင်းလေးဆွဲပြီး ခ၀ဲသီး၊ ခရမ်းသီး၊ ဗူးသီး၊ ဒန့်ဒလွန်သီး၊ သရက်သီးကင်း၊ ကင်းပုံသီး တွေကို တွေ့ကရာအိတ်ဆွဲပြီး ကြိုက်သလောက် ထည့်လိုက်ပါ။ ဆိုင်ထဲကို ဆက်ဝင်သွားပါ။ Agar Agar တွေ့ရင် တောင်းထဲထည့်ပါ။ (ကျောက်ကျော လုပ်စားချင်နေတယ်မဟုတ်လား။ သိနေတယ်။) မတွေ့ရင်လည်း ဆိုင်ထဲကလူကို မေးပြီး မတွေ့တွေ့အောင်ရှာပါ။ ရှေ့ဆက်သွားပါ။ Whole Yellow Bean တွေ့ရင် ၂ထုတ်လောက် ထပ်ဆွဲပါ။ ပဲပြုတ်လုပ်စား ရအောင်ပါ။ ကူလ်ဖီးလည်း ကြိုက်တတ်တယ် မဟုတ်လား။ တဗူးလောက် ထည့်ခဲ့ပါလား။ ပဲပလာတာပါ လုပ်စားရအောင် ပလာတာ ၂ထုတ်လောက် ဆွဲခဲ့ပါအုန်း။ ပြီးရင် ကောင်တာမှာ ကျသလောက်ရှင်းလိုက်ပါ။ ပေါင် ၃၀ .. ပလုံ...
အဲဒီကနေ ဒီဖက်လမ်းပြန်ကူးလိုက်ရင် မြန်မာငါးရောင်းတဲ့ ဆိုင်တွေရှိသေးတယ်။ ရှပ်ဝဲက ဆိုင်တွေလောက် မစုံပေမယ့် အဲဒီကို တကူးတက မသွားနိုင်တဲ့ အခါဆိုရင် ဒီမှာပဲ တခါတည်း ၀ယ်လိုက်ပါ။
Barbeque ရာသီရောက်လာပြီဆိုတော့ အင်္ဂလန်ကထွက်တဲ့ ငါး၊ ပုဇွန်တွေ ဈေးသက်သက်သာသာ ရနိုင်မယ့်နေရာကို သိထားရင် ကောင်းပါတယ်။
Billingsgate Market
Trafalgar Way
London
E14 5ST
ဒီမှာ အင်္ဂလိပ်ငါး၊ ပုဇွန်၊ ဂဏန်းတွေ ရပါတယ်။ မနက် ၅နာရီလောက် စပြီး ဈေးဖွင့်တယ်လို့ပြောပါတယ်။ ၇နာရီလောက် ရောက်အောင်သွားရင် ဈေးပေါင်ကျိုးနဲ့ အကိုက်ပါပဲ။ ၈နာရီဈေးပိတ်ပါတယ်။ စောစောသွားရင် လူအရမ်းရှုပ်ပြီး ကိုယ်လို နည်းနည်းပဲ ၀ယ်မယ့်သူတွေကို ဈေးသည်က တယ်အရေးမလုပ်ချင်ပါ။ တွန်းလှည်းယူသွားခွင့်မရှိပါဘူး။ ဆိုင်တွေက အိတ်အမည်းတွေနဲ့ ထည့်ပေးပါတယ်။ အားလုံးနည်းပါးက ဖေါ့ပုံးလိုက်ပဲရောင်းပါတယ်။ တချို့ဆိုင်တွေကတော့ ကီလိုနဲ့ ရောင်းပါတယ်။ ကားပါကင်က ဖရီးပါ။
ပျော်ရွင်ဖွယ်ရာ နွေရာသီ ဖြစ်ကြပါစေ။
Posted by
ကြာပီ
at
9:35 AM
12
comments
Labels: ဘိလပ်မှာ
Friday, February 20, 2009
အကြော်စုံ
မနေ့က အကြော်စုံလုပ်စားဖြစ်တယ်။ ရှိတဲ့ အသီးအနှံနဲ့ စုံအောင် ကြော်လိုက်တယ်။
ရုံးပတီသီး၊ ခရမ်းသီး၊ မြင်းခွာရွက်၊ တိုဟူး၊ ပုဇွန်ဆိတ်ကြော်တို့ပါ။
အမှုန့်ဖျော်ဖို့က Self Raising Flour ၄ဆကို ဆန်မှုန့်၁ဆနဲ့ ရောမွှေပါတယ်။ ဆားနည်းနည်းထည့်ပါတယ်။
ရေသင့်ရုံထည့်ပါတယ်။ မပျစ် မကျဲဖျော်မှ ကြော်က ရွရွလေးဖြစ်ပြီး စားကောင်းမှာပါ။ Smootie ဖြစ်အောင် မွှေပြီးတာနဲ့ စားချင်တဲ့ အသီးအနှံကို ထည့်နှစ်ပြီး ဆီပူပူမှာ ကြော်ရုံပါပဲ၊
Posted by
ကြာပီ
at
10:26 AM
9
comments
Wednesday, January 14, 2009
အုန်းနို့၂မျိုး ဘယ်လိုသုံး
မနေ့က အုန်းနို့ခေါက်ဆွဲ ချက်စားဖြစ်တယ်။ သွေးတိုးရှိသူများ ဆက်မဖတ်ရင် ပိုကောင်းမယ်ထင်တယ်။ စားစရာတွေက အစပ်အဟပ် တည့်လွန်းလို့ တော်ကြာ လိုက်ရိုက်ခံနေရမှာစိုးလို့ပါ။
အုန်းနို့ခေါက်ဆွဲကို အိမ်မှာနေတုန်းက သိပ်မစားဖြစ်ဘူး။ အဝေးရောက်နေလို့ စားချင်တာတွေထဲမှာ ရောညှပ်ပါသွားရှာတယ်။ ပထမအကြိမ် လက်တည့်စမ်းတုန်းက ကုလားပဲကို ပြုတ်ပြီး လုပ်စားတာ အဆင်မပြေပါဘူး။ ဒီတခါတော့ ၃၊၄ ယောက်ရဲ့နည်းတွေကို ရောသမမွှေ ပလိုက်တယ်။
အရင်ဆုံး ကုလားဆိုင်က ၀ယ်လာတဲ့ ကြက်တစ်ကောင်ကို အတုံးသေးသေး ဖြစ်သလို ဓါးနဲ့ ခုတ်ပါတယ်။ ကြက်သားကို ဟင်းရည်ထဲမှာ ဘယ်သူမှ အတုံးညီမညီ လိုက်မကြည့်ဘူး ထင်ပါတယ်။ ပျင်းတာကိုတော့ လူမသိစေနဲ့ပေါ့။ (အရိုးမပါပဲ စားချင်ရင်တော့ ၀ယ်ကတည်းက အကောင်လိုက်ဝယ်ပြီး အိမ်ရောက်မှ ကိုယ့်ဟာကိုယ် အသားထွင်ပါ။ အသားတုံး သေးသေးလေးတွေ တုံးပါ။) ကြက်သွန်ဖြူ တစ်လုံး၊ နီ ၃လုံးလောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်ပါ။ ပြီးရင် စောစောက ကြက်သားကို ငံပြာရည်ထည့်လုံးပါ။ ၅မိနစ်လောက် လုံးပြီးရင် အုန်းနို့ ၂ဗူးလောက်( ခေါင်းမကိုက်မယ့် အနေလောက်)ထည့်ပြီး ခဏ မွှေပေးပါအုန်း။ အချိုအငန် သင့်ရုံထည့်ပါ။ သကြား ဇွန်းသေးတစ်ဇွန်းထည့်ပါ။ တဖက်က ရေနွေးတည်ထားတဲ့အိုးထဲကို Gram Flour ပဲမှုန့်ရေအေးနဲ့ ဖျော်ပြီး မွှေပေးပါ။ ပဲမှုန့်သိပ်များသွားရင် တိုဟူးနွေးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ရေကျဲကျဲနဲ့သာ ဖျော်ပါ။ ရေနွေးအိုးက ပဲရောင်ပေါက်သွားပြီဆိုရင် ခုနကလုံးထားတဲ့ ကြက်သားအုန်းနို့ထည့်ပါ။ ၁၅မိနစ်ခန့် မီးအေးအေးနဲ့ ပွက်ခိုင်းပြီးရင် အုန်းနို့ခေါက်ဆွဲစားလို့ရပါပြီ။ အတိုင်းအဆက မှန်းထည့်ပါတယ်။ ၁မိနစ်ကို ၁၀ခါထက် မနည်း မြည်းပါတယ်။ :P
အုန်းနို့ကျောက်ကျောက agar agar အထုတ်သေး(ကုလားဆိုင်မှာ ရတတ်ပါတယ်။ ၁.၄၉ပေါင် ရှိပါတယ်။ တထုတ်ကို ရေနွေးဆူဆူမှာ ထည့်ကျိုပါ။ သကြားလိုသလောက်ထည့်ပါ။ မြန်မာပြည်ကအနေဆိုရင် တော်တော်တော့ ထည့်ရပါတယ်။ ပြီးရင် အုန်းနို့တစ်ဗူးလောက်ထည့်ပါ။ ဗန်းထဲထည့်ပြီး အအေးခံပါ။ အတိုင်းမမေးပါနဲ့။ စိတ်ကူးပေါက်သလို ထည့်ပါတယ်။ အဆင်ပြေတဲ့အခါလည်း ပြေသွားပါတယ်။ မပြေတဲ့အခါလည်း ကျွေးမိတဲ့လူမှန်သမျှရဲ့ အပြောကို ခံရရုံမှတပါး......... အုန်းနို့နှစ်မျိုးကို ဒီမှာတင်ပဲ ရပ်နားလိုက်ပါတယ်။
Posted by
ကြာပီ
at
3:51 PM
2
comments
Labels: Food
Monday, January 12, 2009
ကြွေးသစ်ချခြင်း..၂
နောက်ထပ် လိုအပ်တာတွေ စဉ်းစားလိုက်တော့ ဆုံး ကို မဆုံးနိုင်အောင်ပါပဲလား။ 
အိပ်ယာ.... ၂မျိုး စဉ်းစားရပါမယ်။ cot နဲ့ cotbed ဘယ်ဟာကို ရွေးမလဲ။ ဈေးက သိပ်မကွာပါဘူး။ cot က ဈေးနည်းနည်း သက်သာနိုင်ပါတယ်။ သူက နည်းနည်းလည်းပိုသေးပါတယ်။ ၂နှစ်သားလောက်အထိ အသုံးဝင်ပါတယ်။ ဘေးတဖက်ခြမ်းက နှိမ့်လို့ မြင့်လို့ရပါတယ်။ ဈေးက မွေ့ယာမပါ ပေါင် ၆၀ကနေ ၁၀၀ ရှိပါတယ်။ 

cotbed က ဈေးပိုကြီးပါတယ်။ သူက ဆိုဒ်လည်း နည်းနည်းပိုကြီးပြီး နေရာနည်းနည်းပို ယူပါတယ်။ ဒါပေမယ့် ၅နှစ်သားလောက်အထိ သုံးနိုင်ပြီးတော့ ဘေးနှစ်ဖက်က လုံးဝ ဖြုတ်လိုက်လို့ ရပါတယ်။ ဈေးက မွေ့ယာမပါ ပေါင် ၈၀ ကနေ ၁၅၀ လောက်ရှိပါတယ်။ အရင်က နားမလည်တော့ အားလုံးအတူတူပဲ ထင်မိပါတယ်။
နောက်တစ်ခုက မွေးစကနေ ၃လလောက်အထိပဲ အသုံးဝင်တဲ့ moses baskets ပါ။ သူက အသုံးမလိုတော့ရင် ဖြုတ်သိမ်းဖို့ မလွယ်ပါဘူး။ အဲဒီ ခြင်းတောင်းကြီး အလိုက်သိမ်းထားရမှာမို့ ပြီးတော့ ၃လလောက်အထိပဲ သုံးရမှာဆိုတော့ သိပ်လည်း မလိုလောက်ဘူးထင်ပါတယ်။ ဒါကြောင့် ၀ယ်ဖို့ စဉ်းစားတဲ့ အထဲမှာ အဲဒါမပါ ပါဘူး။ ဈေးကတော့ ပေါင် ၄၀လောက် ရှိပါတယ်။
မွေ့ယာက ပေါင် ၅၀ကနေ ၁၀၀ အတွင်း အမျိုးအစား လိုက်ပြီး ဈေးမတူတာတွေ ရှိပါတယ်။
နောက်တစ်မျိုးက ရေချိုးဇလုံပါ ၁၂ပေါင် လောက်ရှိပါတယ်။ ဒီမှာတော့ ၁လ ၂လ သားလောက် အထိ ရေချိုးဆပ်ပြာ သုံးဖို့ အားမပေးပါဘူး။
Posted by
ကြာပီ
at
1:03 PM
2
comments
Labels: ဘိလပ်မှာ
Sunday, January 11, 2009
ကြွေးသစ်ချခြင်း
ဟိုနေ့က မမော်ရဲ့ မိခင်လောင်း အတွေ့အကြုံတွေကို ဖတ်ပြီးတော့မှာ မြန်မာပြည်က ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်တွေကို သိရပါတယ်။ ဒါနဲ့ ဒီမှာ မွေးကာစ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းချကြည့်ရင်း မြန်မာပြည်ဈေးနဲ့ တိုင်းထွာမိပါတယ်။
အရင်ဆုံး စဉ်းစားရမှာက ဆေးရုံကို ယူသွားရမယ့်အိတ်ပါ။ အိတ်မှာတောင် ကလေးနဲ့ လူကြီးတွက် ၂ မျိုး စဉ်းစားရပါပြီ။ ကလေးအတွက် အရင် ပြောကြည့်ရအောင်..... ဘာတွေ ပါရင် ကောင်းမလဲဆိုတော့-
၁။ Short Sleeve လို့ ခေါ်မလား.. ကိုယ်ကျပ် အကျီတိုလေးပေါ့။ New Born အနေနဲ့ ၇ ထည်ပါတဲ့ တစ်ထုတ်ဝယ်ရင် ပထမ ၁လ လောက်အတွက် လောက်ပါတယ်။ ကလေးရဲ့ အလေးချိန်ကို မှန်းပြီး New Born လား Tinny Baby လား စဉ်းစားပြီးဝယ်ပေါ့။
၂။ နောက်တခုက Sleepsuit ပါ။ ဒါလေးက ခုနက အကျီတိုလေးပေါ်ကို ထပ်ဝတ်ဖို့ပေါ့။ သူကလည်း ၆ ထည်လောက်ဆို လောက်ပါတယ်။
၃။ ဆေးရုံကနေ အိမ်ပြန်ရင် ၀တ်ဖို့၊ နောက် အပြင်လေး ဘာလေးထွက်စရာ ရှိရင် ၀တ်ဖို့ ခပ်ထူထူ Outfit suit တစ်ထည်ပါ။
၎။ နောက် မရှိမဖြစ်တစ်ခုက စောင်ပါ။ အပြင်ထွက်ရင် စောင်လေးတစ်ထည်ပါမှ ကောင်းပါတယ်။ ကလေးအတွက် သီးသန့်ထုတ်တဲ့ စောင်လေးတွေက အင်မတန် နူးညံ့ပါတယ်။
၅။ ရေချိုးပြီး သုတ်စရာ တဘက်ပါ။ အင်မတန် အသုံးဝင်ပါတယ်။ ဆေးရုံပေါ်မှာကော အိမ်မှာပါ သုံးရပါတယ်။ မွေးကင်းစကလေးလေးကို ဘယ်သူက အကျီလေး ၁ထည်ထဲနဲ့ ချီရဲ သလဲနော်။ အဲဒီ ခေါင်းစွပ်လေးပါ ပါတဲ့ တဘတ်စောင်လေးကို ၃ထည်ပါတဲ့ ပါကင်တစ်ခု ၀ယ်ထားရင် လောက်ပါပြီ။
၆။ လာပါပြီ.... မရှိမဖြစ် nappy။ New Born ၁ထုတ် ၂ထုတ်လောက် ၀ယ်ထားရင် သုံးလောက်ပါတယ်။ တဆက်ထဲ လိုမှာက ဒီနိုင်ငံမှာဆိုရင် Sudo Creamနဲ့ အီအီးသုတ်ဖို့ Wipes ပါ။ ဒီပစ္စည်းတွေကတော့ နူးညံ့လေ ကောင်းလေပါပဲ။ ကလေးအသားနဲ့ တိုက်ရိုက် ထိတွေ့တာမို့လို့ပါ။ သားတုန်းကတော့ pampers nappy နဲ့ Johnson wipes သုံးပါတယ်။ Sudo Cream က သေးမလောင်အောင် လိမ်းတဲ့ဆေးပါ။ အများကြီးလိမ်းစရာ မလိုပါဘူး။ ဆေးရုံက ပေးတဲ့ အထုတ်ထဲမှာ နမူနာ ဗူးသေးလေး ပါ ပါတယ်။
၇။ လက်အိတ်၊ ခြေအိတ်နဲ့ ဦးထုတ်ကလည်း လိုပါသေးတယ်။ ခြေအိတ်ကတော့ သိပ်အလိုကြီးမဟုတ်ပါဘူး။ အကျီက ခြေအထိစွတ်ပြီးသားပဲလေ။ လိုမှာက လက်အိတ်ပါ။ ၄၊ ၅ စုံလောက် ရှိရင် ကောင်းပါတယ်။ မဟုတ်ရင် သူ့လက်သည်းလေးတွေနဲ့ ကုတ်မိမှာ စိုးလို့ပါ။
အကြမ်းဖျင်း အနေနဲ့တော့ လုံလောက်ပါပြီ။
ဘယ်လောက် ကျမလဲ တွက်ကြည့်ရအောင်။
၁။ ၅ ပေါင်
၂။ ၁၀ပေါင်
၃။ ၁၅ပေါင်
၎။၁၅ပေါင်
၅။၁၀ပေါင်
၆။၁၀ပေါင် ခန့်
ရ။၁၀ပေါင်ခန့်
အားလုံးပေါင်းကြည့်တော့ ၇၅ပေါင်လောက် ကျပါတယ်။ မွေးမွေးချင်း မရှိမဖြစ်လိုမယ့် ဟာတွေ အတွက်ပါ။ မြန်မာငွေ ပေါက်ဈေး ၁၇၀၀ နဲ့သာ မြောက်ကြည့်ကြပေတော့။
နောက်တစ်ခုစဉ်းစားရမှာက နို့ဗူးပါ။ နို့ဗူးတိုက်ရင်တော့ အင်မတန် အလုပ်ရှုပ်ပြီး ပိုက်ဆံအတော် ကုန်ပါတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး နို့ဗူးပဲ တိုက်ရမှာပဲ ဆိုရင်တော့။
၁။ နို့ဗူး 125ml ဆန့်တာက ၂ ဗူးလောက် လိုပါတယ်။ တော်ပြီ။ ပိုမ၀ယ်ပါနဲ့။ နောက် ပစ္စည်းတွေ ၀ယ်ရင် အပို ပါလာစရာ ရှိပါတယ်။ ဒါက ၈ပေါင်လောက် ရှိပါတယ်။
၂။ 280ml ဆန့်တာက ၄ ဗူးကနေ ၆ဗူးပေါ့။ ပေါင် ၂၀ ၀န်းကျင်ခန့် ကျပါမယ်။ 
၃။ နို့ဗူး ပေါင်းခံဖို့ ပိုးသတ်ဖို့က ၃ မျိုး စဉ်းစားစရာ ရှိပါတယ်။ Microwaveနဲ့လား၊ Steamerနဲ့လား၊ ပိုးသတ်ဆေးပြားနဲ့လားဆိုတာကိုပါ။ Microwaveနဲ့က ဟိုရောင်ခြည်ဖြတ်မှာ ဒီရောင်ခြည် ဖြတ်မှာ စိုးရင် မသုံးပါနဲ့။ သူက ဈေးတော့ သက်သာပါတယ်။ အလွန်ဆုံး ၁၅ပေါင်ကနေ ပေါင် ၂၀လောက်ပဲ ပေးရပါတယ်။ လျှပ်စစ်နဲ့ဟာက ၃၁ပေါင် ရှိပါတယ်။ Philips ကပါ။ သူက နို့ဗူးလေးတွေ အဆစ်ပါတတ်ပါတယ်။ ဆေးတဲ့ အတံတို့ ဘာတို့ရောပေါ့။ မ၀ယ်ခင် ဗူးခွံမှာ ကြည့်နိုင်ပါတယ်။ တံဆိပ်ကို လိုက်ပြီး ဈေးနှုန်းကွာဟ နိုင်ပါတယ်။ ဒီမှာကတော့ ဖီးလစ်က လူသုံးများပါတယ်။ တစ်ခု စဉ်းစားရမှာက နို့ဗူးကအစ ဖီးလစ် ၀ယ်ရင် ဖီးလစ်ပဲ အားလုံး သုံးစေချင်ပါတယ်။ မဟုတ်ရင် နို့ဗူးနဲ့ ပေါင်းခံစက်နဲ့ အံဝင်ခွင်ကျ မဖြစ်တာတွေ ရှိနိုင်ပါတယ်။ ပိုးသတ်ဆေးပြား သုံးမယ်ဆိုရင်တော့ ပိုးသတ်ဆေးပြားကို ၂၄နာရီ တစ်ကြည့် ပုံးသန့်သန့်မှာ နို့ဗူးထည့်ပြီး ရေလဲ ပေးနေရုံပါပဲ။ အလုပ်ရှုပ်သက်သာတာပေါ့။ ဆေးပြားက ဈေးမကြီးလှပါဘူး။ တစ်လစာ ၂၈လုံးကို ၁ပေါင်ခွဲလောက် ပေးရပါတယ်။
၎။ နို့ဗူးနွေးတဲ့ စက်ကလေးက ၀ယ်လည်း ဖြစ်၊ မ၀ယ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က ၀ယ်ထားမိတော့ သုံးရတာပေါ့လေ။ အထူးသတိထားရမှာက အပူပေးထားရင် ကလေးနို့စို့တဲ့ အချိန်မှာ အံကိုက် အပူလေး ရနေစေဖို့ပါ။ အရမ်းပူမနေဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက အပူပေးထားရင် နို့က ဖျော်ပြီး ကြာရှည်ထားလို့ မရပါဘူး။ အလွန်ဆုံး ၃၊ ၄ နာရီပါပဲ။ ကလေးငယ်သေးရင် ပိုဂရုစိုက်ရပါတယ်။ ၀မ်းပျက်မှာ စိုးလို့ပါ။ အဲဒါလေးကလည်း ပေါင် ၂၀လောက်ပါ။ နို့ဗူးအသေးလေး အပိုပါ ပါတယ်။ အဲ... ၅လ ၆လ ရောက်ရင် သူ့အစာဗူးလေးတွေပါ နွေးလို့ ရပါသေးတယ်။ ဒီမှာ တံဆိပ်က စကားပြောပါပြီ။ Tommee Tippee နို့ဗူး ၀ယ်ထားမိရင် ဖီးလစ်စက်ထဲ ထည့်နွေးလို့ မရပါဘူး။ သူ့နို့ဗူးက ကြီးနေလို့ပါ။ တခြားတံဆိပ်တွေကလည်း မရတတ်ပါဘူး။
ကဲ ဘယ်လောက်တောင် ရှိသွားပြီလဲ။ နို့ဗူးအတွက်။ ဒါတောင် နို့မုန့်ဗူးဖိုး ၇ပေါင် ပြား၈၀ မပါသေးဘူးနော်။ တလကို ၄ဗူးလို့သာ ပျမ်းမျှ တွက်ထားပေတော့။ နို့မှုန့်ဖိုးကတော့ ဘယ်တံဆိပ်ပဲ ဖြစ်ဖြစ် ဈေးက ဒီလောက် ၀န်းကျင်ပါပဲ။ အားလုံးက အင်္ဂလန်က ထုတ်တာပါ။
ပြီးတာနဲ့ ကလေးအပြင်ထွက်ဖို့ ကိစ္စလာပါပြီ။ ဆေးရုံကနေ ဘယ်လို အိမ်ပြန်ကြမလဲ။ တက္ကစီနဲ့လား။ ကိုယ်ပိုင်ကားလား။ ဘတ်စ်စီးနိုင်လား။ ဘာနဲ့ ပြန်ပြန် သူ့ကို ထည့်သွားဖို့ စဉ်းစားရတော့မယ်။ ထည့်သယ်စရာ မပါရင် ဆေးရုံက ပေးမဆင်ပါဘူး။ Health & Safety အရပေါ့လေ။ နောက်တစ်ခု တွန်းလှည်းပါ တခါတည်း စဉ်းစားစေချင်ပါတယ်။ နှစ်ခု ပေါင်း ၀ယ်ရင် ဈေးသက်သာတတ်လို့ပါ။ 

ဒီပုံစံမျိုးကတော့ ကားရှိတဲ့ လူတွေအတွက် အသုံးဝင်ပါတယ်။ car seat ကလည်း ပုံမှာ ပြထားတဲ့ အတိုင်း ဖြုတ်လို့ တပ်လို့ လွယ်တယ်လေ။ ဈေးကတော့ ပေါင် ၁၀၀ ၀န်းကျင်ပါ။ အထူး သတိထားရမှာက တွန်းလှည်းဝယ်ပြီဆိုရင် Public Transport နဲ့ မကင်းနိုင်တဲ့ လန်ဒန်လို နေရာမှာ တွန်းလှည်းရဲ့ အလေးချိန်နဲ့ အရွယ်အစားကို စဉ်းစားစေချင်ပါတယ်။ မြေအောက်ဘူတာတိုင်းက ဓါတ်လှေကား မရှိပါဘူး။ လှေကားထစ်ပေါင်း များစွာကို ကိုယ်သာလျှင် ကလေးတစ်ဖက်နဲ့ တွန်းလှည်းကို သယ်မရမှာပါ။ ဒါကြောင့် ဈေးကြီးတာတွေ မ၀ယ်ပဲ မွေးကင်းစမှာ ဒီလောက်ဟာလေး ၀ယ်ထားရင် ၈လလောက်မှာ အပြင်က ထွက်ချင်လာပြီဆိုတော့ ပေါ့ပေါ့ပါးပါး သယ်လို့ ခေါက်လို့ရတာတွေ ပြန်ဝယ်ရတာ အပန်းမကြီးတော့ပါဘူး။ 
၈လ ၉လဆိုရင်တော့ ဒီလို ပေါ့ပေါ့ပါးပါး ခေါက်လိုက်ရင်လည်း သေးသေးလေးဖြစ်သွားတာမျိုးက ပိုအဆင်ပြေပါတယ်။ ကားထိုင်ခုံလည်း မလဲ မဖြစ် အသစ်လဲ ရတော့မယ်ဆိုတော့ (ကိုယ်ပိုင်ကားရှိရင်) နှစ်ခုလုံး ထပ်ဝယ်ရပြန်ပါတယ်။ ကားထိုင်ခုံက သူ့အုပ်စုနဲ့ သူပါ။ အခုဆိုရင် အုပ်စု ၁-၃ ၀ယ်မလား ၁ ပဲ ၀ယ်မလား (မွေးကင်းစက အုပ်စု ၀)စဉ်းစားပါ။ ပေါင် ၅၀ကနေ ၁၀၀ လောက်ရှိပါတယ်။ 
ဒီပုံမျိုးနဲ့ လဲရပါမယ်။ ၈၊ ၉လကနေ ၄နှစ် အထိ သုံးလို့ ရပါတယ်။ ၉၉ ပေါင်ပါတဲ့။
ကဲ... နောက်ထပ် ဆက်ရန် မျှော်ပေးပါအုန်း။ ကြွေးသစ် ချဖို့ရာ အတွက်ပါ။
Posted by
ကြာပီ
at
8:18 AM
1 comments
Labels: ဘိလပ်မှာ
Saturday, January 10, 2009
ရှိလား၊ ရှိတယ်။
ဗမာစကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ အမျိုးမျိုး ရှိပါလားဆိုတာ ကျွန်မ ကျေကျေနပ်နပ်ကို လက်ခံလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဘယ်ကနေ စရမလဲဆိုတော့ကာ..........
နွေရာသီတုန်းက တူမလေး ဒီကို ၂လလောက် အလည်လာပါတယ်။ ၈နှစ် ၉နှစ်အရွယ်ဆိုတော့ သူမပျင်းရအောင် အိမ်နားက ပန်းခြံမှာ သွားဆော့ဖို့ရာ သူကလည်း စီးချင်တယ်ဆိုတာနဲ့ စကိတ်တရံ ၀ယ်ပေးဖြစ်ပါတယ်။ မ၀ယ်ခင် သူ့ကိုအရင် ချန်းချန်း... ထိုင်ဝမ်မှာ စကိတ်ရှိလားဆိုတော့ သူက ရှိတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဟိုမှာလည်း တစ်ရံရှိပြီးသားဆိုတော့ သူနဲ့လည်း အဆင်ပြေမယ့် ဖိနပ်မှာ ဖြုတ်လို့ တပ်လို့ ရတာလေးပဲ ၀ယ်ပေးဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်စကိတ်နဲ့ ဒါနဲ့ ဈေးက သိပ်မကွာပါဘူး။ ကျွန်မလည်း သူ့မှာ ရှိတာနဲ့ တမင်မတူအောင် ရွေးဝယ်ပေးလိုက်တာပါ။ နောက်ရက် ပန်းခြံမှာ သွားစီးကျတော့ တဘိုင်းဘိုင်း လဲပါတယ်။ အဲဒါနဲ့ချန်းချန်းမှာ စကိတ်ရှိတယ်ဆို မစီးတတ်ဘူးလားလို့ မေးကြည့်တော့မှ ချန်းချန်းဆီမှာ ရှိတာမဟုတ်ဘူး။ ထိုင်ဝမ်မှာ ရှိတာကို ပြောတာပါတဲ့............. ကဲ။ မှတ်ကရော။
အမေနဲ့ သမီးတူပုံများ.....သူ့အမေ ဟိုတလောက နေသိပ်မကောင်းတာနဲ့ သူ့သူငယ်ချင်းတစ်ယောက်က လီမွန်ရှိလား။ ပျားရည်ရှိလား။ မေးတာကို ရှိတယ်ဆိုတာနဲ့ ဟိုက ရေနွေးပူပူလေးနဲ့ အခုချက်ချင်းဖျော်သောက်လိုက်ပါလား။ သက်သာတယ်ဆိုတော့.... သူက ထိုင်ဝမ်မှာ ရှိတာကို ပြောတာ သူ့ဆီမှာ မရှိဘူးတဲ့လေ။ ဖြစ်ပုံ ပြောပါတယ်။
Posted by
ကြာပီ
at
6:39 PM
2
comments