ကြာပီ

[Tuesday, June 17, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၈

0 comments

အပိုင်း(၈)

အမျိုးသမီးလေးက ပြောရင်း ဟို...မချိုသန်းဆိုတဲ့ မိန်းမကို လှမ်းကြည့်တယ်။ မချိုသန်း ခြေထောက်မှာ ခြေဗလာနဲ့။

'မချိုသန်းနော်....အမြဲတမ်း ဘယ်တော့မှ ဖိနပ်မစီးဘူး၊ ဒီအတိုင်းပဲ လာတယ်၊ ဖိနပ် ဘာပြုလို့ မစီးတာလဲ'

'အကျင့်ဖြစ်နေလို့ အစ်မ၊ ကျွန်မက ရေထမ်းတော့ ဖိနပ်မစီးတာများတယ်၊ ဒါကြောင့်မို့ မေ့ပြီး မစီးဖြစ်လို့ပါ'

'နောက်ဆို ဖိနပ်စီးခဲ့နော်၊ ရေထမ်းလဲ ရာဘာ ဖိနပ်လေး စီးထမ်းပေါ့၊ သံတွေ ဘာတွေ စူးရင် မေးခိုင်ပိုးတွေ ဘာတွေ ၀င်တတ်တယ်၊ နော်.....မချိုသန်း'

မချိုသန်း ခေါင်းညိတ်ပြတုန်း သူ့ယောက္ခမကြီးရဲ့ 'အလကား....သူ့မှာ ဖိနပ်လဲ ရှိတာမဟုတ်ဘူး၊ ဖိနပ်စီးနိုင်အောင် သောက်လုပ်လဲ သောက်ဖြစ်ရှိအောင် လုပ်တာမဟုတ်ဘူး' ဆိုတဲ့ မလိုတမာသံကြီး ထွက်လာတယ်။ ဘာပြောကောင်းမလဲ။ ရှက်သွားတဲ့ မချိုသန်းက ထဘီတိုတိုပြင်ဝတ်ပြီး စိမ်ခေါ်လိုက်တော့တာပဲ။

'သူများ သားသမီးကို မှိုချိုး မျှစ်ချိုး ပြောဖို့ပဲ၊ လာ...လာလေ၊ လာပါ၊ ချိုသန်း အကြောင်းသိသွားအောင်၊ ထိလိုက်စမ်းပါ၊ အမျိုးယုတ်ကြီးရဲ့'

'အောင်မယ်.....နင်ကလား၊ ငါ့ကို'

အဘွားကြီးကပါ ကလေးလေးကို တွန်းဖယ်ပြီး ထတော့ အားလုံးဝိုင်းဆွဲကြရတယ်။ အဘွားကြီး တွန်းဖယ်ပစ်တဲ့ ကလေးရော၊ မချိုသန်း ပစ်ချထားတဲ့ ကလေးရော ငိုလိုက်ကြတာ ကျွတ်ကျွတ်ညံသွားတာပဲ။

'ကဲ...ကဲ တော်ကြပါတော့ မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒီလိုဆိုရင်တော့ လူကြီးတွေကို တိုင်မှ ဖြစ်တော့မယ်။ ကဲ....ကဲ ထမင်းစားကြရအောင်၊ ထမင်း နာမည်ခေါ်တဲ့လူ၊ ဟိုဘက်ထမင်းပွဲပြင်ထားတဲ့ဆီကို သွားမယ်နော်၊ ကလေးကို ၀အောင်ကျွေးပါ၊ ထမင်းဟင်း လိုတာတောင်း ဟုတ်လား'

'မယုယုမော်၊ ဦးခင်အောင်'

နာမည်ခေါ်တဲ့လူတွေ ထမင်းပွဲပြင်ထားတဲ့ဆီကို သုတ်သုတ်....သုတ်သုတ်နဲ့ သွားကုန်ကြပြီ၊ မအေးသန်း ကိုယ့်ခေါ်သံကို နားစွင့်နေတုန်း လူသုံးဆယ် ပြည့်သွားတယ်။

ကဲ...ဒီလိုဆို အေးအေးဆေးဆေး နောက်တစ်သုတ်စောင့်ရုံပေါ့။ မအေးသန်း အုတ်သမံတလင်းပေါ်မှာ မာလာခိုင်လေးကို ချပေးလိုက်တယ်။ ကလေးက မတ်တပ် ထရပ်ဖို့ကြိုးစားရင်း ဖင်ထိုင်ရက် ပြန်ကျသွားတယ်။ မာလာခိုင် ဆီကို မချိုသန်းရဲ့ ကလေးက လေးဘက်တွားပြီး လာတယ်။

မချိုသန်းနဲ့ ယောက္ခမကြီးကတော့ တစ်ယောက်နဲ့ တစ်ယောက် စောင်နေကြတုန်း၊ ဆဲဆိုနေကြတုန်း။ ယောက္ခမကြီးက ခပ်ဝေးဝေး တစ်ထောင့်မှာ သွားထိုင်ပြီး ပွစိ ပွစိ ပြောနေတယ်၊ မချိုသန်းက စူးစူးဝါးဝါး မျက်စောင်းထိုးရင်း...

'အလကား....ဆန်ကုန်မြေလေးကြီး၊ သင်း ဘာမှ မသိဘူး၊ စားဖို့ တစ်ခုပဲ သိတယ်'

'ညည်းက ဘာလို့ ခေါ်လာသလဲ၊ ကိုယ့်ကလေးကိုယ် နိုင်အောင် မကျွေးနိုင်ဘူးလား'

မချိုသန်းနားက မိန်းမက မဲ့ကာ ရွဲ့ကာ ၀င်ပြောတယ်။ မချိုသန်းက ယောက္ခမဆီ လှမ်းကြည့်ပြီး တံတွေးကို ထွီခနဲ ထွေးလိုက်ပြီး....

'ကျွန်မ မခေါ်ပါဘူး အစ်မရယ်၊ သူ့ဘာသာသူ စားချင်လို့ နင်နိုင်မှာမဟုတ်ဘူး၊ ဘာဘူးနဲ့ ဇွတ်လိုက်လာတာ။ အရင်ကတော့ ဟုတ်ပါတယ်၊ ကလေးသုံးယောက်ကျွေးဖို့ ကျွန်မတစ်ယောက်ထဲ မနိုင်လို့ သူ့ခေါ်လာတာ၊ ခု ဟို တီဘီ ဖြစ်နေတဲ့ အလတ်ကောင်က ဆုံးတော့ အကြီးနဲ့ အငယ် နှစ်ကောင် ကျွန်မ နိုင်ပြီ၊ မလိုက်ခဲ့နဲ့လို့ ပြောတာလဲ မရဘူး၊ ငတ်ကြီးကျပြီး ဇွတ်လိုက်လာတာ'

'ညည်းလည်း မြင်တဲ့ အတိုင်းပဲ၊ ထမင်းစားရင် အမြဲတမ်း သူ့ပါးစပ်ထဲများများ ကလေးပါးစပ်ထဲ နည်းနည်း၊ ငါတော့ညည်းယောက္ခမကို ကြည့်လို့ကို မရဘူး'

'အဲဒါကြောင့် ကျွန်မသမီး ပိန်နေတာပေါ့၊ အနီကကို မတက်တော့ဘူး၊ ဒီမှာ စဖွင့်ကတည်းက လာစားနေတာ၊ ဟို အစ်မလေး ပြောတာ ဟုတ်တယ်၊ အ၀ါတော့ ဖြစ်သင့်နေပြီတဲ့။ သင်းကြောင့်မဖြစ်တာ၊ သင်းကြောင့်...'

'ညည်းယောက္ခမက အိမ်မှာ မချက်ဘူးလား'

'ချက်တယ်လေ၊ ဒါပေမယ့် သူတို့ထမင်းဟင်းနဲ့ ဒီကထမင်းဟင်းက နတ်ထမင်း၊ နတ်ဟင်းနဲ့ မစင်လောက်ကို ကွာတာကိုအစ်မရဲ့၊ ငါးပိရည်ကျဲနဲ့ ဆန်ကွဲထမင်းထက် ဒီက ပေါ်ဆန်းမွှေးနဲ့ ဆီပြန်ဟင်းကို ပို ကြိုက်တော်မူတာပေါ့၊ တစ်ပတ်ကို သုံးရက် သူက ဟန်ကို ကျလို့၊ မေတ္တာကို မရှိဘူး...ထွီ'

'အေးပါအေ...ငါတို့ တစ်တွေလဲ အိမ်မှာ ဒီလောက်ကောင်းအောင် ဘယ်စားရလိမ့်မတုံး၊ တို့ အိမ်ရှင်မဆိုတာ အမြဲအငတ်ခံရတာ။ စားချင်တာပေါ့။ ကိုယ့်ချည်းမို့ ပြောရဦးမယ်၊ ငါတို့လဲ ကလေးကျွေးရင် မစားဘူး မဟုတ်ဘူး။ စားမိတာပဲ။ ဒါပေမယ့် နည်းနည်းပေါ့၊ သူ့လောက်တော့ မဟုတ်ပါဘူး၊ ဟင်းကောင်း၊ ထမင်းကောင်း တစ်လုပ် နှစ်လုပ်ဆို အာသာပြေပါတယ်အေ'

'အေးလေ'

မချိုသန်းနဲ့ မိန်းမတစ်ယောက်ကတော့ အချီအချ ပြောလို့ကောင်းနေတယ်။

ထမင်းကျွေးတဲ့ဘက်က မဆလာနံ့တွေ သင်းပျံ့လာတော့ မအေးသန်းဗိုက်ထဲက ဆာလာတယ်၊ ဒီနေ့ ဘဲသားဆီပြန်ဟင်းတဲ့၊ သိပ်ကောင်းမှာဘဲ၊ ဘဲသားမစားရတာ ဘယ်လောက်များ ကြာခဲ့ပါလိမ့်နော်၊ မအေးသန်း သက်ပြင်းချရင်း စိတ်ပြေ လက်ပျောက်ဖြစ်အာင် နံရံပေါ်က ပိုစတာလေးတွေကို လိုက်ကြည့်နေမိတယ်။

ယင်နားစာ မစားရာ
ယင်လုံအုပ်ဆောင်၊ သုံးလျှင်ကောင်း
ယင်လုံအိမ်သာ သုံးစွဲပါ၊
အိမ်သာလည်းသုံး သဲလည်းဖုံး

မအေးသန်း သက်ပြင်းတစ်ချက်ကို စိတ်ပျက်လက်ပျက် ထပ်ချမိပြန်တယ်။ မအေးသန်း ဖတ်မိတဲ့ အချက် သုံးချက်လုံးကို မအေးသန်းတို့ လူမျိုးတွေ ဘယ်သောအခါမှ လိုက်နာနိုင်ပါ့မလဲနော်။ မအေးသန်းတို့ ကလေးတွေ မွေးကတည်းက ယင်နားအစာနဲ့ ကြီးခဲ့ရတာပဲ။ မအေးသန်းတို့နားမှာ ရောင်းတဲ့ ဈေးဆိုင်တွေက အစားအသောက်တွေ ပေါ်မှာလဲ ယင်ကတော့ မင်းမူသလားမမေးနဲ့။ ယင်နားစာဆိုပြီးတော့သာ ရှောင်နေရရင် အကုန်ရှောင်ဖို့ပဲ ရှိတော့တယ်။

ယင်လုံအိမ်သာတွေ ဘာတွေလဲ မသုံးနိုင်ပါဘူး၊ ယင်လုံအိမ်သာဆိုတာ မအေးသန်း တစ်ခါမှလဲ မမြင်ဖူးဘူး။ မအေးသန်းတို့ တဲအိမ်စုမှာ သုံးလေးအိမ်ထောင်မှ အိမ်သာတစ်လုံးရှိတာ၊ ရှိတဲ့အိမ်သာတွေကလဲ ယိုင်ရွဲ့၊ ပေါက်ပြဲပြီး ယင်မပြောနဲ့ ဆင်တောင် ၀င်လို့ရသေးတယ်။

ဟိုတခါ မာလာခိုင် ၀မ်းလျှောပြီးစတုန်းက မအေးသန်းတို့အိမ်ကို ကျန်းမာရေး သုတေသနအတွက်ဆိုပြီး လူတွေ လာမေးဖူးသေးတယ်။ အဲဒီတုန်းကလဲ အိမ်သာကို အဓိက ထားပေးတာပဲ။

'ဘယ်မှာလဲ အိမ်သာ'ဆိုပြီး အိမ်သာကိုကြည့်မလို့တဲ့။ အမယ်လေး၊ မကြည့်အောင် မအေးသန်း လှည့်ပတ်ပြောလိုက်ရတာ။ ပြရမှာ အားနာစရာ၊ ရှက်စရာကောင်းလိုက်တာ။ အဲဒီလူကြီးတွေက ယင်လုံအိမ်သာ သုံးပါလို့လဲ ပြောတယ်။ အိမ်သာသုံးပြီး ဆပ်ပြာနဲ့လက်ဆေးပါ၊ ဆေးသလားတဲ့ မေးသေးတယ်။

သူတို့က ၀ိုင်းကြည့်နေတော့ ရှက်ပြီး မအေးသန်းလဲ 'ဆေးတယ်'လို့ ပြောလိုက်တာပေါ့။ သူတို့ကြည့်ရတာ ယုံပုံတော့ မရပါဘူး။ ပြီးတော့ ကလေးကို ဘာတွေကျွေးသလဲတဲ့။

မအေးသန်းလဲ ကြားကောင်းအောင် ဖြေရတာပေါ့၊ 'ဘီစကစ်မုန့်တို့၊ ပေါင်မုန့်တို့ ကျွေးတယ်'လို့ ပြောလိုက်တယ်။ သူတို့က တစ်ခါ မေးတယ်။ ခုန တာဝန်ခံအမျိုးသမီးလေး မေးသလိုပဲ။ ကြက်ဥကျွေးလား၊ ကြက်သားကျွေးလား၊ ငါးကျွေးလား အသီးအနှံကျွေးလား တဲ့။ ကျွေးတယ် ချည်းပဲ ပြောပစ်လိုက်တာပဲ။ သူတို့ သိတာလိုက်လို့၊ နို့ပဲ တိုက်တယ်၊ ဘာမှ မကျွေးဘူးလို့ ပြောရမှာ မအေးသန်းရှက်တယ်၊ သူတို့က ခင်ဗျား ဒါတွေ ကျွေးရဲ့သားနဲ့ ခင်ဗျား ကလေးဘာဖြစ်လို့ ပိန်နေတုန်း ဘာဖြစ်လို့ ၀မ်းလျှောရောဂါဖြစ်တုန်း တို့ မေးတော့ကျတော့ မအေးသန်းမဖြေတတ်တော့ဘူး။

'ဟဲ့...ကလေးတွေ သိပ်မဆော့ကြနဲ့၊ ဟိုမှာ ဆရာမတွေ ရိုက်မယ်...နော်'

မအေးသန်း ဘေးက မိန်းမတစ်ယောက်က တ၀ုန်းဝုန်း ပြေးနေကြတဲ့၊ ငါးနှစ်ခြောက်နှစ်ရွယ် ကလေးတွေကို လှမ်းအော်တယ်။

သြော်...ကျွေးတဲ့အထဲမှာ မပါတဲ့ အိမ်က အကြီးကောင်တို့ အရွယ်လေးတွေ၊ မကျွေးမှန်းသိပေမယ့် စားချင်တော့၊ ဒီနားမှာ ရစ်ဝဲ ရစ်ဝဲနဲ့။ ပိုရင်စားရမယ်ဆိုတဲ့ အသိနဲ့ လာစောင့်နေကြရှာတာ၊ အားလုံးဟာ အကြီးကောင်တို့လို ပုံစံမျိုးလေးတွေချည်းပဲ။ ညစ်ထေးဆေး ပိန်လှီလှီ၊ ညှဉ်းဆိုးဆိုး ရုပ်ကလေးတွေ။

'သြော်..... မပြေးကြနဲ့လို့ ဆို။ ဒီကလေးတွေဟာ အငယ်လေးတွေကို တိုက်မိကုန်မယ်၊ အကျိုးဆော့ အကန်းမော့ဆိုတာ တကယ်မှန်တယ်'

'မပြောပါနဲ့ဟယ်....သနားပါတယ်'

မိန်းမတွေ ပြောနေတဲ့ ကလေးလေးကို မအေးသန်း လိုက်ရှာကြည့်မိတယ်။ သြော် ဟိုကလေးလေးနေမှာပေါ့။ ချိုင်းထောက်အသေးလေးနဲ့ ကလေးလေး၊ ခြေထောက်လေး တစ်ဖက် ဒူးဆစ်အနားကနေ ပြတ်နေရှာတယ်။ ချေးအထပ်ထပ်နဲ့ ညစ်ပတ်ပေကျံနေတဲ့ အပြာရောင်ဘောင်းလီရှည်လေးနဲ့။ မျက်လုံးကလေးတွေက ပြူးပြူး။ ဆံပင်တွေက နီကျံလို့။ချိုင်းထောက်လေး တဒေါက်ဒေါက်နဲ့ ပြေးရင်း ရယ်မောနေတဲ့ သွားကလေးတွေကတော့ ထူးထူးခြားခြား ဖြူဖွေးညီညာနေတယ်။

'ချိုင်းထောက်နဲ့ကလေးလေးက ဘာဖြစ်တာတဲ့လဲဟင်'

ဘေးကမိန်းမတွေကို မအေးသန်း မေးလိုက်တော့ မိန်းမတစ်ယောက်က...

'ကားတိုက်ခံရတယ်လို့ ပြောတာပဲ၊ ကျွန်မတို့လဲ သိပ်မသိဘူး' တဲ့။

မအေးသန်းတို့ စကားပြောနေတုန်း ချိုင်းထောက်နဲ့ ကလေးလေး မအေးသန်း ဘေးနားလဲကျလာတယ်။ မျက်နှာလေး ရှူံ့မဲ့ရင်း ရယ်နေတယ်။

'ဖြည်းဖြည်းဆော့ကြ ကလေးတို့၊ တစ်ယောက်နဲ့ တစ်ယောက် မတွန်းကြနဲ့၊ ခိုက်မိလိမ့်မယ်'

ကလေးတွေကို မအေးသန်းပြောလိုက်ရင် ဘေးနားမှာ မထသေးဘဲ အမောဖြေနေတဲ့ ချိုင်းထောက်ကလေးကို....

'ကလေး...ခြေထောက်က ဘာဖြစ်တာလဲဟင်'

'ကားတိုက်တာ...ကျွန်တော်ငယ်ငယ်တုန်းက'

'ငါးနှစ်'

သြော်...အိမ်က အကြီးကောင်နဲ့ ရွယ်တူပေါ့ ကလေးလေးက သူ့ဘောင်းဘီလေးကို လိပ်တင်လိုက်ပြီး...

'ဒီနားကနေပြီး ကျေမွသွားတာ၊ သွေးတွေလဲ အများကြီး ထွက်တယ်'

'ကလေးက ကားလမ်းမ ထွက်နေလို့လား'

'မဟုတ်ပါဘူး၊ ကျွန်တော့အမေက ကားလမ်းဟိုဘက် ကုန်စုံဆိုင်ကို ဆားဝယ်ခိုင်းတာ ဆားဝယ်ပြီး ပြန်ပြေးလာတော့ တိုက်မိသွားတာ'

သြော်....ဖြစ်မှ ဖြစ်ရလေ၊ ကိုယ်ခွဲကိုယ်တာ မရှိတော့ ဒီလိုပဲ ခိုင်းကြရတာပဲလေ။

မအေးသန်းလဲ အကြီးကောင်ကို တောက်တိုမယ်ရ အကုန်ပြေးဝယ်ခိုင်းတာပဲ။

တော်ပြီ၊ တော်ပြီ၊ နောက်တော့ ကားလမ်းဖြတ်ရမယ့် နေရာမျိုးဆို အကြီးကောင်ကို မခိုင်းတော့ဘူး။

'မင်းအဖေတို့ အမေတို့ရော ဘာလုပ်သလဲ'

'အဖေက သေပြီ၊ အမေက ကန်စွန်းရွက်ရောင်းတယ်'

'အခု မင်းတို့အိမ်မှာ ထမင်းချက်လား'

ကလေးက ပထမ ချက်ချင်းမဖြေဘူး။ ခေါင်းလေး ငုံ့သွားပြီးမှ 'မချက်ဘူး' တဲ့။

ပြီးတော့ ထမင်းကျွေးတဲ့ဘက်ကို လှမ်းကြည့်ရင်း....

'အရင်လကမှ ကျွန်တော် ငါးနှစ်ဖြစ်သွားလို့၊ ဟိုလတွေတုန်းက စားရတယ်'တဲ့။

'အခုလဲ ပိုရင် ဟို အန်တီတို့က ကျွေးမှာပါ ကလေးရယ် ဟုတ်လား'

ကလေးလေးက ခေါင်းညိတ်ပြီး ချိုင်းထောက်လေးနဲ့ အားယူထရပ်တယ်။

'ကလေးတို့က ဘယ်မှာ နေတာလဲ၊ ညီအစ်ကိုတွေ၊ မောင်နှမတွေ မရှိဘူးလား'

မအေးသန်းက ဆက် လေရှည် နေမိတယ်။ ကလေးက ပြေးနေကြတဲ့ ကလေးတွေထဲကို လက်ညှိုးထိုးပြရင်

'ဟိုမှာ ကျွန်တော့အစ်ကိုနဲ့ အစ်မရှိတယ်၊ သူတို့လဲ မစားရတော့ဘူး၊ ကျွန်တော်တို့ နေတာ ဟိုဘက်တာရိုးကြီးကို ကျော်ဆင်းသွားရတယ်'

ကလေးလေးက ချိုင်းထောက်လေး တဒေါက်ဒေါက်နဲ့ ကစားနေတဲ့ ကလေးဖော်တွေဆီ ထွက်သွားတယ်။ သြော်...ဒီနေ့မှ မအေးသန်းမှာလဲ ပိုက်ဆံ တစ်ပြားမှ ပါမလာဘူး။ မုန့်ဖိုးလေးတစ်မတ်လောက်ဖြစ်ဖြစ် ပေးချင်လိုက်တာ။ ဒီလာခါနီး လိုရမည်ရ ကိုင်လာတဲ့ မတ်စိလေးတစ်စိကလဲ ဒီကိုမသွားရလို့စူဆောင့်နေတဲ့ အကြီးကောင်ကို ပေးခဲ့ရတယ်။ ကလေးတွေလိုပဲ အကြီးကောင်လဲ ဒီလိုနေ့ဆို ဒီကိုလာချင်နေတာပဲ။ အေးလေ ၀အောင်မကျွေးနိုင်တဲ့ ကိုယ့်အပြစ်ပါပဲ။

'ကဲ...သင်းတို့၊ ၀င်းတို့၊ မချိုသန်း သမီးနှစ်ယောက်၊ သမီးယောက္ခမ ထမင်းစားရင်းလဲ ရန်မဖြစ်ကြနဲ့ဦး'

ဟော...နောက်တစ်သုတ်စပြီ။ ဒီအသုတ်တော့ မအေးသန်း ပါမယ်ထင်တယ်။

'မာလာခိုင်၊ ဦးသန်းအောင်'

'ဇာနည်အောင်၊ ဦးကျော်ဝင်း'

အဲ....မာလာခိုင် နာမည်ပါပြီ။ အလှည့်ရောက်ပြီ။ မအေးသန်း ကလေးကို ပွေ့ပြီး ထမင်းကျွေးတဲ့ဘက်ကို ရောက်သွားတယ်။ စားပြီးတဲ့သူတွေမှ အပြင်ဘက်ကို ရောက်ရုံရှိသေး ဟိုစားပွဲတွေမှာ အဆင်သင့်ဖြစ်နေပြီ။ မြန်လိုက်တာတော်။ ကျောင်းသူအရွယ်လေးတွေ ထမင်းစားပွဲတွေနားမှာ လုပ်ကိုင်ပေးနေကြတာ တွေ့ရတယ်။ ဟိုအမျိုးသမီးလေးတွေလိုပဲ ကျောင်းပိတ်တုန်း စေတနာ့ဝန်ထမ်း လုပ်အားပေးနေကြတာပဲ ဖြစ်မှာပေါ့။

'ခြောက်ယောက်စီ ခြောက်ယောက်စီ ၀ိုင်းလိုက်ကြနော်၊ အားလုံးဇွန်းနဲ့ပဲ စားမယ်နော်'

မအေးသန်းတို့ ထမင်းပွဲ အလယ်ကောင်မှာ ထမင်းအုပ်ကြီးရှိတယ်။ ထမင်းအုပ်ထဲက ဇွန်းနဲ့ ထမင်းပန်းကန်ပြားထဲကို ကိုယ်လိုသလောက် ထည့်ရတယ်။ ထည့်ပြီးတာနဲ့ ဟင်းချိုင့်နဲ့ အမျိုးသမီးကြီး တယောက်က ဘဲသားဆီပြန်ဟင်း အနှစ်နဲ့ အသားတုံး နှစ်တုံးစီ ထည့်ပေးတယ်။ အမယ်လေး မကောင်းလိုက်တဲ့ပါးစပ်။ ဟင်းမြင်လိုက်တာနဲ့ သွားကြောတွေ စိမ့်လာတယ်။ ဒီလို အဆီအနှစ်ရဲရဲနဲ့ ဟင်းမျိုး မအေးသန်း မမြင်ဖူးတာ ကြာပါပြီ။

မအေးသန်းကမှ သွားကြောစိမ့်ရုံရယ်၊ မချိုသန်း ယောက္ခမကြီးဆို ထမင်းပန်းကန်ထဲ ဇွန်းနဲ့ မွှေရင်း တံတွေးနှစ်ခါ မျိုချတာ မြင်ရတယ်။ မအေးသန်းက မချိုသန်းတို့ သမီးယောက္ခမ နှစ်ယောက်နဲ့ တစ်ဝိုင်းတည်း ကျတယ်လေ။ မချိုသန်းက တစ်ယောက်၊ ယောက္ခမကြီးက တစ်ယောက် ထမင်းခွံ့ကြတယ်။ ကလေးတွေမှာ သနားစရာ။ ဟင်းနံ့ကျွေးနံ့ရတာနဲ့ ပါးစပ်လေးတွေ တပြင်ပြင်နဲ့ အငမ်းမရဖြစ်နေကြတာ။

မအေးသန်းသမီးကလည်း တစ်ခါထဲ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်မနေဘူး၊ ထမင်းပွဲဆီ အတင်းတိုးနေတော့တာပဲ။

'အို...... ငြိမ်ငြိမ်နေပါ သမီးရယ်၊ အမေကျွေးပါ့မယ်'

ထမင်းနဲ့ ဟင်းအနှစ်တွေကို ဇွန်းနဲ့ သမအောင် နယ်လိုက်ပြီး နယ်ပြီးသား ထမင်းလေးတစ်ဇွန်း သမီးကိုခွံ့လိုက်တယ်။ ဘဲသားအဖတ်လေးကို ဇွန်းနဲ့ ထိုးခွာပြီး ထပ်ကျွေးလိုက်တယ်။ တော်သေးတယ် ဘဲသားအဖတ်က နူးနေလို့။ နို့မို့သာဖြင့် ဇွန်းနဲ့ ဖဲ့ရတာ မလွယ်ဘူး။


မချိုသန်းနဲ့ မချိုသန်း ယောက္ခမကြီးကဖြင့် လက်တွေနဲ့ ဆွဲဆွဲဖဲ့ပြီး ထဘီကို တွင်တွင်သုတ်ကြလို့၊ မအေးသန်းလဲ ဇွန်းနဲ့ဖဲနေရတာ အားတော့မရဘူး၊ ဒါပေမယ့် လက်နဲ့မကိုင်ရဲဘူး။

တမင်တကာ ကျန်းမာရေးအတွက် သန့်ရှင်းအောင် ဇွန်းနဲ့စားခိုင်းပါတယ် ဆိုမှ ကိုယ်က မသန့်တဲ့ လက်ကြီးနဲ့ သွားကိုင်လို့ ဘယ်ဖြစ်မလဲ။ ဒါလောက်တော့ မအေးသန်း သိပါတယ်နော်။ ခုန ပိုစတာမှာလဲ ဖတ်ခဲ့ပါတယ်။

'အစာမစားခင်၊ လက်ဆေးလျှင်
ရောဂါမျိုးရှင်း၊ သောကကင်း'တဲ့။

'ထမင်းအုပ်ထဲမှာ ထမင်းမရှိရင် ပြောနော်၊ ထမင်းလိုရင် ထမင်းအုပ်ထဲက ထည့်လို့ရတယ်'

မအေးသန်းတို့ စားပွဲက ထမင်းအုပ်မှာ ထမင်းနည်းနေပြီ။ နည်းမှာပေါ့ မချိုသန်း ယောက္ခမကြီး တည့်တာကိုက ခဏခဏ၊ မချိုသန်းကို မိန်းမတစ်ယောက်ပြောသလိုပဲ အဘွားကြီးက ကလေးကျွေးတာ နည်းနည်း၊ သူစားတာက များနေတယ်။ မချိုသန်းကလဲ မျက်စောင်းတထိုးထိုးနဲ့။ မချိုသန်းလဲ စားတော့စားတယ်။ ဒါပေမယ့် တစ်လုတ် နှစ်လုတ်ပဲ။

မအေးသန်းကတော့ အကျင့်မရှိသေးလို့နဲ့တူရဲ့ ခုထိ ပါးစပ်ထဲကို တစ်လုတ်မှ မသွတ်မိသေးဘူး။ စားချင်တာကတော့ ပြောမနေဲ့၊ မနက်စောကြီး အိမ်တစ်အိမ် အ၀တ်သွားလျှော်ပြီး အဲဒီအိမ်က ကျွေးတဲ့ ကောက်ညှင်းပေါင်းလေးတစ်ထုတ်စားတာပဲ ရှိတယ်။

အ၀တ်အလျှော်ကအပြန် ဆန်ဝယ်၊ ထမင်းတစ်လုံးချက်ထားခဲ့ပြီး ဒီတန်းထွက်လာတာပဲ။ မအေးသန်း မာလာခိုင်ကို ငုံ့ကြည့်လိုက်တယ်။ ၀ပြီလားလို့။ ကြည့်ရတာတော့ ၀ပုံပါပဲ။ ဘဲသား အဖတ်လေးနဲ့ ထမင်းလုတ်တစ်လုတ်ကို မအေးသန်း ခွံ့လိုက်ပြန်တယ်။ မာလာခိုင်က ပါးစပ်သိပ်မဟတော့ဘူး။ ဟိုဘက်ငေးနေတယ်။

အင်း....သူဝလို့ ထင်ပါရဲ့ဆိုပြီး အရဲစွန့်ပြီး အဲဒီ ထမင်းလုတ်ကို မအေးသန်း ပါးစပ်ထဲသွင်းပစ်လိုက်တယ်။ အမလေး တစ်လုတ်ဆု တစ်လုတ် စားလို့ကောင်းလိုက်တာ၊ မအေးသန်း ထပ် စားချင်လာတယ်။ လူကြီးဗိုက်ကိုး၊ တကယ်တော့ တစ်လုတ်နဲ့ ဘယ် တင်းတိမ်နိုင်လိမ့်မလဲ။

ဒါပေမယ့် ၀အောင် ဘယ်လိုလုပ် စားတော့မလဲ။ ပြီးတဲ့လူက ပြီးနေကြပြီ။ ကိုယ်စားနေတုန်း မြင်သွားမှာပေါ့။ အင်း....ဒါကြောင့် စားချင်တဲ့ ကလေးမအေတွေ၊ အကြီးကောင်တို့ ကလေးအစ်ကိုတွေ ကလေးကျွေးတုန်း ကလေးတစ်လုတ်၊ သူတို့ တစ်လုတ် စားကုန်ကြတာပေါ့။ အင်း...အကြီးကောင်တို့ အရွယ်ဆိုတော့ ပိုဆိုးတာပေါ့လေ။ ဆာဆာနဲ့ ကလေးဆိုတော့ သူချည်း စားပစ်မှာ။

မအေးသန်း ကျန်တဲ့ တစ်လုတ်ကို ဘေးဘီအသာကြည့်ပြီး ထပ်စားမိရင်း ဟိုဘက်စားပွဲဝိုင်းမှာ အားရပါးရစားနေတဲ့ ကိုယ်ဝန်ဆောင် မိန်းမကို အားကျနေမိတယ်။

ဒီမှာ ကိုယ်ဝန်ဆောင်မိန်းမ၊ ဆင်းရဲတဲ့သူ၊ မစားနိုင်တဲ့သူတွေကိုလဲ ကျွေးတယ်လေ။ ကိုယ်ဝန်ဆောင်တဲ့အချိန် အာဟာရပြည့်ဝမှ ကလေးက အာဟာရ ပြည့်ပြည့်၀၀ မွေးလာမှာကိုး။

ကိုယ်ဝန်ဆောင်မိန်းမ စားနေတာကို တစ်ဝိုင်းတည်း ကလေးမအေတွေက တကြည့်ထဲ ကြည့်နေကြတယ်။ သြော်....သူတို့လဲ စားချင်သူတွေပဲလေ။ မအေးသန်းတို့ ကိုယ်ဝန်ရှိတုန်းကများ ဒီအဖွဲ့ ပေါ်လာပါတော့။ ခုတော့.....။

ကိုယ်ဝန်ဆောင်မိန်းမရဲ့ ဗိုက်ပူပူကို မအေးသန်း ကြည့်နေမိရင်း ကိုကျော်မောင် ကလေးလိုချင်တာကို နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ခါးခါးသီးသီး ပြောမိတာ မှားသလိုလို ထင်လာတယ်။

သားသမီးဆိုတာ ရတနာတပါးပဲ ဥစ္စာ၊ ကိုယ်ဝန်ဆောင်ချိန်၊ မအေးသန်း...ဒီမှာ အာဟာရ ပြည့်ပြည့်စားရရင် ကလေးလဲ အာဟာရ ပြည့်ဝတဲ့ကလေး မွေးမှာပဲ။ အေးလေ ဘာပဲပြောပြော၊ ကိုကျော်မောင်လဲ သူ့ကလေးနှစ်ယောက်လုံး ဆုံးသွားတော့ သားသမီး လိုချင်ရှာမှာပေါ့။

'ပြီးရင် သွားမယ်...မြန်မြန်။ ဘာကိစ္စ သောက်ရှက်မရှိ အရိုးကြီး ကိုက်နေရတာလဲလို့'

'ဟဲ့ အသားတွေ ကျန်နေလို့၊ နှမြောလို့ ဟဲ့...၊ ကလေးက ၀နေပြီ'

စားပြီးတဲ့သူတွေ အလျှိုလျှို ထကြတုန်း မချိုသန်းတို့ သမီးယောက္ခမက တစခန်းထကြပြန်တယ်။

ကလေးကိုချီပြီး မအေးသန်း ထွက်လာရင်း...'မာလာ ..သမီး စားလို့ကောင်း' လို့ မေးတော့ ကလေးက မအေ့မျက်နှာကို မော့ကြည့်ပြီး ရယ်ပြတယ်။ မာလာခိုင်ရဲ့ မျက်နှာပေးက သွားလေသူ သူ့အဖေနဲ့ တစ်ပုံထဲပဲ။ အင်း....ကိုကျော်မောင်နဲ့တူတဲ့ သားလေး တစ်ယောက်ကိုလဲ မအေးသန်း မွေးပေးဦးမှပါ။

'နောက်တစ်သုတ် ၀င်မယ်၊ နောက် တစ်သုတ်၊ မူယာဝင်း...ဦးလှဝင်း'

တာဝန်ခံ အမျိုးသမီးလေး အော်သံနှင့်အတူ မိန်းကလေးနဲ့ ကလေးတစ်သုတ် ထမင်းကျွေးတဲ့ဘက်ကို ၀င်သွားကြပြန်ပြီ။ မ၀သေးတဲ့ ဗိုက်က ထမင်းဟင်းတွေ မြင်ယောင်ပြီး အိမ်ပြန်ဖို့ ထွက်လာခဲ့တယ်။

အင်း...ဆန်လေးတွေက ဖြူဖွေးနူးညံ့ပြီး ဟင်းကလဲ ဆီပြန် နူးနပ်လို့။

အို..... မအေးသန်း ဗိုက်မြန်မြန်ကြီးရင် ကောင်းမယ်။

ဆက်ရန်


[Tuesday, June 3, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၇

0 comments

အပိုင်း(၇)


သူ့နာမည်က ကိုကျော်မောင်တဲ့။ မိန်းမဆုံးပြီး မီးတွင်းထဲ ချန်ထားခဲ့တဲ့ ဆယ့်ငါးရက်သားလေးနဲ့ ဆေးရုံလာတက်တာ၊  သူ့ကလေးကလဲ မာလာခိုင်လိုပဲ၊ အာဟာရချို့တဲ့ ရောဂါဖြစ်တာတဲ့။ သူ့မှာ ကလေးကို မပွေ့တတ်၊ မချီိတတ်၊ ယောင်တိ ယောင်အနဲ့။ ဘာကို ဘယ်လို လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ပုဆိုးမနိုင်၊ ပဝါမနိုင်နဲ့၊ မအေးသန်းမှာ ခုတင်ချင်းကပ်ရက်ဖြစ်နေတော့ မနေသာတော့ဘူး၊ ဝင်ပြော ဝင်လုပ်ပေးမိတယ်။ ပြီးတော့ မအေးသန်းက ဆေးရုံလူလည် ဖြစ်နေပြီလေ။

ဆေးရုံမှာ သူမသိတာ မရှိဘူး။ ဒီတော့ ကိုကျော်မောင်ကို ဘယ်လိုလုပ် ဘယ်လိုကိုင် ဘယ်သွားနဲ့ ညွှန်ကြားတယ်။ ကိုကျော်မောင်ကလည်း မြေဝယ်မကျ နားထောင်တယ်။ မအေးသန်းရှိလို့သာဆိုပြီး ကျေးဇူးတွေတင်နေတယ်။

နေ့ခင်းဘက်ဆို ကလေးကို မအေးသန်းအပ်ပြီး အလုပ်သွားလုပ်လို့ ရတယ်လေ။ သူ့အလုပ်က ဆေးဆိုးပန်းရိုက်အလုပ်တဲ့။ နှစ်ဆယ် အစိတ်ရတယ်တဲ့။ သူညနေ ပြန်လာရင် မအေးသန်းတို့အတွက်ပါ မုန့်လေး ဟင်းလေး ဝယ်လာတတ်တယ်။ ညဘက် ကျတော့လဲ ကလေးကို မအေးသန်းအပ်ပြီး သူက မအေးသန်း သားအကြီးကောင်နဲ့ ယောက်ျားခန်းမှာ သွားအိပ်ရော၊ အံမယ်၊ ဟန်ကိုကျလို့။

မအေးသန်းလဲ စေသနာနဲ့ ကလေးကို ကောင်းကောင်း ပြုစုပေးပါတယ်၊ မာလာခိုင်နဲ့ နို့တောင် မျှတိုက်လိုက်သေးတယ်။ ဆေးရုံက ဆင်းတော့ မအေးသန်းက အရင်ဆင်းခဲ့ရတယ်။ သူတို့သားအဖ ကျန်ရစ်ခဲ့တယ်။ ကိုကျော်မောင့်မှာ ဝမ်းပန်းတနည်းဖြစ်လို့၊ မအေးသန်းရဲ့ အိမ်လိပ်စာလဲ တောင်းထားလိုက်တယ်။ မအေးသန်းလဲ စိတ်မကောင်းဘူး။

 မှန်တာပြောတာပါ။ စိတ်ထဲကလဲ မသိမသာ အားကိုးမိတယ်။ သူက ပြောပြတာကိုး။ သူ့ဆေးဆိုး ပန်းရိုက်လုပ်ငန်းအကြောင်းကို။ တစ်နေ့ နှစ်ဆယ် အစိတ်ရတယ်၊ မအေးသန်းတို့ မိန်းမတွေလဲ ဝင်လုပ်လို့ရတယ်။ တစ်ဆယ် ဆယ့်ငါးကျပ်တော့ စီတာပဲတဲ့။ ဘယ်ဆိုးမလဲ၊ ထမင်းနပ်မှန်နိုင်တယ်။ ပြီးတော့ သူကလဲ တစ်ကောင်ကြွက်။ အစ်မအိမ်မှာ ကပ်နေတာ၊ ကလေးကလဲ တစ်ယောက်ပဲရှိတယ်။

ဒါက မအေးသန်း ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်တာပါ။ ဟိုဘက်က ဘယ်လိုဆိုတာ မသိပါဘူး။ ဒါပေမယ့် ယောက်ျားတွေ အကြောင်းကို နည်းနည်းတော့ သိတာပေါ့။ ကလေးနှစ်ယောက်အမေ မုဆိုးမပဲလေ။ ကိုကျော်မောင်က မအေးသန်းအကြောင်းမေးပြီး စိတ်မကောင်းဖြစ်နေတာ။ လင်သား မရှိဘဲ နေရတဲ့မိန်းမ မတင့်တယ်ဘူးဆိုတဲ့ အကြောင်းပြောတာ။ ပြီးတော့ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဗျာ၊ သွားလေသူ ကျုပ်မိန်းမနဲ့ မအေးသန်းနဲ့ ခပ်ဆင်ဆင်ဗျ ဆိုတာတွေကလဲ ပါသေးတယ်။

ဒီလိုနဲ့ပဲ မအေးသန်း ဆေးရုံက ဆင်းလာခဲ့တော့ သူတို့ သားအဖ ကျန်ရစ်ခဲ့တယ်။ နှစ်ပတ်လောက်နေတော့ ဆေးရုံ အိုပီဒီကို မအေးသန်း သွားတော့ သူတို့ သားအဖကို သွားကြည့်တယ်။ မရှိတော့ဘူး၊ ဆေးရုံက ဆင်းသွားပြီတဲ့၊ တစ်ပတ်လောက်တောင် ရှိပြီတဲ့။ နောက် တစ်လလောက်လဲ နေရော မမျော်လင့်ဘဲ မအေးသန်း အိမ်ကို ကိုကျော်မောင် ပေါက်ချလာတယ်။

မအေးသန်းက အိမ်မှာ မရှိဘူး၊ အရပ်ထဲမှာ အဝတ်သွားလျှော်နေတာ။ အကြီးကောင်လိုက်လာပြီး "အမေ ဆေးရုံတုန်းက တွေ့တဲ့ဦး လိုက်လာတယ်" လို့ လာပြောတော့ မအေးသန်းမယ် ကတုန်ကယင်ကြီးတောင် ဖြစ်လို့။ လျှော်လက်စ အဝတ်တွေကို မြန်မြန်လျှော်ပြီး အိမ်ပြန်လာတော့ ကိုကျော်မောင်က သမီးမာလာခိုင်ကို ချီလို့ စောင့်နေတယ်။

မအေးသန်းကို မြင်တော့

"မအေးသန်းရေ ကျွန်တော်လဲ ကလေးချီတတ်ရော၊ ကျွန်တော့် သားလေးလဲ ဆုံးရော"

"ဟောတော့"

မအေးသန်း မျက်ရည်က ကျမိရော။ ကိုယ်ပွေ့ပွေ့ ပိုက်ပိုက်လုပ်ပြီး နို့တိုက်လိုက်ရတဲ့ ကလေးလေးဆိုတော့ တကယ် စိတ်မကောင်းပါဘူး။ ဆေးရုံက ဆင်းပြီး ပြန်လာတော့ တော်တော်လေး စိုစိုပြည်ပြည် ဖြစ်လာသတဲ့။

ဒါပေမယ့် နောက်ရက်တွေကျ ဘယ်သူမှ ဂရုစိုက်မယ့်သူ မရှိတော့ နို့စို့ရတစ်ချက်၊ မစို့ရတစ်ချက်နဲ့ပဲ ပြန်ပိန်သွားပြီး အသား ပြန်ဝါလာတယ် တဲ့။ ကိုကျော်မောင်ကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဆေးရုံ အိုပီဒီကိုလဲ တစ်ခေါက်မှ ပြန်လာမပြရဘူးတဲ့။ ဒီလိုနဲ့ ဆုံးသွားတာပေါ့။

ကိုကျော်မောင်ကတော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ပြောတယ်။

"ဝဋ်ကျွတ်တာပေါ့ဗျာ၊ ဒီထက်ပို အသက်ရှည်ရင် ပိုပြီး ဒုက္ခရောက်ဖို့ပဲ ရှိတယ်"

တိုတိုပြောကြစို့ဆိုရင် အဲဒီနေ့ကစပြီး ကိုကျော်မောင် မအေးသန်းတို့အိမ်ကို မကြာခဏ လာရင်း လာရင်းကပဲ နှစ်ဦး သဘောတူ ယူဖြစ်သွားကြတာပဲ၊ ယူတဲ့နေ့က ကိုကျော်မောင် ကြုံးဝါးတယ်။

"မအေးသန်းရေ...ငါတို့ နောက်ရလာမယ့် ကလေးတွေ ကျရင် အဲဒီ အာဟာရချို့တဲ့ ရောဂါဆိုတာ မဖြစ်စေရဘူးကွ၊ ငါကြိုးစားမယ်"

တကယ်လဲ ကိုကျော်မောင် ကြိုးစားရှာပါတယ်။ သောက်တာ စားတာလဲ သိပ်မရှိရှာပါဘူး။ မအေးသန်းကိုလဲ အ၀တ်မလျှော်နဲ့တော့တဲ့၊ သူ့ဆရာအိမ်မှာ အလုပ်ပြောပေးမယ်တဲ့။ မအေးသန်းမှာ ဝမ်းသာလို့ ကောင်းတုန်း ကုသိုလ်ကံများဆိုးချင်တော့  မအေးသန်းနဲ့ ရပြီး ငါးရက်လောက်ပဲရှိသေးတယ်၊ အလုပ်မှ လက်ကို ရေနွေးပူလောင်လိုက်တာ တော်တော်ကြီးကို များသွားတယ်။

အသားနီတွေကို လန်သွားတာပဲ။ ဆေးဖိုးဝါးခကိုတော့ သူ့ဆရာကပေးလို့ တော်ပါသေးတယ်။ ဒါပေမယ့် သူ့ဆေးဖိုးဝါးခကို ထမင်းဟင်းချက်တဲ့ထဲ ထည့်နေရတော့ အနာက ပျောက်ဖို့ကြာနေရတာပေါ့။ တော်တော်နဲ့ အလုပ်ဆင်းနိုင်ဖို့ မလွယ်တော့ဘူး။

ခုတော့ မအေးသန်း အဝတ်ပဲ ဆက်လျှော်နေရတာပေါ့။ အသက်ရှူ လေးချောင်တော့မဟဲ့လို့ ဝမ်းသာနေကာမှ ဖြစ်ရတယ်။ အားကိုးရမလားလို့ နောက်လင်ယူလိုက်ပါတယ်။ စကတည်းက ကိုယ်က ပြန်လုပ်ကျွေးရကိန်းဆိုက်နေပြီ။ အင်းပါလေ...လက်ကောင်းသွားရင်တော့ သူအလုပ်ပြန်ဝင်နိုင်မှာပါ။ အဲဒီကျ ပြေလည်သွားမှာပါ။ ပြေလည်သွားရင်တော့ အကြီးကောင်ကို ကလေးနဲ့ မလွှတ်တော့ပါဘူး။ မအေးသန်းကိုယ်တိုင် ကလေးနဲ့လာပြီး ကျန်းမာရေး ဂရုစိုက်ပါ့မယ်။

ခုလောလောဆယ် မပြေလည်သေးတဲ့ အချိန်ကတော့ အကြီးကောင်လို ကလေးမပြောနဲ့ မအေးသန်းတောင် စားချင်တယ်။ ဆာတာကိုး။ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ် ထကြွ သောင်းကျန်းတဲ့ဒဏ်ကိုတော့ ဘယ်သူမှ မခံနိုင်ဘူး။

"အစ်မလေး....ကျွန်မကလေးက အနီလား..အဝါလားဟင်"

"ကျွန်မကလေးက အဝါထဲ ရောက်လာပလား၊ ဟုတ်လား"

"ကျွန်မကလေး အစိမ်းထဲ မရောက်သေးဘူးလားဟင်"

ကတ်ပြားတွေ ရေးနေတဲ့ အမျိးသမီးလေးကို အလုအယက်ဝိုင်းမေးနေကြတဲ့ မိန်းမတွေကို မအေးသန်း ငေးကြည့်နေမိတယ်။ ဟိုအမျိုးသမီးက အနီလို့ ပြောလိုက်ရင် မျက်နှာငယ်သွားကြပြီး၊ အဝါလို့ ပြောလိုက်ရင်တော့ မျက်နှာတွေက ဝင်းသွားကြတယ်။ ကျေနပ်သွားကြတယ်။

အစိမ်းလို့တော့ တစ်ယောက်မှကို ပြောသံ မကြားရဘူး။ အစိမ်းဆိုရင်တော့ မအေတွေ တော်တော်ကို ပျော်သွားကြမှာပဲ။ သြော်...မအေပဲလေ၊ ကိုယ်ကမွေးထုတ်တဲ့ ကိုယ့်သားသမီး နေကောင်းတယ်၊ ကျန်းမာတယ်ဆိုရင် ဘယ်သူ ဝမ်းမသာဘဲ နေပါ့မလဲ။

မအေးသန်း ရင်ခွင်ထဲက ကလေးကို ငုံ့ကြည့်မိတယ်။ ငါ့သမီးလေးက 'အနီ' ထဲမှာပဲတဲ့။ အဝါတောင် မရောက်သေးရှာဘူး။  ပိန်လိုက်တာလဲ မျက်တွင်းလေးတွေ ချိုင့်ဝင်ပြီး မျက်လုံးလေးတွေ ပြူးထွက်နေပြီ။ အသားလေးတွေကလဲ ပျော့လွန်းလို့ တွဲတောင်ကျတော့မယ်။ အင်း...ကိုကျော်မောင် နေကောင်းပြီး အလုပ်ပြန်ဆင်းနိုင်ရင်တောင် ငါ့သမီးလေးကို ငါဂရုစိုက်မယ်၊ အစိမ်း ဖြစ်သွားအောင် ငါဂရုစိုက်မယ်။

ကလေးရဲ့ လျော့နေတဲ့ ပါးလေးတွေကို ပွတ်သပ်လိုက်ပြီး မအေးသန်း ကြုံးဝါးရင်း သက်ပြင်းတချက်ကို ချမိလိုက်ပြန်တယ်။ အင်း.... ဒီလို သမီးလေးကို ဆေးရုံ ခဏခဏသွား၊ ခဏခဏ တက်ရတုန်းကလဲ ဒီလိုပဲ ငါကြုံးဝါး ဖူးတာပဲ။ ဆေးရုံက ဂရုစိုက်ပေးလို့ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာတဲ့ သမီးလေးကိုကြည့်ပြီး သမီးလေး ပြန်ပိန်မသွားအောင် ဒီလို စိုစိုပြည်ပြည်လေးအတိုင်းနေအောင် ဂရုစိုက်မယ်လို့ ငါကြုံးဝါးဖူးတာပဲ။

ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အခါကျတော့လဲ ဘယ်လိုပဲ ဂရုစိုက်ချင်ချင်၊ မကျွေးနိုင်၊ မမွေးနိုင်ပြန်တော့လဲ ဒီလိုပဲ ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားတာပဲ။ ကလေးက ပြန်ပိန်ရတာပဲ။ ပြန်ပြီး အာဟာရချို့တဲ့ဖြစ်ရရှာတာပဲ။ နောက်ဆုံး အရင်လိုပဲ ၀မ်းလျှောရောဂါဖြစ်ပြီး ဆေးရုံပြန်ပြေးရတာပဲ။

'ကဲ...ကဲ...ခဏလေး....ခဏလေး၊ မိခင်နဲ့ ကလေးတွေ အားလုံး ဒီကိုလာကြပါဦး၊ ဒီနားမှာ လာစုကြပါဦး'

ဆေးပေးတဲ့ အမျိုးသမီးလေးက လက်ကလေးကာပြီး အော်ခေါ်နေပြန်ပြီ။ ထမင်းကျွေးတော့မှာလား မသိဘူး။ အမျိုးသမီးလေးတွေ နားကို မိခင်နဲ့ ကလေးတွေ အားလုံး စုရုံးလာကြတယ်။

'ကဲ......ကိုယ့်ကလေးနဲ့ကိုယ် ခဏလေး ထိုင်ကြပါနော်၊ ပြောစရာလေးတွေ ရှိလို့၊ ဒါနားထောင်ပြီးမှ  ထမင်းစားမယ်နော်၊ ခဏလေးပါ၊ မကြာပါဘူး'

အမျိုးသမီးလေးက လက်ကိုင်ပုဝါလေးနဲ့ နဖူးက ချွေးတွေကို တို့သုတ်ရင်း စာရွက် တစ်ရွက်ကို ဖြန့်ကြည့်နေတယ်။ မအေးသန်းဘေးက ပိန်လှီမည်းညစ်နေတဲ့ ကလေးတစ်ယောက်ကို ပွေ့ထားတဲ့ အဘွားကြီးတစ်ယောက်က ရှုံ့မဲ့ပြီး 'ဟိုဟာတွေ ပြောမလို့နဲ့တူတယ်၊ ဒုက္ခပဲ၊ ဗိုက်က ဆာလှပြီ' တဲ့။

မအေးသန့်ကြည့်နေတာကို အဘွားကြီးဘေးက မည်းမည်းပိန်ပိန် မိန်းမက  ရှက်သလို မျက်နှာနဲ့ အဘွားကြီးကို တံတောင်နဲ့ တွက်ရင်း.....

'ရှင်ကြီး ဘယ်လိုဖြစ်နေတာလဲ၊ မရှက်ဘူးလား၊ သူများတွေ ကြည့်နေတယ်'

အဘွားကြီးကတော့ ခပ်တည်တည်ပဲ။ ဘေးက မိန်းမကို အရေးမလုပ်ဘူး။ တံတောင်နဲ့ တွက်တဲ့လက်ကိုလဲ ဖတ်ခနဲ ရိုက်ချတယ်။ ဟိုမိန်းမက မကျေမနပ် မျက်စောင်းထိုးရင်း ဆက်ပြီး ပြောတယ်။

'သူ့ကို ဘယ်သူက ကျွေးမှာမို့လို့ ဒီလောက် ငတ်ကြီး ကျနေတယ် မသိဘူး၊ ထွီ....ရွံလိုက်တာ'

'ဟဲ့ကောင်မ နင့်ပါးစပ် ပိတ်ထား'

အမယ်လေး၊ အဘွားကြီး အော်လိုက်တာ အားလုံးကို လန့်သွားတာပဲ။ အသံက ကျယ်သလား မမေးနဲ့၊ ပွစိပွစိပြောနေတဲ့ မိန်းမတွေ အသံငြိမ်သွားပြီး စာရွက်ဖတ်နေတဲ့ ဟိုအမျိုးသမီးလေးကလဲ စိတ်ပျက်တဲ့ ပုံစံနဲ့ လှမ်းကြည့်တယ်။

'ကဲ ဘယ်လိုလဲ မချိုသန်းတို့ သမီးယောက္ခမ၊ ကျွန်မ ခဏခဏ ပြောတယ်၊ ဒီနေရာဟာ ရှင်တို့ သမီးယောက္ခမရန်ဖြစ်ရမယ့် နေရာမဟုတ်ဘူးဆိုတာ၊ဘယ်လိုပြောပြောမရဘူး။ ကျွန်မ မေတ္တာရပ်ခံနေတာ၊ ပြောလို့မှ မရရင် သွားကြပါ၊ အပြင်မှာသွား ရန်ဖြစ်ကြပါ၊ ပြီးတော့မှ ပြန်လာခဲ့ကြနော်၊ ဒါပဲ ကျွန်မပြောတတ်တယ်'

'လူကြီးကို လူကြီးမှန်း မသိဘဲ မိုက်ရိုင်းတဲ့ကောင်မ'

'အောင်မယ် ကျုပ်က မမိုက်ရိုင်းဘူး၊ ရှင်ကကော လူကြီးပြီး အချိန်စီးလို့လား၊ အတ္တဘောမကြီး'

'ကဲ....မချိုသန်း၊ ကျွန်မပြောတာ နားမထောင်ဘူးလား ဟုတ်လား။ ဒီလိုဆို ကျွန်မ လူကြီးတွေ ပြန်တိုင်မှာနော်၊ လူကြီးတွေသိလို့ ဒီကို ထမင်းလာမစားရတော့ဘူးဆိုရင် ကျွန်မ အဆိုး မဆိုနဲ့၊ ဟုတ်လား'

ထမင်းနဲ့ခြောက်မှပဲ သမီးယောက္ခမ နှစ်ယောက်ငြိမ်သွားကြတယ်။ မျက်နှာတွေကတော့ စူပုတ်ထားလိုက်ကြတာ။ နောက်နားဆီက မိန်းမတွေကတော့ အဘွားကြီးကိုပဲ မကောင်းပြောနေကြတယ်။

ဒါကတော့ သေချာတယ်၊ တိုင်ပင်စရာမလိုဘူး၊ ယောက္ခမကိုယ်စီရှိကြတဲ့ မိန်းမတွေပီပီ အဘွားကြီးကိုပဲ ၀ိုင်းပြောမှာပဲ။ မအေးသန်းကတော့ ယောက္ခမနှစ်ယောက္ခမစလုံး အစောကြီးသေကြတဲ့ သူတွေဆိုတော့ ယောက္ခမနဲ့ ရန်မဖြစ်လိုက်ရဘူး။

'အားလုံးနားထောင်ကြပါ၊ တခြားမဟုတ်ပါဘူး၊ အရင်အပတ်တွေထဲက အစ်မကြီးတို့ကို ကျွန်မပြောခဲ့တယ်၊ ကိုယ့်ကလေးတွေကို တကိုယ်ရေ သန့်ရှင်းရေး လုပ်ခဲ့ပါလို့ မှာလိုက်တယ်၊ ဒီကိုလာရင် ကလေးတွေကို ရေချိုးခဲ့ပါ၊ သန့်သန့်ရှင်းရှင်းဝတ်ခဲ့ပါ၊ ခြေသည်းလက်သည်း လှီးခဲ့ပါ၊ ခေါင်းလေးတွေ သပ်သပ်ရပ်ရပ်နဲ့ ဆီလေးဘာလေး လိမ်းပေးပြီး သနပ်ခါးလေးတွေလဲ ဖွေးနေအောင် လိမ်းခဲ့ကြပါလို့ မှာလိုက်တယ်။

'ဒါမှ ကလေးက စိတ်ကြည်လင်ပြီး ထမင်းစားတဲ့အခါ များများဝင်မယ်၊ များများဝင်တော့ ကလေးဝလာပြီး အစိမ်းရောင်ကိုရောက်မယ်၊ အာဟာရ ချို့တဲ့တာပျောက်သွားမယ်၊ ပျောက်သွားရင်လဲ ငါးနှစ်မပြည့်မချင်း ဆက်ကျွေးမှာပဲနော်။'

'ဒါမှ ကလေးက ပိုဝလာမယ်၊ ပိုကျန်းမာလာမယ်၊ ငါးနှစ်အောက်ကိုပဲ ကျွန်မတို့က ဘာလို့ကျွေးမှသလဲဆိုတော့ တစ်နှစ်ကလေး နှစ်နှစ်ကလေးတွေဟာ ကိုယ့်ဘာသာကိုယ် မစားတတ်သေးဘူး။ လူကြီးတွေက ဂရုစိုက်ကျွေးမှ အာဟာရပြည့်ဝမှာ ဖြစ်တယ်၊ အဲဒီအရွယ်တွေမှာ ဂရုမစိုက်ဘဲနေလိုက်ရင် အာဟာရ ချို့တဲ့ရောဂါ ဖြစ်တော့တာပဲ။ တစ်နှစ်ကလေး နှစ်နှစ်ကလေးဟာ အာဟာရချို့တဲ့ရောဂါ အဖြစ်ဆုံးပဲ။'

'ငါးနှစ်အရွယ်ကတော့ ကိုယ့်ဘာသာဝအောင်စားပြီး ကိုယ်ဆာရင် ဆာသလို လူကြီးကိုလဲ တောင်းတတ်ပြီ။ အစားစုံလဲ စားလို့ရတော့ အာဟာရချို့တဲ့ရောဂါ မဖြစ်နိုင်တော့ဘူး၊ ဒီတော့......'

တာဝန်ခံ အမျိုးသမီးလေးက ခဏနားပြီး စာရွက်တွေကို ပြန်ကြည့်တယ်။ ငါးနှစ် အရွယ်ကတော့ ကိုယ့်ဘာသာကိုယ် ၀အောင်စားတတ်ပြီ၊ လူကြီးတွေကိုလဲ ဆာရင်တောင်းတတ်ပြီတဲ့၊ သြော်....၀အောင်စားတတ်ပေမယ့် ၀အောင်စားဖို့ စားစရာများ မရှိရင် ဘယ်လိုလုပ်ပါ့မလဲကွယ်၊ ဆာလို့ လူကြီးတွေကိုတောင်းပေမယ့် လူကြီးတွေမှာ ကျွေးစရာ မရှိရင်တော့ကော ဘယ့်နှယ် လုပ်ရပါ့။

ဒါကြောင့်မို့လို့ ဒီနားပတ်ဝန်းကျင်မှာ ငါးနှစ်ကျော် ခြောက်နှစ်အရွယ်ကလေးတွေ တ၀ဲဝဲလည်နေကြတာပေါ့။ အိမ်က သား အကြီးကောင် ငါးနှစ်။ ဒါကြောင့်မို့လို့ ဒီမှာ ကလေးရဲ့ ထမင်းဟင်းတွေကို စားပစ်တာပေါ့။

ကျွေးတဲ့မွေးတဲ့ဘက်က ပြောတော့လဲ မှန်တာပဲ။ အင်း... မအေးသန်း တွေးသလိုသာ စားချင်တဲ့ လူတွေ၊ မစားနိုင်တဲ့ လူတွေ အကုန်လုံးသာ ကျွေးရမယ်ဆိုရင် ငါးနှစ်ခြောက်နှစ်အရွယ်တွေတင်မက မအေးသန်းတို့ လူကြီးတွေပါ အများကြီး အောတိုက်လာကုန်ကြမှာပေါ့နော်။ တစ်နေ့ ကျွေးမွေးစရိတ်က နည်းတာမှတ်လို့၊ ဘယ်ဖြစ်ပါ့မလဲ။ ဒါတောင် ယူနီဆက်က လာကျွေးလို့နော်။

'ဒီတော့ ကျွန်မပြောမယ်နော်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဒီထဲမှာ လုပ်လာတဲ့ မိခင်တွေလဲ ရှိတယ်။ လုပ်မလာတဲ့ မိခင်နဲ့ ကလေးတွေက များတယ်။ ဒီတော့ ကျွန်မ ထပ်ပြောမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကြောင့် ရောဂါကူစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်တယ်။'

'ကလေးတွေကိုလဲ ခုအရွက်ထဲက ကျန်းမာရေး အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ ပထမဆံပင်၊ ဆံပင်ကို ကိုယ်နိုင်သလောက် ဆံပင်ထားပါ။ အဲဒီဆံပင်ကို မှန်မှန်လျှော်ပါ။ သန်းတွေ ဘာတွေ မရှိပါစေနဲ့။ ဆံပင်ကို ဖြီးတဲ့အခါမှာလဲ ကိုယ်ပိုင်ဘီးကို သုံးနိုင်ရမယ်နော်။ဆံပင်ပြီးတော့ မျက်လုံး။ မျက်လုံးကို မျက်နှာသစ်တိုင်း ရေသန့်သန့်နဲ့ ဖွင့်ချီပိတ်ချီဆေးပေးပါ။ မီးခိုး၊ ဖုန်၊ နေပူ ပြင်းပြင်းရှောင်ပါ။ မျက်နှာသုတ်ပ၀ါ၊ လက်ကိုင်ပုဝါကို ကိုယ်ပိုင်သုံးပါ။'

'စာဖတ်တဲ့ အခါမှာလဲ အလင်းရောင် ကောင်းကောင်းအောက်မှာသာ စာဖတ်ပါနော်။ မျက်စိကိုလဲ ယင်ကောင်တွေ ဘာတွေ မနားပါစေနဲ့။ ဟိုမှာ နံရံပေါ်မှာလဲ ပိုစတာလေးတွေ ကပ်ထားတယ်၊ မျက်လုံးကို သန့်ရှင်းအောင်ထားပါ။ ယင်မနားစေရတဲ့၊ တွေ့လား၊ ရုပ်ပုံလေးတွေနဲ့ ဆိုတော့ ပိုမှတ်မိတယ်။ တခြားပိုစတာတွေကိုရော ဒီလာတိုင်းဖတ်ကြနော်'

နံရံပေါ်က ပိုစတာတွေကို မအေးသန်း ခုမှပဲ မြင်တော့တယ်။ အများကြီးပဲ၊ ရုပ်ပုံလေးတွေနဲ့။ လိုက်နာနိုင်ရင်တော့ ကိုယ့် ကျန်းမာရေးအတွက် တကယ်ကောင်းတာပဲနော်။ အင်း....မျက်နှာသစ်တာကို ရေသန့်နဲ့တော့ အမြဲသစ်ပါတယ်။ မျက်လုံး ဖွင့်ချီ ပိတ်ချီတော့ တစ်ခါမှ မလုပ်ဖူးဘူး။

အဲ...ငရုတ်သီးထောင်းလို့ မတော်တဆ ငရုတ်သီးမျက်လုံးထဲဝင်ရင်သာ ရေထဲ ခေါင်းစိုက်ပြီး ဖွင့်ချီပိတ်ချီလုပ်တာ။ မလုပ်ဘူးဆိုတာကလဲ စိတ်ကိုကလဲ မအားလို့ပါ။

မိုးအလင်းမှာ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ရှာဖို့ဖွေဖို့၊ ကြံရ စည်ရ၊ တွေးတောရနဲ့၊ မျက်နှာသစ်တယ်ဆို ဗြန်းဗြန်းနဲ့၊ ရေနဲ့ မျက်နှာနှစ်ချက်လောက်ပက်၊ ကပျာကယာ ပလုပ်ကျင်းပြီး တွေ့ရာပုဆိုးစုတ်နဲ့ သုတ်လိုက်တာ၊ မျက်နှာသုတ်ပ၀ါလဲ အိမ်မှာ စုတ်ပြတ်နေတဲ့ တစ်ထည်ပဲရှိတယ်။

ချေးကိုက်ပြီး မည်းညစ်ညစ်နဲ့ အ၀တ်လျှော်သည်မ ကိုယ်တိုင်ကို ဖြူအောင် မလျှော်နိုင်တော့ဘူး။ စာတွေ ဘာတွေ ဖတ်တာကတော့ ရှင်းတယ်။ ဘယ်တော့မှ မဖတ်တော့ ပြောစရာမလိုဘူး။ မီးခိုးတို့၊ ဖုန်တို့၊ နေပူတို့ကတော့ ကိုယ့်ဘ၀လိုမျိုးနဲ့ ဘယ်လိုရှောင်နိုင်မလဲ။

မျက်စိကို ယင်ကောင်မနားဖို့ကလဲ မလွယ်လိုက်တာ၊ မအေးသန်းတို့ နေတဲ့နားက ဆယ့်နှစ်ရာသီ စိုစွတ် အောက်သိုးနေတာ၊ စားကြွင်းစားကျန်တွေကိုလဲ စည်းကမ်းမရှိပစ်ကြတော့၊နွေ မိုး ဆောင်း ယင်ကတော့ တလောင်းလောင်းပဲ။ မျက်လုံးမပြောနဲ့ ပါးစပ်တောင် စိထားရတာ။

'မျက်နှာသစ်တိုင်းမှာ နှာခေါင်းကိုလဲ ရေသန့်နဲ့ ဆေးပေးရမယ်။ နှပ်ညှစ်ရင် ကိုယ်ပိုင် လက်ကိုင်ပ၀ါနဲ့ ညှစ်ရမယ်၊ ပြီးတော့ နှာခေါင်းကို လက်နဲ့ မကလော်ရဘူး၊ ဟို...ပိုစတာမှာလဲ ရေးထားတယ်၊ နှာခေါင်းကို လက်နှင် မကလော်ပါနှင့် တဲ့။'

မအေးသန်းနာက စကားကို ကောင်းကောင်းနားမထောင်ပဲ တချိန်လုံး နှာခေါင်းကို လက်နဲ့ နှိုက်နေတဲ့ ဟိုစွာကျယ်အဘွားကြီး၊ ဖျတ်ဆို နှာခေါင်းနှိုက်တာကို ရပ်လိုက်တယ်။ တာဝန်ခံ အမျိုးသမီးလေးက မျက်လု့းဝေ့ကြည့်တယ်။

'ပြီးတော့ ခံတွင်းနဲ့ သွားကို ဂရုစိုက်ရမယ်။ အစာစားပြီးတဲ့အခါတိုင်း၊ အချိုစားပြီးတဲ့အခါတိုင်း အိမ်ရာမ၀င်မီရယ်၊ အိပ်ယာထရယ်၊ ပလုပ်ကျင်းပေးရမယ်၊ သွားတိုက်ပေးရမယ်၊ သွားတိုက်တဲ့အခါ သွားတိုက်ဆေးနဲ့မှ မဟုတ်ဘူး၊ ဆား၊ ပြာနု၊ ဆိုဒါမှုန့်၊ တမာရိုး၊ အဲဒါတွေနဲ့လဲ တိုက်လို့ရတယ်။'

'စကားပြောရင်လည်း ကပ်မပြောရဘူး၊ တံတွေး စင်တာနဲ့ ရောဂါ ကူးစက်နိုင်တယ်၊ ဟိုမှာလဲ ရေးထားတယ်နော်....တွေ့လား၊ 'စကားပြောလျှင် ကပ်မပြောရ၊ ခွာပြောပါ' ၊ 'ချောင်းဆိုးလျှင် လက်ကိုင်ပ၀ါသုံးပါ'၊ 'နေရာတကာ တံတွေး မထွေးရ' တဲ့။ ခံတွင်းသန့်အောင် အရည်ရွှမ်းတဲ့ သစ်သီးဝလံကို စားပေးရမယ်၊ ကွမ်းတို့ ဆေးတို့ မငုံရဘူး၊ ကင်ဆာ ဖြစ်တတ်တယ်၊ နောက်ပြီး ရေချိုးတဲ့အခါမှာ ရာသီဥတုကို လိုက်ပြီး လိုအပ်သလို ချိုးရမယ်။'

'ဆောင်းဆို တစ်ခါ၊ နွေဆို နှစ်ခါလောက်ပေါ့၊ ချိုးတဲ့အခါ ဆပ်ပြာနဲ့ တစ်ကိုယ်လုံးအနှံ့ တိုက်ချိုးပါ။ နောက်ပြီးတော့ ဒီ ညွှန်ကြားချက်ထဲမှာတော့ 'လုံသုံးလုံ' ရေချိုးခန်းထားပါတဲ့။ အရှက်လုံ၊ အအေးလုံ၊ ရောဂါလုံတဲ့။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ရေချိုးခန်းနဲ့ ချိုးနိုင်တဲ့လူ အရေအတွက်က အတော်နည်းပါတယ်။ ဒီတော့ ကိုယ်ချိုးနိုင်သလို ချိုးကြတဲ့အခါ ဆပ်ပြာတော့ တိုက်ပါ။'

ဒီအချက်မှာတော့ မအေးသန်းနဲ့ အကိုက်ပဲ။ ဆပ်ပြာမှန်မှန်တိုက်ပြီး မအေးသန်း မှန်မှန်ရေချိုးရတယ်။ ဆပ်ပြာရှားပေမယ့် ပူစရာမလိုဘူး၊ ရေရှားပေမယ့် ပူစရာမလိုဘူး၊ သူများအိမ်မှာ အ၀တ်သွားလျှော်ရင်း တခါတည်း အပြီး ရေမိုးချိုးခဲ့တာ၊ ခေါင်းလဲ မှန်မှန်လျှော်လို့ရတယ်။

'နောက် ခြေလက်သန့်ရှင်းရေး၊ လက်သည်း ခြေသည်းရှည်လျှင် လှီး၊ နေ့စဉ်မငြီးခေါင်းကိုဖြီး ဆိုတာလေ၊ လက်သည်း ခြေသည်းထဲမှာ ရောဂါ ပိုးမွှား အင်မတန် ခိုအောင်းနိုင်တဲ့အတွက် သန်ကောင်ရောဂါ၊ အရေပြားရောဂါ၊ ၀မ်းလျှောရောဂါတွေ ဖြစ်တတ်တယ်။ လက်ကိုလဲ အစာမစားမီဆေး၊ အိမ်သာမှ ဆင်းလာတိုင်း ဆပ်ပြာနဲ့ စင်နေအောင်ဆေးရမယ်။'

'နောက်ပြီးတော့ ခြေထောက်ကိုလဲ သန့်ရှင်းအောင် ထားရမယ်။ ဖိနပ်စီးရမယ်၊ ဖိနပ်မစီးဘဲ မနေရဘူး။'

အပိုင်း(၈) ဆက်ရန်..............

[Friday, March 21, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၆

0 comments

"မာလာခိုင်၊ မာလာခိုင်၊ မာလာခိုင်ရှိလား၊ ဘယ်သွားနေလဲ၊ ပေါင်ချိန်မယ်၊ ပေါင်ချိန်မယ်၊ မာလာခိုင်"

"ဟော.....မာလာခိုင်တဲ့၊ ခေါ်နေပြီ၊ ဘုရား....ဘုရား၊ ယောက်ျားအတင်း ပြောကောင်းနေတာ၊ မကြားဘဲနေလိုက်တော့မလို့"

ကလေးကို ပွေ့ချီထားရင်း အုံနေတဲ့ လူအုပ်ကြားထဲ မအေးသန်း တိုးဝင်လိုက်တယ်။

"လာပြီ....လာပြီ၊ ဒီမှာ မာလာခိုင်"

"ဘယ်သွားနေတာလဲ အစ်မကြီးရယ်၊ ခေါ်လိုက်ရတာ တစ်လတစ်ခါလေး ပေါင်ချိန်ရတာ၊ ဂရုစိုက်မှပေါ့၊ အစ်မကြီးက မာလာခိုင့်အမေလား"

"ဟုတ်ကဲ့၊ အမေ"

"တော်သေးတာပေါ့၊ ဒီတစ်ခါ လူကြီးနဲ့လာလို့၊ ဒီလို ဆေးပေးတဲ့နေ့၊ ပေါင်ချိန်တဲ့နေ့ဆို ဒီကလေးတွေကို ကလေးအကြီးတွေနဲ့ မလွှတ်ပါနဲ့ ဆိုတာ၊ တခြားကြောင့် မဟုတ်ဘူး။ ဆေးတွေကို ဘယ်လိုတိုက်၊ ဘယ်ပုံတိုက်ဆိုတာ ကလေးကြီးတွေကို ဘယ်လိုပြောမလဲ။ ပေါင်ချိန်ပြီး ကလေးကျန်းမာရေး၊ ၀ိတ်အတက်အကျကို ပြောချင်တော့လဲ ဘယ်လိုပြောမလဲ။ ဒါကြောင့် ဒီလိုရက်ကို လူကြီး လာပါလို့ မှာရတာ၊ အရင် မာလာခိုင်က ဟို....ငါးနှစ် ခြောက်နှစ်လောက် ကောင်လေးနဲ့ အမြဲလာတာနော်"

"ဟုတ်ကဲ့"

ထုံးစံအတိုင်းပဲ၊ ပေါင်ချိန်ပေးမယ့် အမျိုးသမီးလေး ရှင်းပြနေတာကို မအေးသန်း ခေါင်းဘဲညိတ်နေလိုက်တယ်။ ဆံပင်တိုတိုလေးနဲ့ အမျိုးသမီးလေးက မအေးသန်းသမီးကို ဆွဲထားတဲ့ ချိန်ခွင်လေးလိုဟာနဲ့ တစ်ဖက်စွန်းက ပလတ်စတစ်ထိုင်စရာလိုဟာလေးထဲကို ထိုင်ခိုင်းတယ်။ ပေါင်ချိန်ဖို့။ ဟော၊ သောက်ကောင်မလေးက ကြောက်ပြီး ငိုပြီ။

ဟိုအမျိုးသမီးလေးကတော့ ချိန်ခွင်လိုဟာရဲ့တန်း ညာဘက်စွန်းကို ထိန်းထားပြီး တန်းပေါ်မှာ သံတုံးလေးကို ရွှေ့ရွှေ့ပေးနေတယ်။ ပြီးတော့ သေချာကြည့်ပြီး သံတုံးလေးကို ပြန်ရွှေ့ပြန်တယ်။

"ကလေးကို ချလိုက်တော့ ရပြီ၊ အစ်မ ကလေး ဘယ်လိုဖြစ်တာလဲ၊ ပေါင်ချိန်က တဖြည်းဖြည်း လျော့လိုက်နေတယ်။ လာ လာ ဒီကိုလာ၊ ကျွန်မ ပြမယ်"

မိန်းမတွေ ၀ိုင်းအုံနေတဲ့ စားပွဲဝိုင်းလေးဆီကို မအေးသန်းလိုက်သွားရတယ်။ အဲဒီမှာ ပေါင်ချိန်တဲ့ အမျိုးသမီးလေးလို အမျိးသမီးလေး နှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်မှာ တစ်ယောက်က ဆေးပေးနေပြီး တစ်ယောက်က ကတ်ပြားတွေထဲ ဘာတွေလဲမသိဘူး ရေးလို့။

မအေးသန်းကို ခေါ်လာတဲ့ အမျိုးသမီးလေးက ကတ်ပြားတွေထဲကို "ဘယ်မှာလဲ မာလာခိုင် ကတ်ပြား" လို့ ရှာဖွေရင်း ကတ်ပြားတစ်ချပ်ကို ဆွဲထုတ်ပြီး ဘာတွေမှန်းမသိဘူး ရေးနေတယ်။ ပြီးတော့မှ

"လာ...ဟိုအစ်မကြီး၊ ဒီမှာကြည့်၊ ဒီကတ်ပြားကို ဒီအရောင်တွေတွေ့လား၊ အောက်ဆုံးမှာ အနီ၊ အလယ်မှာ အဝါ၊ အပေါ်ဆုံးမှာ အစိမ်းရောင် ခြယ်ထားတယ် တွေ့လား"

"ဟုတ်ကဲ့၊ တွေ့တယ်"

"အစ်မကြီးကလေးက အာဟာရချို့တဲ့နေတယ်နော်၊ သိတယ် မဟုတ်လား။ အစ်မကြီးတို့မှာ စီးပွားရေးအခြေအနေအရ ကလေးတွေကို မကျွေးနိုင်ဘူး၊ အာဟာရ ပြည့်ဝအောင်လဲ မကျွေးတတ်လို့ ကျွန်မတို့က ဒီမှာလာပြီး ထမင်းစားခိုင်းတယ်။ ယူနီဆက်က ပေးတဲ့ အားဆေးတွေကို ပေးတယ်။ ကျန်းမာရေး ဗဟုသုတတွေ ပြောပြတယ်။ အစ်မကြီးတို့ကို တစ်ပတ် သုံးရက် မှန်မှန်လာခိုင်းပြီး ကလေးတွေ အခြေအနေ ကောင်းလာအောင် ကျွန်မတို့က လုပ်ပေးနေတယ်။ ကလေးတွေ အခြေအနေတွေ တိုးတက်မလာသင့်ဘူးလား"

"ဟုတ်ကဲ့"

"အခု ဒီမှာ ကြည့်၊ ဟောဒီကတ်ပြားက ပြနေတယ်၊ အောက်ဆုံးက အနီမှာဆိုရင် ကလေးက အဆိုးဆုံး အခြေအနေ၊ အာဟာရ ချို့တဲ့ဆုံး၊ အလယ်က အဝါရောင်ဆိုရင် မဆိုးဘူး၊ အာဟာရ ပြည့်ဝလာပြီဆိုတဲ့ အခြေအနေ၊ အဲ အပေါ်ဆုံးက အစိမ်းရောင်ကို ရောက်သွားရင်တော့ ကောင်းသွားပြီ"

"ကလေးက သိပ်ကောင်းသွားပြီ။ အာဟာရ ပြည့်ဝသွားပြီ။ ကလေးအားလုံး အစိမ်းရောင် ဖြစ်အောင် ကျွန်မတို့ ကြိုးစားကြရမယ်။ အခု အစ်မကြီး ကလေးက ဟိုအောက်ဆုံး အနီရောင်ထဲမှာ ရောက်နေတယ်၊ ဒီတော့ ဂရုစိုက်ရမယ်။ အစိမ်းရောင် ရောက်အောင် ဂရုစိုက်ရမယ်နော်....အစ်မကြီး"

မအေးသန်းက ခေါင်းတွင်တွင်ညိတ်တုန်း ဆေးပေးနေတဲ့ အမျိုးသမီးလေးက "မာလာခိုင်လား" လို့ မေးတယ်။ ပြီးတော့ မအေးသန်းကို ကြည့်ပြီး
"မာလာခိုင်က စလာကတည်းက အနီ၊ ခုထိ အနီထဲမှာပဲ၊ နီမှာပေါ့၊ အစ်မကြီးတို့က ကလေး ကလေးချင်းလွှတ်တာကိုး၊ ကျွန်မတို့ကလဲ မပြောချင်ဘူး။ ကျွန်မတို့က အစ်မကြီးတို့သိတဲ့အတိုင်း စေတနာဝန်ထမ်းတွေ၊ ဘာ တစ်ပြား တစ်ချပ်မှလဲ ရတာ မဟုတ်ဘူး၊ ကိုယ့်မြို့နယ်က ကလေးတွေ စားရပါစေတော့ ဆိုပြီး လုပ်ပေးနေတာ၊ ကျွန်မတို့ပိုက်ဆံလည်း မဟုတ်ဘူး။ ယူနီဆက်ကနေ ဘာသာစုံကယ်ဆယ်ရေးအဖွဲ့ကို တာဝန်ပေးပြီး ကျွေးမွေးတာ"

"သိလား၊ ယူနီဆက်ဆိုတာ မှတ်ထားနော်၊ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ခေါ်တယ်။ သူတို့က ကလေးတွေကို အာဟာရပြည့်ဝလာအောင် အာဟာရ ပြည့်ဝမလာဘူးဆိုရင် ဘယ်ကောင်းမလဲ၊ ယူနီဆက်က ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေလဲ ခဏခဏလာကြည့်တာ၊ အဲ...အစ်မကြီးတို့က ကလေး ကလေးချင်း လွှတ်ရော၊ ဟိုကလေးကလဲ အကြီးဆိုပေမယ့် ကလေးပဲ၊ ဘာသိမှာမှတ်လို့။ "

"ဟော....အငယ်ကလေးကို ကျွေးသလိုလိုနဲ့ သူက စားပစ်ရော၊ ဘယ့်နှယ်လုပ်မလဲ၊ ဒီက စည်းကမ်းကလဲ ငါးနှစ်အောက်ကလေးကိုပဲ ကျွေးဖို့သတ်မှတ်ထားတော့ ကျွန်မတို့မယ် မခက်ဘူးလား၊ ပိုရင် ကျွေးပါတယ်။ အမြဲကျွေးတယ်။ ကလေးကို ဝအောင်ကျွေး၊ ပိုရင် ကျွေးမယ် ပြောလဲ မရဘူး။ အဲဒါကြောင့် အစ်မကြီးတို့ကို မိခင်တွေ ကိုယ်တိုင်လာပါ။ ကလေး၊ ကလေးချင်း မလွှတ်ပါနဲ့လို့ ပြောရတာ၊ နော်....နောင်ကို အစ်မကြီးပဲလာ၊ ရော့....ဆေးယူသွားဦး"

သူ့ကို ရှင်းပြနေတဲ့ အမျိုးသမီးလေးကို မအေးသန်းစိတ်ထဲကနေ ကျိတ်ပီး တောင်းပန်လိုက်မိတယ်။ မလွှတ်လို့ မဖြစ်လို့ လွှတ်ရတာပါကွယ်။ အိမ်မှာ မိဘမအားလို့၊ ကလေးဂရုမစိုက်ချင်တော့ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် အကြီးကလေးကိုပါ စားရစေချင်လို့ပါ။ လူကြီးတွေက မစားဘဲ နေနိုင်တယ်လေ။ ကလေးဆိုတာမျိုးက ဆာရင် တဂျီဂျီအော်နေတော့တာ၊ စိတ်ချပါ။အိမ်မှာ ကျွေးနိုင်တဲ့နေ့၊ မလွှတ်တော့ပါဘူး။ အမျိုးသမီးလေးပေးတဲ့ ဆေးလုံးလေးတွေကို မြင်တော့ အကြီးကောင်ကို ကျိန်ဆဲလိုက်မိတယ်။ သေနာလေး၊ ငါကဖြင့် သူက ငါးနှစ်ရှိနေလို့ မစားရတော့လို့ စားပါစေဆိုပြီး ကလေးနဲ့ လွှတ်ရတာ။

ကြည့်စမ်း...ဆေးတွေ သုံးလေးလုံး ပေးတာကို အိမ်ကျ ငါ့ကိုတစ်လုံးပဲ အမြဲတမ်း ပေးတယ်။ ကျန်တဲ့ဆေးတွေကို သူရောင်းစားပြီး မုန့်ဝယ်စားပစ်တာနေမှာ။ မအေမှာ ဘယ်လောက် ခက်ခဲနေတယ်ဆိုတာ သင်းသိရက်သားနဲ့၊ မအေကိုပေးရင် မအေမှာ ဟင်းဖိုး ကျွေးဖိုးလေး မရဘူးလား။ မိုက်ကန်းတဲ့ကောင်လေး၊ အိမ်ပြန်ရောက်မှ စပ်စပ်မြည်အောင် ဆော်လိုက်ဦးမယ်၊ ဟင်း....မှတ်သွားအောင် သင်းပထွေးကို ရိုက်ခိုင်းလိုက်ဦးမယ်။

"နော်....ကြားလား၊ ဆေးတွေကို တိုက်နော်၊ တိုက်ဖြစ်အောင် တိုက်နော်၊ ကလေးကိုလဲ ဒီကကျွေးတာနဲ့ချည်း တင်းတိမ်မနေနဲ့၊ အိမ်ကလဲ ကျွေး။ ကြက်ဥလေး ဘာလေးပေါ့၊ ကြက်ဥကျွေးလား"

"ဟုတ်ကဲ့ ကျွေးတယ်"

တကယ်တော့ မအေးသန်း ညာပြောတာ။ ကြက်ဥတစ်လုံး နှစ်ကျပ်၊ အနားတောင် မသီနိုင်ဘူး။

"ဆက်ကျွေးနော်...ဆေးလဲတိုက်သိလား"

မအေးသန်း ခေါင်းကိုတွင်တွင်ညိတ်ခဲ့ပြီး လူအုပ်ကြားထဲကနေ ပြန်တိုးထွက်ခဲ့တယ်။ ဆေးရပေမယ် ပြန်လို့မရသေးဘူး၊ ထမင်းစားဖို့စောင့်ရဦးမယ်လေ။ စားဖို့ အချိန်နီးပလား မသိဘူး၊ ဟိုဘက် ဓမ္မာရုံထဲက ထမင်းကျွေးမယ့် နေရာနား ရစ်သီရစ်သီလုပ်ပြီး သွားကြည့်တော့ စားပွဲဝိုင်းတွေ ဘာတွေတော့ ပြင်ထားပြီ။

စားပွဲခင်း အစိမ်းရောင်လေးတွေ ခင်းလို့၊ ကြွေ ပန်းကန်းပြားက တစ်ဝိုင်းခြောက်ချပ်၊ ပန်းကန်လေးတွေဘေးမှာ စတီးဇွန်းကိုယ်စီနဲ့၊ ထမင်းအုပ် အဖြူတွေလဲ ချထားတယ်၊ အလှူ ထမင်းပွဲ ကျနေတာပဲ။ မအေးသန်း ဗိုက်ထဲက တကျုတ်ကျုတ်မြည်လာတယ်။ မမြည်နဲ့....မမြည်နဲ့၊ ကိုယ်စားရမှာ မဟုတ်ဘူးဟဲ့။ ကလေးဝအောင် ကျွေးရမယ်လို့၊ ခုနလေးကပဲ ဟိုအမျိုးသမီးလေး ပြောလိုက်သေးတယ် မဟုတ်လား။ စားပွဲဝိုင်းက ငါးဝိုင်းဆိုတော့ တစ်ခါ  တစ်ခါလို လူသုံးဆယ်စားခိုင်းမှာ။ အရင်ရောက်တဲ့လူ အရင်ပေါ့။ စားမယ့်ကလေးပေါင်းက တစ်ရာတော့ ကျော်မယ်။ ကိုယ့်အလှည့်ကတော့ ဘယ်တော့လောက် ကျမယ်မသိဘူး။ စောစောတော့ လာပြီး ထပ်တာပဲလေ၊ စားရတဲ့အချိန်ပေါ့။ စောင့်ရမှာပေါ့။ တစ်ပတ်ကို သုံးရက်၊ ဆန်ကောင်းနဲ့ ဟင်းကောင်း ကျွေးကောင်းနဲ့ စားရဖို့...ဘယ်မှာ လွယ်လိမ့်မလဲ။ ကိုယ်မစားရလဲ ကိုယ့်ကလေးစားရတာပဲ၊ ဘာဖြစ်သေးလဲ၊ ကိုယ့်ကလေး ကျန်းမာရေးပဲ။

ပြီးတော့ ဒီမှာ ကလေးတိုင်းလဲ စားရတာ မဟုတ်ဘူး၊ တကယ်ကို မကျွေးနိုင်တဲ့လူကို  စိစစ်ပြီး ခေါ်ကျွေးတာ၊ ငါးနှစ်အောက် ကလေးလဲ ဖြစ်ရမယ်၊ မိဘကလဲ တကယ်ဆင်းရဲပြီး မကျွေးနိုင်တာမျိုး ဖြစ်ရမယ်တဲ့။ ဟင်း....မအေးသန်းတို့ ကလေးမျိုး မပါဘဲ ဘယ်နေလိမ့်မလဲ၊ ထိပ်ဆုံးကပေါ့။

ဒီဘာသာကြီး လေးဘာသာက ကျွေးမွေးတာ ဘာမှတော့ မကြာသေးဘူး။ ဘာသာကြီး လေးဘာသာဆိုတာ မအေးသန်းတို့ အရပ်ထဲက ခေါ်တာ။ ဟို အမျိုးသမီးလေးတွေ ခေါ်တာကတော့ ဘာသာစုံ ကယ်ဆယ်ရေးအဖွဲ့တဲ့။ အတူတူပါပဲလေ။ ဘာသာကြီး လေးဘာသာလို့ ခေါ်တာက ဗုဒ္ဓဘာသာရယ်၊ ခရစ်ယာန်ရယ်၊ မူဆလင်ရယ်၊ ဟိန္ဒူ ရယ်ပေါင်းထားလို့ဆိုပြီး ခေါ်ကြတာ။ ကလေးတွေကို ဒီအဖွဲ့က တစ်ပတ်ကို သုံးရက်ထမင်းကျွေးတယ်၊ ကြာသပတေးရယ်၊ စနေရယ်၊ တစ်လတစ်ခါ ပေါင်ချိန်ပေးတယ်၊ ဆေးပေးတယ်။

ဒီဟာပေါ်လာတာ ၀မ်းသာရသေးတယ်၊ ဒီမှာ တစ်ပတ်သုံးရကက် မှန်မှန်လာကျွေးပြီး မှန်မှန်ဆေးစားရင် အာဟာရချို့တဲ့တာ ပျောက်သွားမယ်တဲ့၊ အာဟာရချို့တဲ့တာပျောက်ရင် ဘာရောဂါ မှလဲ မဖြစ်နိုင်ဘူးတဲ့။ မအေးသန်း ၀မ်းသာရတာပေါ့။

ကျေးဇူးလဲ တင်ပါတယ်၊ နို့မို့ဖြင့် ဒီဟာမလေး ကလေးဆေးရုံကို အိမ်လုပ်ပြီး နေရမယ့်ပုံပဲ။ ၀မ်း ခဏခဏ လျှောပြီး ဆေးရုံ ခဏခဏသွားရ၊ တက်ရနဲ့ ကြာတော့ ဆေးရုံမှာ ဖူးစာဆုံပြီး မအေးသန်း နောက်ယောက်ျားရပါရောလား။ ယောက်ျားရတာ ဘာကြာသေးလို့လဲ။ နှစ်နှစ်လောက်ပဲ ရှိဦးမှာ။ (နှစ် နှစ် လို့ စာရိုက်တုန်းက မှားသွားတယ် ထင်တယ်။ မူရင်း စာအုပ်မှာ ဒီအတိုင်းပဲ ပါလို့ မပြင်တော့ပါ။ နှစ်လ ဟာ ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်)

သူကလဲ ကိုယ့်လိုပဲ၊ မုဆိုးဖိုပဲ၊ မအေးသန်းနဲ့ ဘ၀တူပဲ။ ဒါပေမယ့် သူက မုဆိုးဖိုပူပူနွေးနွေး။ အင်း...မအေးသန်းကတော့ ပူပူနွေးနွေး မဟုတ်တော့ဘူး။ အေးစက်စက် မုဆိုးမ ဖြစ်နေပြီ။

မအေးသန်း ယောက်ျားဆုံးတာက ခြောက်လကျော်ပြီ။ ဒီကောင်မ အငယ်မ မာလာခိုင် အခါလည် သမီးမှာ ဆုံးတာ။ အကြီးကောင်က အဲဒီတုန်းက လေးနှစ်ခွဲ။ ဖအေဆုံးတာကို သိသလို မသိသလိုနဲ့ ငိုလိုက်တာ။ သူ့အဖေနဲ့ လိုက်ပါ့မယ် တကဲကဲလုပ်လိုလုပ်၊ ကလေးကြည့်ပြီး ရင်ထဲမှာ နာနေတာပဲ။

ယောက်ျားမသေခင်က ဒန်အိုးစက်မှာ လုပ်တယ်။ တစ်နေ့နှစ်ဆယ်၊ အစိတ်တော့ ရတယ်။ ပုံမှန်တော့မရှိဘူးပေါ့။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ သားမိသားဖ သုံးယောက် နပ်တော့မှန်တယ်။ မအေးသန်းလောက်အောင် စားတတ်တယ်။ ပထမ ကလေးနဲ့ ဒုတိယကလေးလဲ တော်တော်ကြီးခြားသွားတော့ အဲဒီတုန်းက သိပ်မကသီဘူး။

သားအကြီးကောင်ကလဲ အာဟာရချို့တဲ့တာတွေ ဘာတွေ မဖြစ်ဘူး။ လူကြီးတွေစားသလို စားတာပဲ။ ဒီလိုပဲ ခေါင်းပူကျောပူလာက်ပဲ ဖြစ်တယ်။ ပိန်လဲ မပိန်ဘူး၊ စိုစိုပြည်ပြည်ပဲ။

အေးလေ....တစ်ခုတော့ ရှိတာပေါ့။ စားနိုင်တုန်းအချိန်မှာ လူကြီးတွေ စားသလိုဆိုတဲ့ထဲမှာ အသားလေး၊ ငါးလေး၊ ဟင်းသီးဟင်းရွက်လေးက ရောကာ နှောကာနဲ့ မှန်မှန်စားနေရတာကိုး။ မစားနိုင်တဲ့ အချိန်မှာ ဒါတွေမပါတော့ နပ်လဲ မမှန်တော့။ ကလေးရော လူကြီးရော ပိန်လာတာပဲ မဟုတ်ဘူးလား။ အာဟာရချို့တဲ့လာတာပဲ မဟုတ်ဘူးလား။

ဟောဒီသမီးဟာ စနေသမီး မဟုတ်ပေမယ့်ခိုက်တော့ အတော်ခိုက်တဲ့ဟာမလေး။ သင်းလေးကိုယ်ဝန်ရှိခါစမှာ သင်းအဖေက ဖောက်လာတယ်လေ။ တခြားမဟုတ်ပါဘူး။ အရက်သောက်တတ်လာတာ။ အလုပ်ကအပြန် လမ်းကွေ့ အရက်ပုန်းဆိုင်လေးတွေမှာ အပေါင်းအသင်းတွေနဲ့ နေရင်း ထိုင်ရင်း စွဲသွားတာ။ မသောက်ရ မနေနိုင်တော့ဘူး။

မအေးသန်း ပြောပါတယ်။ ချော့ကာတစ်မျိုး ချောက်ကာ တစ်မျိုးနဲ့ ဘယ်လိုပြောပြော မရဘူး။ ညနေတိုင်ဆို မှန်လာတာပဲ။ ဒီတော့ စီးပွားရေးက ထိခိုက်ရော။ အလုပ်ရှင်က သောက်တတ်မှန်းသိတော့ သိပ်မခိုင်းချင်တော့ဘူး။ အရက်ဖိုး ပိုက်ဆံကလဲ တစ်လုံးကို အနည်းဆုံး တစ်ဆယ်တော့ ပေးရတာ။ အမြည်းဖိုးနဲ့ ဘာနဲ့ တစ်နေ့တစ်နေ့ သူ အရက်သောက်တာကိုက ဆယ့်နှစ်ကျပ်လောက်ကုန်နေပြီ။

ဘယ်လိုလုပ်မလဲ။ အရက်ဖိုးက ပိုမှ ပေးတဲ့ ပိုက်ဆံနဲ့ မအေးသန်း ဘယ်လိုလုပ် စားဝတ်နေရေးကို ဖြေရှင်းတော့ မလဲ။

မအေးသန်းမှာ ကိုယ်ဝန်ကလဲ ရှိကာစ၊ ဟိုဟာ စားချင်၊ ဒီဟာ စားချင်နဲ့ကဖြစ်၊ ပိုက်ဆံကမရှိတော့ ဘယ်စားရမတုန်း။ ကျိတ်မှိတ်နေပြီး ဟိုအချဉ်ပေါင်းထုပ်လေး၊ ဆီးထုပ်လေးနဲ့ ပြီးရတော့တာပဲ။ ဘာဆေးဘာဝါးမှလဲ မသောက်ရဘူး။ ကိုယ်ငှားနေတဲ့ အိမ်ကလေး လခ ငါးဆယ်ကိုတောင် မပေးနိုင်တာများလို့ ခဏခဏ အိမ်ရှငကို တောင်းပန်လွှတ်ရတာ။

အံမလေး အရင်တုန်းက အမေတို့ပြောတဲ့ လူရိုး တုတ်ထိုးကြီးကတော့ သူစွဲမိစွဲရာ စွဲနေပြီ အမေရေလို့ သွားလေသူ အမေ့ကို တ တပြီး မအေးသန်း အော်ငိုရတာလဲ အကြိမ်ကြိမ်။

သြော်...ဟုတ်ပါတယ်။ အရင်တုန်း ကတော့ တကယ့်ကို ရိုးပါတယ်။ မိဘက ပေးစားလို့ ယူလိုက်ရတာ ဆိုပေမယ့် မအေးသန်း ကိုယ်တိုင်ကလဲ သဘောကျပါတယ်။ မအေးသန်းအမေက မောတတ်တဲ့ ရောဂါနဲ့ မမာတော့ မအေးသန်းကို အစောကြီး အိမ်ထောင်ချပေးခဲ့တာ၊ မအေးသန်း အိမ်ထောင်ကျတော့ နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်။ ယောက်ျားက မအေးသန်းထက် သုံးနှစ်ကြီးတယ်။

မအေးသန်းတို့က တောမှာ အလုပ်အကိုင် ဟန်မကျတာနဲ့ သားအမိ သားအဖ သုံးယောက် ရန်ကုန် တက်လာကြတာ။ မအေးသန်းအောက် အငယ်ညီမက တောမှာ အိမ်ထောင်ကျပြီး နေရစ်ခဲ့တယ်။ ရန်ကုန်ရောက်တော့ ဒီလိုပဲ ဈေးပေါပေါနေရာမှာ အိမ်လေး တစ်ခြမ်းငှားပြီး ဈေးလေး ဟိုဟာရောင်း ဒီဟာရောင်းပေါ့။ အခု မအေးသန်းတို့ မိသာစုနေတဲ့အိမ်ဟာ အမေတို့ အဖေတို့ မသေခင်ကတည်းက ငှားနေတဲ့ အိမ်ပဲ။

ဒီလိုနဲ့နေရင်း ဘာမှမကြာဘူး၊ အဖေက အပူရှပ်ဖျားရာက ဗြုန်းဆိုသေရော။ အို....သားအမိ နှစ်ယောက်ထဲ အားငယ်လိုက်တာ ဘာပြောကောင်းမလဲ။ အမေကလဲ မမာနဲ့။ အဲဒီအချိန်မှာ အမေက ကိုသန်းအောင်ကို သွားမြင်တာပဲ။

ကိုသန်းအောင်ကလဲ တောကပဲ။ မိဘတွေကလဲ မရှိတော့ဘူး။ ရန်ကုန်မှာ အဒေါ်တွေနဲ့ ကပ်နေရင်း ဒန်အိုးစက်မှာ အလုပ်ဝင်လုပ်နေတယ်။ ရိုးတာကလဲ ရိုးတယ်။ အသောက်အစား၊ အကစားမရှိဘူး။ ရသမျှ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် စုထားတယ်တဲ့။

အဲဒီမှာ အမေက သဘောကျပြီး ကိုသန်းအောင် အဒေါ်တွေနဲ့ စပ်ဟပ်ပြောဆိုပြီး မအေးသန်းနဲ့ ပေးစားတော့တာပဲ။ အမေလဲ မအေးသန်း အိမ်ထောင်ကျပြီး သိပ်တော့ မကြာရှာပါဘူး။ မြေးဦးလေးတောင် ချီမသွားရဘူး။ အဖေ့နောက် လိုက်သွားတော့တာပဲ။

သြော်....အဲဒီ အချိန်တုန်းကတော့ မောင်မင်းကြီးသား တော်ရှာပါတယ်။ အားမငယ်နဲ့ စိတ်မည်စနဲ့၊ ငါရှာကျွေးပါ့မယ်၊ မင်း စိတ်ချမ်းချမ်းသာသာနေတဲ့၊ တဖွဖွ ပြောပြီး အလုပ်လဲ ကြိုးစားလုပ်ပါတယ်။ အကြီးကောင် ကိုယ်ဝန်လဲ လွယ်ထားရတဲ့ အချိန်ဆိုတော့ မအေးသန်းကို ပိုပြီး ဂရုစိုက်တယ်။

သူက မသောက်မစားဘဲ ရသမျှပိုက်ဆံ မိန်းမ လက်ထဲအပ်တော့ မအေးသန်း ချဉ်ခြင်းတပ်သမျှ ပြောင်းဖူးပြုတ်လေးအစ ဆီးသီးလေးအစ၊ လိမ္မော်သီးလေး အစ စားချင်တာလေးတွေ ၀ယ်စားနိုင်တယ်။ ဘာပဲပြောပြော အဲဒီတုန်းက ကိုသန်းအောင်ရတဲ့ ဆယ့်ငါးကျပ်လောက်ဟာ တော်တော်လေး သုံးနိုင်တယ်။

စားစရိတ်တစ်နေ့တာ တစ်ဆယ်လောက်နဲ့ ရသေးတယ်။ ဘယ်...ခုတော့ တစ်နေ့ နှစ်ထပ်လောက်မျှရမယ့် စားအိုးကို သူ့အရက်ဖိုးနှုတ်တော့ မအေးသန်းတော့ ဘယ်လိုလုပ်စားတော့မလဲ။

သား အကြီးကောင်ကိုလဲ ကျောင်းကောင်းကောင်း ထားမယ်ကွ၊ ဘာကွနဲ့ လေလုံးကတော့ ထွားပါတယ်။ ပြီးတော့ ကျောင်းထားရမယ့်အရွယ်လဲရောက်ရော သင်းက ဖောက်ရော။ ခုတော့ ကျောင်းလဲ လိုက်လို့မရတော့ဘူး။ ကလေးလဲ ဘာစာမှ မတတ်တော့ဘူး။ ပြီးတော့ သင်းက သောက်လို့လဲဝရော မပြန်လမ်းမြန်းရော။

မအေးသန်းတို့ သားအမိတစ်တွေကို ဒုက္ခနဲ့ ထားခဲ့ရော။ အို....ပြောရစေတော့။ အဖြစ်ဆိုးပုံများ။ သူ့ကို သင်္ဂြိုဟ်တာတောင် အရပ်က ၀ိုင်းဝန်းကြလို့၊ နို့မို့သာတော့ သင်းချိုင်းမှာ ဒီအတိုင်းသွားပစ်ရမယ့်ပုံမျိုး။

သူသေရတာကလဲ အဲဒီ အရက်က သတ်လို့ပဲ။ အရက်ကို တအားသောက်ပြီး အိမ်မပြန်နိုင်တော့ ကားဂိတ်က အုတ်သမံတလင်းပေါ်မှာ ထိုးအိပ်လိုက်တာ မနက်ကျတော့ သေနေရော။ မအေးသန်းမယ် ညအိမ်မပြန်လာတော့ စိတ်ပူပြီး ဘာလုပ်ရမှန်း မသိဘူး။

မနက်အစောကြီး သူများလာပြောတော့မှ သိတော့တယ်။ ရုတ်တရက် မအေးသန်း ငိုတောင် မငိုနိုင်ဘူး။ ရင်ဆိုင်ရမယ့် ဒုက္ခတွေကို တွေးပြီး ကြောက်သွားတာ။ အကြီးကောင် တအီအီ ငိုနေတာကိုတောင် စိတ်တိုပြီး ပထ ရိုက်မိသေးတယ်။

သူ့အလောင်း ဒီနေ့မြေကျတယ်။ နောက်နေ့ မအေးသန်း ကိုယ့်ဘာသာကိုယ် ထမင်းရှာစားဖို့လုပ်ရတော့တာပဲ။ ဘာလုပ်ရမလဲ။ မိန်းမတို့ တတ်အပ်တဲ့  အ၀တ်လျှော်ပေါ့။ အ၀တ်လျှော်တာက ရတာလေးနဲ့ သားအမိသုံးယောက် ငတ်တစ်လှည့် ပြတ်တစ်လှည့်ပဲ။ အဲဒီ အချိန်မှာ ဒီကောင်မ မာလာခိုင်ကလဲ တအား ချု ချာတယ်။ ခဏ ခဏ ၀မ်းလျှော်လိုက်၊ ဖျားလိုက်နဲ့ မွေးကတည်းက ချူ ချာတာပါလေ။

ကလေးကို ကျန်းမာရေးဌာန သွားပြတော့ ကျန်းမာရေးဌာနက ကလေးမှာ အာဟာရချို့တဲ့ ရောဂါဖြစ်နေပြီတဲ့။ မွေးတုန်းက ကလေး ပေါင်ချိန်တွေ ဘာတွေ မေးပြီး မိခင် ကိုယ်ဝန်ဆောင် ဘ၀မှာကတည်းက အာဟာရပြည့်ဝအောင် မစားလို့ ကလေးမှာ လာဖြစ်တာတဲ့။

သြော်....မအေးသန်း ကိုယ်ဝန်ဆောင်တုန်းက အာဟာရပြည့်ဝအောင် မစားရတာလဲမပြောနဲ့လေ။ ပိုက်ဆံမှ မရှိတာ၊ စားမှ မစားနိုင်တာ။ ကိုယ်တော်ကြီး အရက်ဖိုးကပိုမှ ဖြစ်သလို စားနေရတဲ့အချိန်။ ကလေးကို ကျန်းမာရေးဌာနက ကျွေးတာကိုလဲ လာစားတဲ့။ အဲဒီတုန်းက ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာ အာဟာရတွေ ကျွေးသေးတယ်။ ပဲဟင်းနဲ့ ထမင်းကျွေးတယ်။ မတတ်နိုင်ဘူး။ အဲဒီတုန်းကလဲ အကြီးကောင်နဲ့ လွှတ်ရတာပဲ။ မအေးသန်း မှာတော့ မှာပါတယ်။ အကြီးကောင်ကို၊ နင် ချည်းတော့ မစားနဲ့၊ မျှစားလို့။


အဲဒီလို သွား၊ သွားနေရင်းက ကလေးက ၀က်သက်တွေ ပေါက်ပြီး တက်တာ၊ ဆေးရုံတင်လိုက်ရတယ်။ အသက်ပြင်းမ၊ အသက်ပြင်းမ အဲဒီတုန်းက သေမလို့၊ ဆေးရုံအချိန်မီရောက်သွားလို့၊ ဆေးရုံတက်ရတာ တော်တော်ကြာတယ်။ ဆေးရုံမှာ သားအမိသုံးယောက်စလုံး သွားနေရတာပေါ့။ ဆေးရုံက အခြားလူနာတွေရဲ့ ဝေယျာဝစ္စ အလုပ်တွေကို မအေးသန်း လုပ်ပေးပြီး ထမင်းစားဖို့ ရှာရတယ်။

မဆိုးဘူးရယ်၊ တစ်နေ့ တစ်နေ့ ပိုက်ဆံလေး ငါးကျပ်လောက်ရတယ်၊ ထမင်းကောင်း ဟင်းကောင်း အကျန်လေးတွေပဲ သားအမိ နှစ်ယောက် စားရတယ်။ အင်္ကျီ အ၀တ်အစား အဟောင်းလေးတွေလဲ ရတယ်။ အဲဒါနဲ့ကို ဆေးရုံမှာ ပိုကြာသွားတာ။ အဲဒီတုန်းက ဆေးရုံမှ ကျွေးတဲ့ အာဟာရချက်တာတို့ ဘာတို့မှာလဲ မအေးသန်းက ခိုင်းသမျှ ၀ိုင်းလုပ်ပေးတော့ ဆရာမတွေကလဲ မအေးသန်းကို ခင်ကြတယ်။ သနားကြတယ်။

နောက် ကလေးဆေးရုံက ဆင်းတော့လဲ ဆေးရုံမှာ အာဟာရလာစား၊ အိုပီဒီ လာပြတဲ့။ ကလေးရောဂါပျောက်သွားအောင် အိမ်ကလဲ တတ်နိုင်သလောက် ၀အောင်ကျွေးတဲ့။ အိမ်ကတော့ ၀အောင် ဘယ်ကျွေးနိုင်ပါ့မလဲ။ ဆေးရုံပဲသွားကျွေးရတာပဲ။ ဒါပေမယ့် နောက်တစ်ခါ မာလာခိုင် ၀မ်းလျှောလို့ ဆေးရုံတက်ရတော့ ဆေးရုံမှာ အာဟာရ မကျွေးတော့ဘူး။ လွန်ခဲ့တဲ့ သုံးလေးလလောက်ကပေါ့။ အဲဒီအခေါက်မှာ မာလာခိုင် ပထွေးဖြစ်မယ့် သူနဲ့ မအေးသန်း တွေ့ကြတာပဲ။





[Wednesday, March 12, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၅

0 comments

အပိုင်း (၅)

"ဘ၀မြင့်ရိပ်သာ သင်္ဃန်းကျွန်း ဟုတ်တယ်နော်၊ ကဲ....ရှင် ဟိုခုံတန်းလျားမှာ သွားစောင့်၊ စာအုပ်က ထပ်ထားရဦးမှာ၊ နာမည်ခေါ်မှ ဟို ဒေါက်တာ့ အခန်းထဲ ၀င်ရမယ်။ နာမည်ကိုလဲ မှတ်ထားဦး၊ ရှင့်သား နာမည်ကို ပြောနေတာ၊ ဘေဘီစမ်းစမ်းအေးနော်၊ ရှင်က နာမည် မမှည့်ရသေးဘူးဆိုလို့၊ ရှင့်မိန်းမနာမည်က စမ်းစမ်းအေး ဟုတ်လား"

"ဟုတ်တယ် ခင်ဗျ....စမ်းစမ်းအေး"

"ဟုတ်ပြီ ဟို ခုံတန်းလျားမှာ သွားထိုင်စောင့်၊ ရှင့်အလှည့် တော်တော်နဲ့ လာသေးမှာ မဟုတ်ဘူး၊ ဒီနေ့ အိုပီဒီ လူတအားများတယ်"

"မထိုင်တော့ဘူး ဆရာမ၊ လမ်းလျှောက်ရင်း စောင့်တော့မယ်။ ဒီကောင်က လမ်းလျှောက်နေမှ အားကြီးဂျီကျတဲ့ကောင်၊ ကဲ....ကဲ ပြောရင်းဆိုရင်း အေ...အေ...မငိုနဲ့ကွာ"

"အို...ကလေးကို ထောင်မချီနဲ့လေ၊ ခေါင်းနောက်လန်ကျသွားမှာပေါ့၊ ဒုက္ခပါပဲ။ ရှင်ကလေးကို လုံးဝ မချီတတ်ဘူး၊ ဆေးရုံလာတာ အမေနဲ့ လာမှပေါ့ ကလေးအမေ မအားဘူးလား"

"အို....အို....အေ....အေ... ကလေးအမေက မရှိတော့ဘူး ဆရာမ"

"အင်....အင်...တိတ်ပါကွာ၊ ကျွန်တော့်မိန်းမဆုံးတာ ဆယ့်ငါးရက်ပဲ ရှိသေးတယ် ဆရာမ"

"သြော်...ဖြစ်မှ ဖြစ်ရလေ၊ ကလေးမွေးပြီးပြီးချင်း ဆုံးတာထင်တယ် ဟုတ်လား"

"ဟုတ်တယ် ဆရာမ၊ ကလေး အပြင်ဘက်ရောက်ပြီး မိနစ်ပိုင်းလောက်ပဲ ခံတယ်"

"ဘာဖြစ်လို့ ဆုံးတာလဲ ရှင်တို့ ဘယ်မှမွေးတာလဲ၊ ဆေးရုံမှာလား"

"အိမ်မှာပဲ မွေးတာဆရာမ၊ သူက မီးမဖွားခင်ကတည်းက နေမကောင်းတာ"

"ဘယ်လို နေမကောင်း ဖြစ်တာလဲ၊ ဖျားနေတာလား"

"ဖျားတယ်ရယ်လို့တော့ မဟုတ်ဘူး၊ အားနည်းတာ၊ မောတယ်၊ ခေါင်းကိုက်တယ်၊ ခြေထောက်တွေလဲ အန်းတယ်'

"ဒါတောင် ဆေးရုံမလာဘူးလားရှင်၊ အဲဒီကတည်းက ဆေးရုံ လာပြမှပေါ့၊ ဆေးရုံ ဘာလို့ မလာတာလဲ"

"................................"

"ရှင်တို့က ဆေးရုံလာရမှာဆို ကျားမြီး ဆွဲရမှာထက်ကြောက်ကြတယ်။ ပြောလို့ကို မရဘူး၊ ဆေးရုံမလာတော့ မသေသင့်ဘဲ အသက်တစ်ချောင်း ဆုံးရော"

"ကျွန်တော်က သူ့တော့ ပြောပါတယ်ဆရာမရယ်၊ နင် ဆေးရုံသွားပါလားဆိုတော့ သူက သူ့ကိစ္စ သူသိတယ်တဲ့။ ကျွန်တော်ကလဲ အလုပ် တစ်ဖက်နဲ့ မအားတော့ ဇွတ်လိုက်မပို့မိဘူး၊ ပြီးတော့ သူတို့ မိန်းမကိစ္စဆိုတော့...."

"အင်း....ခက်ပါတယ်လေ၊ ခုကော ကလေးက ဘာဖြစ်လို့လဲ"

"ဖျားတာလား မသိဘူး ဆရာမ၊ တစ်ချိန်လုံး ငိုနေတာပဲ၊ နို့ဆီတိုက်ရတာလဲ မသောက်ဘူး။ ကျွန်တော့်အစ်မက နေကောင်းအောင်ဆိုပြီး ထန်းလျက်ရေကျဲလေးတိုက်တော့လဲ မသောက်ဘူး"

"အို...ဘယ်သောက်မလဲရှင့် ဒီ ရက်သားလေးကို ရှင်တို့ ဘာတွေ လျှောက်တိုက်နေတာလဲ။ ရှင့် နို့ဆီက ဘာလဲ ချက်နို့မဟုတ်လား"

"ဟုတ်တယ် ဆရာမ၊ ချက်နို့ဆီ"

"အင်း...နို့မှုန့်လေး ဘာလေး တိုက်ရမယ်ရှင့်၊ ဒုက္ခပါပဲ။ ဟော....ရှင်ချီပုံနဲ့ ကလေးတော့ လွတ်ကျတော့မှာပဲ၊ လာ...လာ ကျွန်မနားလာစမ်း၊ ပေး ကလေးကို ဟောဒီမှာကြည့် ဒီလို ချီရတယ်၊ ကလေးက သေးလိုက်တာ ဒီကလေး ပေါင်ချိန် မပြည့်ဘူး၊ ဟင်...ကလေးက အသားလေးတွေတောင် ၀ါတာတာနဲ့၊ ဒါ အာဟာရ ချို့တဲ့ တဲ့ လက္ခဏာတွေပေါ့၊ မအေ ကိုယ်ဝန်ဆောင် ဘ၀ထဲက အာဟာရ မပြည့်ဝလို့ ဒီလိုဖြစ်တာ၊ ရော့...ရော့ ပြန်ချီထား၊ ရှင်...ခုံတန်းလျားမှာ သွားထိုင် အကြာကြီး ရပ်နေလို့ ဘယ်ရမလဲ၊ အဲ...တန်းလျားကလဲ လူ အပြည့်အကျပ်ပါလား၊ လာလာ ဒီနားမှာ ကျွန်မဆီက ခွေးခြေနဲ့ထိုင် ရှင့်ကြည့်ရတာ စိတ်မောလွန်းလို့"

"ဟုတ်ကဲ့...ဆရာမ"

"အဲ...ရှင်က ဘာလဲ စာအုပ်ဝယ်ဖို့လား ပိုက်ဆံ တစ်ကျပ်ပေးပါ လူနာအမည်ပြော အဖေနာမည်ပြော အသက်ပြော အင်း ပြီးရင် စာအုပ်ကို အခန်းထဲမှာ သွားထပ်နော် နာမည်ခေါ်မှ ၀င် ဟုတ်လား"

"ဆရာမ ကျွန်တော့်ကလေး ဆေးရုံ မတက်လောက်ပါဘူးနော်"

"သြော်....ရှင်ကလဲ ဘယ်သိနိုင်ပါ့မလဲ၊ တက်ချင်လဲ တက်ရမှာပေါ့၊ ရှင်တို့က ဆေးရုံဆို မတက်ချင်ရတာက အရင်"

"မဟုတ်ပါဘူး ဆရာမ၊ ဆေးရုံတက်ရရင် ကျွန်တော့် အဖို့ တကယ်မလွယ်လို့ပါ၊ လူခွဲလဲ မရှိလို့ပါ"

"ရှင့် အမေတို့၊ ယောက္ခမတို့ မရှိဘူးလား၊ ရှင်ကကော ဘာအလုပ်လုပ်လဲ"

"ကျွန်တော့်အမေက ဆုံးပြီ ဆရာမ၊ ယောက္ခမတွေကလဲ တောမှာ။ အလုပ်ကတော့ ကျဘမ်းပေါ့ ဆရာမရယ်၊ ခုလောလောဆယ်တော့ ကင်း အငှားစောင့်တယ်၊ ဆေးဆိုးပန်းရိုက် အလုပ်သမား လုပ်တယ်"

"ရှင်...ညကင်းစောင့်တော့ ကလေးကို ဘယ်သူကြည့်လဲ"

"ကျွန်တော့်အစ်မ ကြည့်ပေးတယ်၊ ခု...ကျွန်တော် နေတာကလဲ အစ်မတို့အိမ်မှာ။ အရင် ကျွန်တော့်မိန်းမ ရှိတုန်းကတော့ သူများ အိမ်နောက်ဖေးမှာ အဖီလေး တစ်ခြမ်း ငှားနေတယ်"

"ရှင့်အစ်မမှာ ကလေးငယ် မရှိဘူးလား၊ နို့စို့ကလေးရှိရင် သူ့နို့တိုက်နိုင်တာပေါ့"

"ရှိတော့ရှိတယ်၊ ဒါပေမယ့် သူ့ကလေးကိုတောင် သူက နို့ဖြတ်ပစ်လိုက်တာ၊ နို့မထွက်လို့တဲ့၊ သူကလဲ သိပ်နေမကောင်းဘူး၊ ပိန်ပိန်လေးရယ် ဆရာမ"

"အင်း...ဖြစ်ရမယ်၊ နေစမ်းပါဦး၊ ရှင့်လက်က အနာလေးတွေကကော ဘာဖြစ်တာလဲ"

"အနာမဟုတ်ဘူး ဆရာမ၊ ကျွန်တော် ဆေးဆိုးပန်းရိုက်လုပ်တဲ့ဆီက အက်ဆစ်တို့ ကော့စတစ်တို့ လောင်တာ"

"အို...ဟုတ်လား၊ ရှင်တို့ အက်ဆစ်တွေပါတဲ့ထဲကို ဒီအတိုင်း လက်နဲ့ နှိုက်သလားဟုတ်လား"

"ဟာ....ဘယ်နှိုက်မလဲဆရာမ၊ ဒုက္ခများသွားမှာပေါ့၊ ဒီလောက်လောင်တာတောင် ကျွန်တော်တို့ လက်အိတ်စွပ်လို့၊ သားရေ လက်အိတ်လေ၊ အဲဒါစွပ်လိုက်ရင် တံတောင်ဆစ်နား မရောက်ခင် တစ်ဝက်လောက်ထတော့ လုံတယ်၊ ဒါလောက်ပေါ့"

"ရှင်တို့ ဆေးဆိုးပန်းရိုက်က ဘာတွေ ရိုက်တာလဲ"

"ပါတိတ်ဆရာမ၊ အင်ဒိုနီးရှားဆင်တွေ ရိုက်တာ၊ အဲ...ဟိုမှာ ဟိုအမျိုးသမီးဝတ်ထားတဲ့ ထဘီမျိုး ပေါ့"

"အဲဒါ အင်ဒိုနီးရှားပါတိတ်ပဲ၊ လေးရာကျော်လောက် တန်တယ်၊ ရှင်တို့ အဲဒါလောက်လှအောင်တော့ ရိုက်နိုင်မှာ မဟုတ်ဘူးနော်"

"ဟာ....သိပ်ရိုက်နိုင်တာပေါ့ ဆရာမ၊ ဒီထက်လှတဲ့ အဆင်တွေတောင်ရှိသေးတယ်၊ ကျွန်တော်တို့ ဒီမှာတင်ထွင်ပြီး ရိုက်တဲ့အဆင်တွေက ဟိုကလာတဲ့ဟာတွေထက်တောင် လှသေးတယ်၊ ဆရာမ...ခွဲနိုင်တယ်ဆိုရင် ကျွန်တော် လည်ဖြတ်ခံမယ်၊ အဆင် တစ်သဝေ မတိမ်း တူတယ်၊ ပိတ်သားကောင်းတယ်၊ ဆေးရောင် အာမခံတယ်၊ တစ်စက်မကျွတ်ဘူး၊ နိုင်ငံခြားဆေးတွေ သုံးတာကိုး ဆရာမရဲ့၊ အရမ်း အဆင့်မီတာပဲ၊ ကျွန်တော်တို့ဆရာက ပြောတယ်၊ မလုပ်ရဲကြသေးလို့သာ၊ ဘားမားပါတိတ်ဆိုပြီး နိုင်ငံခြား သွင်းရင်ကို ရနိုင်တယ်တဲ့၊ အခုတောင် အချို့ ကုန်သည်တွေက ဒီအထည်တွေကို ယိုးဒယားဘက် ပို့ပြီး အဲဒီကနေ ဗမာပြည်ထဲ ပြန်ဝင်တယ်တဲ့"

"ဈေးကျတော့ကော"

"ဈေးက တကယ်တမ်းဆိုရင်တော့ သက်သာတာပေါ့ ဆရာမရယ်၊ ဒါပေမယ့် ကုန်သည်တွေကတော့ ရရင် ရသလောက်ဈေးနဲ့ ရောင်းတာပါပဲ၊ ပစ္စည်းကလဲ အဆင့်မီတော့ ရောင်းရဲတာပေါ့၊ တကယ်ဈေးက ဘာကျမှာလဲ၊ တစ်ရာကျော်ပဲ ကျတာ၊ သူတို့ ပြန်ရောင်းတော့ သုံးရာလဲဟုတ် လေးရာလဲဟုတ်ပဲ"

"တယ် ဟုတ်ပါလားနော်၊ ဒါနဲ့...ရှင်တို့ကျ လုပ်ခ ဘယ်လောက်ရလဲ၊ ဘာတွေ လုပ်ရတာလဲ"

"လုပ်ခကတော့ ကြည့်ပေးတာပေါ့ ဆရာမရယ်၊ ကျွမ်းကျင်ရင် ကျွမ်းကျင်သလိုပေါ့၊ ကျွန်တော့်ဆီမှာ အဆင့်ဆင့်လုပ်ရတာတွေက များတယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်ပေါ့၊ နှစ်ဆယ် အစိတ်ရပါတယ်၊ အထည် အရေအတွက်နဲ့ ပေးတာလဲ ရှိတယ်။ ဆေးသွင်းတာတို့ ဘာတို့ဆို အထည်အရေအတွက်နဲ့ ပေးတာပေါ့၊ ဖယောင်းကာတာတို့ပေါ့၊ မိန်းကလေးတွေ လုပ်ကြတာ များတယ်၊ ကျွန်တော့် မိန်းမရှိတုန်းကဆို သူက ဆေးသွင်းတဲ့အလုပ် လုပ်တယ်"

"ရှင်ကကော ဘာလုပ်ရသလဲ"

"ကျွန်တော်ကတော့ အမှန် မရှိဘူး ဆရာမ၊ ဆေးလဲ ဆိုးတယ်၊ ဖယောင်းလဲ ရိုက်တယ်၊ ဖယောင်းလဲ ချွတ်တယ်၊ ဒီလိုလေ ဆရာမရယ် ကျွန်တော့် အလုပ်က ပထမ တရုတ်ပိတ်အဖြူတွေကို ရေလျှော်ပစ်ရတယ်၊ ခြောက်တောင် ခြောက်တောင် ၀မ်းဆက်စာ ဖြတ်ပြီးသားတွေပေါ့"

"ပိတ်စတွေမှာပါတဲ့ ကော်တွေ စင်သွားအောင် ရေလျှော်ပစ်ရတယ်၊ ရေလျှော်ပြီး ပိတ်တွေခြောက်ရင် ပြန့်အောင် မီးပူထိုးပစ်ရတယ်။ အဲဒီ မီးပူထိုးပြီးသား ခြောက်တောင် ပိတ်စတွေကို စားပွဲခုံရှည်ကြီးပေါ်မှာ ဖြန့်တင်ပြီး အဆင်ဒီဇိုင်းဘလောက်တုံးနဲ့ ဖယောင်းရိုက်ရတယ်"

 "ဖယောင်းရိုက်တယ် ဆိုတာ မီးဖိုပေါ်တင် အရည်ကျိုထားတဲ့ ဖယောင်းရည်ထဲကို သစ်သားလက်ကိုင်ကြီးနဲ့ ဒီဇိုင်း သစ်သားတုံးကို နှစ် နှစ်ပြီး  ပိတ်စပေါ်မှာ ရိုက်တာပေါ့။ ဖယောင်ရိုက်လို့ ကောင်းအောင်၊ အလွယ်တကူ ခွာလို့ရအောင် စားပွဲကြီးပေါ်မှာ ဂွမ်းကပ်တစ်ထပ်၊ ပလတ်စတစ် မိုးကာနှစ်ထပ် သုံးထပ် ကပ်ရိုက်ထားရတယ်။"

"ဖယောင်းရိုက်လိုက်တော့ ပိတ်စပေါ်မှာ ပန်းပွင့်ဆင်လေးတွေ ထင်သွားတာပေါ့ ဆရာမရယ်။အဲဒီ ဖယောင်းရိုက်တာကို မိန်းကလေးတွေလဲ လုပ်တယ်"

"ဖယောင်းရည်က လက်တွေဘာတွေ မလောင်ဘူးလား"
"နည်းနည်းပါးပါးတော့ လောင်တာပေါ့ ဆရာမရယ်၊ ဒီဇိုင်းတုံးက သစ်သား လက်ကိုင်တော့ ပါပါတယ်၊ ဖယောင်းက အက်ဆစ်လောက်တော့ မဆိုးပါဘူး။ လက်ပေါ် ဖယောင်းကျ ပူခနဲဖြစ်ပြီး လက်ပေါ်ခဲသွားတာပေါ့။ ခုန ကျွန်တော်ပြောတဲ့ ဆေးသွင်းတယ်ဆိုတာ အဲဒီ ဖယောင်းရိုက်ပြီးသား ပိတ်စတွေပေါ်က ပန်းပွင့်လေးတွေထဲမှာ ကိုယ်လိုတဲ့ အရောင်နဲ့ ဆေးလေးတွေ လိုက်တို့ပေးရတာလေ။ အစိမ်းဖြင့် အစိမ်း၊ အနီဖြင့် အနီပေါ့၊ ကိုယ်ခြယ်ချင်လဲ အပွင့်အဖူးလေးတွေပေါ်မှာ လိုက်ခြယ်ရတယ်"

"ခြောက်တောင်စ တစ်ထည်ကို သုံးကျပ်ခွဲပေးတယ်။ ဖင်မြဲမြဲနဲ့ တစ်နေကုန်ထိုင်လုပ်ရင် ဆယ့်လေးငါးကျပ်ဖိုးတော့ စီပါတယ်။ တချို့မိန်းကလေးတွေ ကျတော့လဲ သုံးလေးယောက် စုလုပ်ကြတယ်။ တစ်ယောက် တစ်ရောင် ဆေးသွင်းကြတယ်လေ။ ပြီးမှ ပိုက်ဆံခွဲယူကြတာပေါ့"

"တစ်ခါ ဆေးသွင်းပြီးသား ပန်းပွင့်လေးတွေပေါ်ကို ဖယောင်းတုံးလေးတွေနဲ့ လိုက်ဖိပေးရသေးတယ်။ ဖယောင်းဖိတယ်၊ ဖယောင်းကာတယ်လို့ ကျွန်တော်တို့က ခေါ်တယ်၊ အဲဒါက တစ်ထည်ကို နှစ်ကျပ်ခွဲပေးတယ်။ အဲဒီ ဖယောင်းကာပြီးသား အထည်တွေကို ဆပ်ပြာရည်ထဲ နှစ်ဆေး ပြီးမှ အောက်ခံ အရောင်ဆိုးရတယ်။"

"ဒယ်အိုးကြီးထဲမှာ ဆိုးဆေးရယ်၊ ကော့စတစ်ရယ်၊ အက်ဆစ်ရယ်၊ ဟိုက်ပိုရယ်၊ ရေအေး(ဒါမှမဟုတ် ရေနွေးပေါ့)။ အပူဆိုး အအေးဆိုးရှိတယ်လေ၊ အပူဆိုးဆို ရေနွေးပေါ့။ အအေးဆိုးဆို ရေအေးပေါ့။ အဲဒါတွေ ဖျော်ထားတဲ့ ဒယ်အိုးကြီးထဲကို အထည်တွေ နှစ် နှစ်ပြီး အရောင် ညီနေအောင် ဆိုးရတယ်။ အဲဒီမှာ ကျွန်တော်တို့ လက်အိတ် စွပ်ရတာပေါ့"

"ဆေးဆိုးတာ လိုချင်တဲ့ အရောင်ရအောင်လက်ဆလဲ လိုတယ်။ ဆေးဆိုးတဲ့ အလုပ်သမားတွေဆိုတော့ နှစ်ဆယ် အစိတ်ပေးပါတယ်"

"ဒါပေမယ့် လုပ်ရတာကတော့ ရေစိုတစ်ပိုင်းနဲ့ လုပ်ရတာ ဆရာမ၊ ကျွန်တော်တို့က အအေးတွေ ဘာတွေ မပတ်တတ်လို့ ဆိုးပြီးသား အထည်ကို လေသလပ်ခံပြီးရင် ရေက တစ်ခါထပ်ဆေးရတာ။ ရေဆေးပြီးမှ ဖယောင်းဖိထားတာကို ခွာရတယ်။ မီးပြင်းထိုးထားတဲ့ ရေနွေးဆူဆူထဲမှာ ဆပ်ပြာမှုန့်ထည့်၊ ပြီးတော့ အထည်ကိုထည့်ပြီး ဖယောင်းကွာအောင် ချွတ်ရတယ်။ ပြီးမှ တုတ်ရှည်နဲ့ ဆယ်ပြီး ရေထဲမှာ နှစ်ပြီး ဖယောင်းကုန်အောင် လျှော်ပေးရတယ်"

"အဲဒါကစပြီး တောက်လျှောက် ရေတရွှဲရွှဲနဲ့ နေရတာပဲ။ ရေအထပ်ထပ်နဲ့ လုံးဝအရောင်မကျွတ်တော့တဲ့အထိ ဆေးပေးရတယ်။ မဲနယ်ဖြူရေနဲ့လဲ စိမ်ပေးရသေးတယ်။ နောက်ဆုံးတစ်ခါ ရေစင်အောင် ဆေးပြီးတော့မှ လုပ်ငန်းပြီးတော့တာ"

"လွယ်တော့ မလွယ်ပါဘူးဆရာမရယ်၊ အလုပ်လုပ်တဲ့ တစ်အိမ်လုံးလဲ ရေကတရွှဲရွှဲပဲ။ ဖယောင်ကျိုထားတဲ့ အနံ့ကလဲ တအိမ်လုံး ညှော်နေတာပဲ။ ကျွန်တော့ မိန်းမ ကိုယ်ဝန်ရှိခါစက အလုပ်လုပ်ရင်း အဲဒီအနံ့နဲ့ ထိုးထိုးအန်တာပဲ။ အန်တာ မပျောက်မချင်း အလုပ်ကို လာလို့မရတော့ဘူး။ သူ ကိုယ်ဝန်ကြီးနဲ့ နေမကောင်း ဖြစ်တာ သမီး အကြီးဆုံးတာလဲ ပါတယ်ဆရာမ"

"အို...ဟုတ်လား၊ သမီးအကြီးက ဘယ်တုန်းက ဆုံးတာလဲ၊ ဘာရောဂါနဲ့ ဆုံးတာလဲ"

"ဆုံးတာကတော့ အခု ဒီကောင် ကိုယ်ဝန်ရှိစလေးပဲ ဆရာမ၊ ၀မ်းလျှောပြီးဆုံးတာ ကျွန်တော်တို့ အဲဒီတုန်းက ဒေသန္တရကျန်းမာရေးဋ္ဌာနကို ပြေးသေးတယ်။ မရတော့ဘူး။ အဲဒီ ဆရာမတွေကလဲ ခုန ဆရာမပြောသလိုမျိုးပဲ ပြောတယ်၊ အာဟာရချို့တဲ့လို့ ၀မ်းလျှောတာတဲ့"

"ဟုတ်တာပေါ့၊ ရှင့်သမီးက ဘယ်နှစ် နှစ်ရှိပြီလဲ"

"နှစ်နှစ်သမီး ဆရာမ"

"အင်း....ဒီအရွယ်တွေ အဖြစ်ဆုံးပေါ့ အာဟာရချို့တဲ့ရောဂါက၊ ခု နောက်ပိုင်း အိုပီဒီမှာ ကလေးလူနာဆို နျူ ထရေးရှင်းချည့်ပဲ၊ ရှင့်သမီးက ပိန်သလား"

"ပိန်တယ် ဆရာမ၊ ဗိုက်ပူ နံကားလေး"

"ကလေးကို ရှင်တို့ အာဟာရရှိတာလေး၊ ဘာလေး မကျွေးဘူးလား"

"အဲဒါတော့ မသိဘူး ဆရာမ၊ သူ့အမေ ကျွေးလား၊ မကျွေးလားတော့ ကျွန်တော် မသိဘူး"

"ထမင်းတော့ ကျွေးတယ် မဟုတ်လား၊ ဘာဟင်းတွေနဲ့ ကျွေးလဲ"

"ဟင်းကတော့....ဆင်းရဲသားဟင်းပေါ့ ဆရာမရယ်၊ ငါးပိပေါ့၊ တစ်ခါတလေ ပိုက်ဆံလေး နည်းနည်းပိုရတဲ့နေ့ ပင်လယ်ငါးလေး ဘာလေးပေါ့။ ဒါပေမယ့် နည်းပါတယ် ဆရာမရယ်။ ကျွန်တော့်အလုပ်က ပုံမှန်မှ မဟုတ်တာ၊ ပိုက်ဆံရတဲ့နေ့ရ မရတဲ့နေ့မရပေါ့"

"မှန်တာ ပြောရရင် ကျွန်တော် ဒီဆေးဆိုးပန်းရိုက် မလုပ်ခင်တုန်းက နပ်ကိုမမှန်ဘူး ဆရာမ၊ တကယ်၊ အဲလိုအခြေအနေမျိုးကျ ကျွန်တော်လဲ ဘာမှ မတတ်နိုင်ဘူး၊ လူကြီးတွေ ငတ်တော့ ကလေးလဲ ငတ်တာပေါ့ ဆရာမရယ်။"


"ပြီးတော့ ဆရာမ ကျွန်တော့် သမီးက ငယ်ငယ်ထဲက ချူ ချာတယ်၊ ခဏခဏဖျားတယ်၊ သူ့အမေကလဲ နို့မထွက်လို့ဆိုပြီး နို့ကိုလဲ အစောကြီးဖြတ်လိုက်တယ်။ အဲဒီကောင်မက အစာလဲ ရွေးတယ် ဆရာမ။ ဘာစားစား အခန့်မသင့်ရင် ၀မ်းက ပျက်တော့တာပဲ၊ ၀မ်း ခဏ ခဏ ပျက်တတ်တယ်"

"အဲဒါပေါ့ရှင့်....ကလေးက အာဟာရချို့ တဲ့နေတော့ ကိုယ်ခံအားက မကောင်းတော့ဘူး၊ သိပ်ထိခိုက်လွယ်တယ်၊ ရောဂါပေါင်းစုံ အကုန်ဝင်နိုင်တယ်၊ အဲဒီဝမ်းလျှောတာနဲ့ အာဟာရချို့တဲ့မှုဟာ ၀ဲဂယက်လည်နေတာပဲ"

"အခု ကျွန်တော့် သားလေးကော...အဲဒီရောဂါ ဖြစ်တာလား ဆရာမ"

"ဖြစ်နိုင်ပါတယ်၊ ဒေါက်တာ စမ်းသပ်ပြီး ရှင့်ကို သေချာ ပြောပြပါလိမ့်မယ်"

"စိတ်ညစ်ပါတယ် ဆရာမရယ်၊ ဒီရောဂါက မျိုးရိုးများ လိုက်သလား မသိဘူးနော် ဆရာမ"

"ဘယ်ကလာ မျိုးရိုးလိုက်ရမှာလဲရှင်...၊ အာဟာရမပြည့်ဝလို့ ဖြစ်တာပါဆိုနေမှ၊ ရှင်းရှင်းလေးရယ်။ ဒီရောဂါဟာ အစာဝအောင်ကျွေးနိုင်ရင် ပျောက်တယ်၊ မကျွေးနိုင်ရင် မပျောက်ဘူး၊ ဒါပဲ။ အခု ရှင့်ကလေးလဲ အာဟာရ ပြည့်ဝလာအောင် စနစ်တကျ ပြု စုပေါ့၊ ချက်နို့ဆီမတိုက်နဲ့၊ နို့မှုန့်လေး ဘာလေးတိုက်ပေါ့၊ ဒါမှမဟုတ် ဘူးနို့ဆီနဲ့ နွားနို့လေးပေါ့၊ အခုဆို ရှင့်ဝင်ငွေကလဲ သိပ်မဆိုးပါဘူး၊ ရှင် တစ်ယောက်တည်း ဥစ္စာ၊ ကလေးအတွက် ၀ယ်နိုင်လောက်ပါတယ်"

"၀င်ငွေက မဆိုးဘူးဆိုပေမယ့် တစ်ယောက်တည်းတော့ မဟုတ်ဘူး ဆရာမ၊ အခု ကျွန်တော်က ကျွန်တော့် အစ်မအိမ်မှာ နေရတော့၊ သူတို့လဲ ပေးရသေးတယ်၊ အစ်မများကလဲ မချောင်လည်ကြဘူးလေ ဆရာမ၊ ယောက်ဖက ဘီစကွက်စက်ရုံမှာ လုပ်တယ်၊ ကလေးတွေက များတယ်"

"အင်း...ဒါတော့ ဒါပေါ့လေ၊ ကိုယ့်ကလေး ကိုယ်တော့ ဂရုစိုက်ပေါ့၊ အဲ....ကလေးမျက်နှာပေါ်က ယင်မောင်းပေးလိုက်ဦး၊ အိပ်ပျော်နေရှာပြီ၊ သြော်....တကယ်တော့ ကလေးဆိုတာ အင်မတန် အပြစ်မဲ့တာပဲ"

"............."

"တကယ်လို့ ကလေးကို ဆေးရုံတင်ရမယ်ဆိုရင် တက်လိုက်နော်၊ အခက်အခဲတော့ ရှိတာပေါ့ရှင်၊ ဒါပေမယ့် ဒီလိုပဲပေါ့၊ ကလေး သနားစရာကောင်းပါတယ်။ မအေကလဲ ပစ်သွားနဲ့"

"ဟုတ်ကဲ့ ဆရာမ၊ တကယ်လို့ ဆေးရုံတက်ရမယ်ဆို....ကျွန်တော်ပဲ ကလေးနဲ့ လိုက်နေရမှာ၊ အလုပ်ကိုတော့ ကလေးအိပ်ချိန်မှာ သူများအပ်ပြီး ပြေးလုပ်ရမှာပဲ၊ ရမှာပါနော် ဆရာမ၊ ကျွန်တော် မလုပ်ရင် ထမင်းစားဖို့ ဘယ်လိုလုပ်မလဲ၊ ဆရာမ သိတဲ့အတိုင်းပဲ"

"အင်း....ရတယ်လို့တော့ မဟုတ်ဘူးပေါ့ရှင်၊ လူနာတွေရဲ့ အခက်အခဲကို သိတော့လဲ ခွင့်လွှတ်ထားရတော့တာပေါ့။ ရှင်တို့လို လူမျိုးတွေ ကျွန်မတို့ ကြုံရတယ်၊ ခဏ ခဏ မတက်ရင် မဖြစ်ဘူးဆိုလို့ ဆေးရုံကိုတက်၊ ဟာ လူနာကိုထားခဲ့ပြီး ဆေးရုံကနေ အကြော်ထွက်ရောင်းတဲ့လူနဲ့၊ အ၀တ်လိုက်လျှော်တဲ့သူနဲ့၊ ပြောင်းဖူးပြုတ် လည်ရောင်းတဲ့လူနဲ့၊ ကလေးကို ခုတင်နားနီးချင်းတွေက ကြည့်ထားရတာပဲ"


"တစ်ခါ အဲလို နျူ ထရေးရှင်းဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့အမေလေ၊ မနက်ဆို ကလေးကို ထားခဲ့ပြီး အကြော်သွားရောင်းရော၊ ဆယ်နာရီလောက်၊ ဆယ့်တစ်နာရီလောက်ကျမှ ဖတ်သီ ဖတ်သီနဲ့ ပြန်လာတယ်။"

"ကျွန်မတို့က ကလေးကို ဆေးရုံကကျွေးတာ ကျွေးတာပဲ၊ ကိုယ်ကလဲ အားရှိတာလေးတွေ ကျွေးလို့ ပြောထားတော့၊ ၀ယ်လာရှာတယ်။ သူတတ်နိုင်တာလေးတွေ၊ ဘီစကွတ်စက်ရုံကထုတ်တဲ့ ဝေဖာမုန့် အကြွေလေးတွေ၊ မုန့်က အမှုန့် ဖြစ်နေတယ်၊ တစ်ခါတည်း တစ်ကျပ်ဖိုး နှစ်ကျပ်ဖိုးရတဲ့ဟာ ၀ယ်ရတာကိုး၊ ပလတ်စတစ်အိတ်လေးနဲ့ နွားနို့လေးက နည်းနည်း"

"ကလေးကို ဇလုံလေးနဲ့ ဝေဖာမုန့်အကြွေနဲ့ နွားနို့လေးကို ဖျော်တိုက်၊ ပြီးတာနဲ့ သူ့ဗန်းလေးရွက်ပြီး အိမ်ပြန်ပြေးရော။ သူ့ဗန်းထဲမှာ ဟင်းသီးဟင်းရွက် အနွမ်းလေးတွေ၊ အာလူးအနာလေးတွေ ခရမ်းသီး အနာလေးတွေပါတယ်၊ အိမ်အတွက် ဟင်းချက်စရာလေ။ အဲဒါ အိမ်ပြန်၊ အိမ်မှာ ကျန်တဲ့ ကလေးတွေနဲ့ ကပျာကယာချက်ပြုတ် စားသောက်ပြီးမှ၊ ဆေးရုံပြန်ပြေးလာ၊ ကျွန်မတို့လဲ ဘေးကနေ ကြည့်ပြီး မောနေတာပဲ"

"..............."

"တချို့ကျပြန်တော့လဲ ဒီဆေးရုံထဲမှာ တင် အလုပ်လုပ်ပြီး ပိုက်ဆံရှာကြတယ်၊ ဆေးရုံတက်နေတဲ့ တခြားလူနာတွေရဲ့ ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးတယ်၊ ပိုက်ဆံတတ်နိုင်တဲ့ လူနာတို့၊ ကိုယ်ခွဲမရှိဘဲ လာတက်နေတဲ့ လူနာတို့က ခိုင်းတယ်လေ။ ရေနွေးဝယ်ပေးပါ၊ လက်ဖက်ရည်၊ ကော်ဖီဝယ်ပေးပါ၊ ရေခပ်ပေးပါ၊ ထွေးခံသွန်ပေးပါ၊ အညစ်အကြေးအိုး သွန်ပေးပါတို့ပေါ့။"

"လုပ်ပေးပြီးရင် တစ်ကျပ်၊ နှစ်ကျပ် ပေးလိုက်ရော၊ မုန့်လေး ဘာလေးတို့၊ ထမင်းကျန်၊ ဟင်းကျန်တို့လဲ ပေးပေါ့။ ချိုင့်လဲ ဆေးပေးပေါ့။ အဲလို လုပ်ပြီး ဆေးရုံတက်ကြရတဲ့ လူနာတွေလဲ ရှိတယ်၊ ကျွန်မတို့မှာ ဆေးကုရတဲ့ တာဝန်တင် မဟုတ်ဘူး၊ လူနာတွေရဲ့ လူမှုရေး၊ စားဝတ်နေရေး ပြဿ     နာတွေအတွက် ၀င်ပူနေရတာ၊ ဟိုတစ်ခါ လူနာ အမျိုးသမီးတစ်ယောက်နဲ့ မိးသားစုတစ်စုကို ကျွန်မတို့ ၀ိုင်းပြီး အသက်ကယ်ပေးလိုက်ရဖူးတယ်၊သူတို့ စားဝတ်နေရေးရော၊ ဘာရောပေါ့။"

"ဟုတ်ကဲ့ ဆရာမ"


"လူနာ အမျိုးသမီးက နယ်ကလို့ ပြောတာပဲ၊ အမျိုးသမီးရောဂါနဲ့ ရောက်လာတာ။ သူ့ကေ့စ်က ခွဲစိပ်ကုသရမှာ သူ့အခြေအနေကလဲ တော်တော်လေးကို ဆင်းရဲနွမ်းပါးနေတယ်၊ အားကလဲ မရှိဘူး၊ ပိန်လို့။ ဒီတော့ ဆေးရုံတက်၊ အားပြည့်လာမှ ခွဲစိတ်မယ် ဆိုပြီး ကျွန်မတို့က ဆေးရုံတင်လိုက်တော့ သူ့ယောက်ျားနဲ့ ကလေးတွေ လိုက်လာကြတယ်"

"ကလေးသုံးယောက်၊ အဲဒီ ကလေးသုံးယောက်ရော၊ ယောက်ျားရောကလဲ အို....တစ်ကိုယ်လုံး ဖောသွပ်သွပ်ဖြစ်နေကြတယ်။ မိသားစု တစ်စုလုံး နျူးထရေးရှင်း၊ အဲ....အာဟာရ ချို့တဲ့ရောဂါ ဖြစ်နေတာ။ သူတို့မှာ နေစရာလဲ မရှိဘူးနဲ့ တူပါတယ်။ အမျိုးသမီး ဆေးရုံစတက်တဲ့နေ့ကတည်းက ဒီ အိုပီဒီ နေရာမှာ အိပ်ကြတာပဲ၊ မပြန်တော့ဘူး"

"အဲဒါ မိန်းမအတွက် ထမင်းပို့ချိန်ဆိုရင် ယောက်ျား လုပ်တဲ့လူက အထုပ်လေး တစ်ထုပ်နဲ့ ရောက်လာပြီး အထုပ်ထဲမှာ ထမင်းပေါင်းစုံ၊ ဟင်းပေါင်းစုံ ကျွန်မတို့ တဖြည်းဖြည်းနဲ့ သိလာတာပေါ့၊ ဈေးထဲမှာ အဲဒီလူ သွားတောင်းပြီး မိန်းမကို ကျွေးတာ၊ ကလေးတွေကိုလဲ ဒီလိုပဲ၊ လင်မယား နှစ်ယောက်စလုံး အသက်မကြီးသေးဘူး၊ သုံးဆယ်တွင်းပဲ၊ ကလေးတွေကလဲ ငါးနှစ်၊ သုံးနှစ်၊ နှစ်နှစ် အရွယ်ကလေးတွေ၊ မိန်းမ နာမည်က ခင်မြဦး တဲ့"

"အံမယ်....ရုပ်ကလေးကလဲ သနားကမားရယ် ပညာလေး ဘာလေးလဲ အတော်အသင့်တတ်ပုံရတယ်၊ ကျွန်မတို့ ဆေးပည ဝေါဟာရတွေကို အင်္ဂလိပ်လိုညှပ်သုံးတာတချို့ကို သူနားလည်တယ်။ သူ့ကိုယ်သူလဲ သပ်သပ်ရပ်ရပ်နေတတ်တယ်။ အင်္ကျီလုံချည် စုတ်နေပေမယ့် နေတတ်တယ်။ ဆံပင်လေးကိုတဲ့ သပ်သပ်ရပ်ရပ်ဖြီးလို့၊ ဆေးရုံခုတင်နဲ့ ဆေးရုံက ပေးထားတဲ့ စောင်လေးတွေ၊ အိပ်ရာခင်းလေးတွေဆို သပ်ရပ်နေတာပဲ"

"နောက်ပြီး သူ့မှာ မာနလေးလဲရှိတယ် သိလား၊ မရှိဆင်းရဲလို့ ဖြစ်လာရှာတဲ့ မာနပေါ့၊ မရှိလို့ သူများတွေဆီကို မတောင်းဘူး၊ အောက်မကျို့ဘူး ကျိတ်မှတ်နေတတ်တယ်။ စကားပြောလဲ ခပ်တည်တည်ပြောတတ်တော့ ဆေးရုံက တချို့ ပေးချင် ကမ်းချင်တဲ့လူတွေက မပေးချင်ကြဘူး၊ ကျွန်မတို့က သူတို့အတွက် ဆေးရုံမှာ ရှိတဲ့ လူနာတွေကို အလှူ ခံထားတာကိုး၊ မိသားစုတစ်စုလုံး ဒုက္ခရောက်နေတော့ ကျွန်မတို့ ကြည့်နေလို့ မရတော့ဘူးလေ"

"ဒီတော့ ဆေးရုံက လူနာတွေကို စစ္စတာ တစ်ယောက်က ဦးဆောင်ပြီး ပိုက်ဆံတတ်နိုင်သလောက် အလှူ ခံတယ်။ အစားအသောက် အ၀တ်အထည် ဘာပဲဖြစ်ဖြစ် လှူ ကြပါပေါ့။ အစားအသောက် ကျန်တာကအစ လွှင့်မပစ်ကြပါနဲ့၊ သူ့ကိုပဲ ပေးကြပါဆိုပြီး ဆေးရုံတစ်ရုံလုံး လျှောက်ဆော်သြထားရတယ်။"

"ခွဲစိတ်ပြီးတော့လဲ သူ့မှာ စားပေးဖို့လိုမယ်လေ၊ လူနာတွေကလဲ ပေးကြရှာပါတယ်။ တတ်နိုင်သလောက်ပေမယ့် သူတို့မိသားစု အတော်လေး ဟုတ်သွားတယ်။ အစားလေးလဲ စားရတယ်၊ အ၀တ်လဲ လုံလုံခြုံ ခြုံ ဖြစ်သွားတယ်။ အလှူ ငွေပိုက်ဆံရတဲ့ထဲကလဲ စစ္စတာက တစ်နေ့တစ်ဆယ်တစ်ဆယ်ထုတ်ပြီး သူ့တို့ကို အစားအသောက် ကျွေးပေးတယ်။"

"သူ့ယောက်ျားနဲ့ ကလေးသုံးယောက်ကိုလဲ ဆေးရုံက အားဆေးတွေ ဘာတွေ ကျွေးပေးတယ်။ သူတို့ ဆေးရုံက ဆင်းကြတော့ အတော်လေးကို ပြောင်ပြောင်ရောင်ရောင် ဖြစ်သွားတယ်။ ပြန်ခါနီး ဆေးရုံက ဆရာဝန်၊ ဆရာမတွေကို ထိုင်ကန်တော့ပြီး ငိုလိုက်တာ။ ကျွန်မတို့လဲ စိတ်မကောင်းကြဘူး"

"အင်း...ကျွန်မတို့ တတ်နိုင်သမျှ အသက်တွေကို ကယ်လိုက်ကြတာပဲ၊ အပြင်ကျမှ ဘာဆက်ဖြစ်ကြမယ်တော့ မသိတော့ဘူး၊ ကျွန်မတို့ လိုက်မကြည့်နိုင်တော့ဘူး"

"ဟုတ်တာပေါ့ ဆရာမရယ်၊ ဆရာမတို့ တာဝန်က မသေးဘူးနော်၊ ကျွန်တော့်စိတ်ရင်း အတိုင်းပြောရရင် တကယ်ပါ ဆရာမတို့ကို ဒုက္ခမပေးချင်ပါဘူး၊ အရာရာ မပြည့်စုံလို့ပါ ဆရာမရယ်၊ ဟော...ရှူး ပေါက်ချပြီ၊ ဒီကောင် နိုးပြီထင်တယ်၊ ကျွတ်ကျွတ် ငိုတော့ မငိုလိုက်ပါနဲ့ကွာ"

"ရှူးပေါက်ရင် ကလေးအနှီးလဲရတယ်၊ ရှင့်မှာ အနှီးအပိုပါလား"

"မပါဘူး ဆရာမ၊ ဟော....ငိုပြီ၊ အေး....အေး မငိုပါနဲ့ကွာ၊ မငိုပါနဲ့ကွာ၊ အနှီးက မရှိဘူး ဆရာမ၊ ဒီ ပုဆိုးပိုင်ေးလးတောင် ကျွန်တော့်အစ်မက ပေးလို့၊ ကျွန်တော်တို့မှာ ပုဆိုးစုတ်၊ ထဘီစုတ်၊ ဘာမှ မရှိဘူး ဆရာမ၊ ကျွန်တော့်မိန်းမဆုံးတုန်းကဆို ဘာမှ မလွှမ်းလိုက်ရပါဘူး ဆရာမရယ်၊ ဒီအတိုင်းပဲ သွားရရှာတယ်၊ အဲ...ဒီကောင် ဆေးရုံတက်ရရင်တော့ ကျွန်တော့် ဆရာအိမ်က ပုဆိုး အစုတ်လေး ဘာလေး တောင်းဦးမယ်၊ အို....အို....မငိုပါနဲ့ကွာ"

"ကဲ...ကဲ....ရှင်ထချီပြီး လမ်းလျှောက်လိုက်ဦး၊ ကလေးက အိပ်ရာနိုး နို့ဆာမှာပေါ့၊ ဒုက္ခပါပဲ၊ ဒီအရွယ်က ရှူးပေါက်လိုက် နို့စို့လိုက် နေတာ၊ ရှူးပေါက်တော့ ကလေးက နို့ပိုဆာရော၊ သူ့မှာတိုက်စရာ ရေတောင် မပါဘူး၊ အရပ်ကတို့ ဒီပြဿ     နာတွေကို ဘယ်လို ရှင်းကြပါ့မလဲ၊ ရှူး ရှူး ဒီမယ် လာဦး ကလေးအဖေ၊ ရေလေးဖြစ်ဖြစ် တိုက်ပေးလိုက်ဦး၊ ကျွန်မမှာ ရေဘူးပါတယ်။"

"ဟုတ်ကဲ့ ဆရာမ"

"နေ...နေ...ရှင် အဲဒီမှာ ထိုင်ပြီး ကလေးကိုသာ သေချာပွေ့ထား၊ ကျွန်မ တိုက်ပေးမယ်၊ ကျွတ် ကျွတ်...ကလေးရယ် မငိုပါနဲ့"

"................
"တွေ့လား...နို့ ဘယ်လောက် စို့ချင်ရှာနေလဲ၊ ရေကို သောက်လိုက်တာ၊ သနားပါတယ်၊ မဟုတ်သေးပါဘူးရှင်၊ ရှင်တို့ လုပ်ပုံနဲ့ ဒီအတိုင်းဆို ကလေး ဒုက္ခရောက်လိမ့်မယ်၊ ချက်နို့ဆီ တိုက်တိုက်၊ ဘူးနို့ဆီ တိုက်တိုက်၊ နို့ဘူးလေး တစ်ဘူးတော့ ရှိမှပေါ့။ ပုလင်း သန့်သန့်လေးမှာဖြစ်ဖြစ် နို့သီးခေါင်းလေး တပ်ပြီး လုပ်ထား၊ နို့ဘူးမ၀ယ်နိုင်ရင် ပြောတာ။"

"ဟုတ်ကဲ့၊ ကျွန်တော် ၀ယ်ပါ့မယ် ဆရာမ၊ အိမ်မှာတော့ ဆရာမရယ် အစ်မက ပန်းကန်လေးထဲ ဖျော်ပြီး ဇွန်းနဲ့ တိုက်တော့ ကျွန်တော်လဲ မ၀ယ်မိတော့ဘူး။ သမီး အကြီးတုန်းကလဲ ကျွန်တော့်မိန်းမက သူနို့မထွက်တဲ့အခါ နို့ဆီတိုက်ရင် အဲဒီလိုပဲ ပန်းကန်လေးနဲ့ တိုက်တာပဲဆရာမ"

"အင်း .... ခက်တာပဲ"

"အို...အို....အေ....အေ...မင်းကလဲကွာ၊ ဗိုက်ဆာလို့လား၊ ဟုတ်လား၊ ဆရာမ ကျွန်တော့် အလှည့်လိုသေးလား မသိဘူး၊ ကလေးကို ကျွန်တော် နို့ဆီသွားတိုက်လိုက်ချင်လို့"

"ရှင်က ဘယ်မှာ သွားတိုက်မှာလဲ"

"ဟို...အပြင်ဘက် လက်ဖက်ရည်ဆိုင်ပေါ့ ဆရာမ"

"သြော် .... ဒုက္ခ၊ ရှင်က လက်ဖက်ရည်ဆိုင်မှာ ဒီရက်သားလေးကို ကော်ဖီပန်းကန်နဲ့ စောင်းတိုက်မလို့လား"

"အဲ....ဆိုင်ကို အကူအညီ တောင်းရမှာပေါ့ ဆရာမ"

"ကဲ....ကဲ သွား သွား၊ မြန်မြန်ပြန်လာ၊ အလှည့် နီးတော့ နီးနေပြီ"

"ဘေဘီ စမ်းစမ်းအေး၊ ဘေဘီစမ်းစမ်းအေး"

"ဟော....ပြောရင်း ဆိုရင်း ခေါ်ပြီ၊ ဘေဘီစမ်းစမ်းအေးတဲ့၊ ရှင်သွားလို့ မရတော့ဘူး၊ သွား...သွား...ဒေါက်တာ့အခန်းထဲကို"

"ဟုတ်...ဟုတ်ကဲ့ ဆရာမ"

"သြော်...ကလေးကို ထောင်ချီပြန်ပြီ၊ အဲလို မချီနဲ့၊ ကလေး ခေါင်းနောက်လန်ကျပါတယ်ဆိုမှ၊ ဒုက္ခပါပဲနော်"




[Wednesday, March 5, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၎

0 comments

အပိုင်း(၄)

ငြိမ်း လိုက်လာတာကတော့ ဟုတ်ပြီ၊ မောင်နဲ့ လက်ထပ်ကြမှာလဲ ဟုတ်ပြီ၊ ဒါပေမယ့် ငြိမ်ကို ဘယ်မှာ ထားမလဲ၊ မောင် အဆောင်ကထွက်ပြီး နှစ်ယောက်အတူ နေရအောင်လဲ ဘယ်မှာသွားနေမလဲ။ ငြိမ်းရောက်တဲ့ နေ့ကတော့ ငြိမ်းနဲ့မောင်တို့ နှစ်ယောက်စလုံးနဲ့ ခင်တဲ့ ပြည်က သူငယ်ချင်း မိမာရဲ့ မိန်းကလေး အပြင်ဆောင်မှာ ငြိမ်း သွားအိပ်ရတယ်။

နောက်တစ်နေ့ကျမှ မောင်က စီစဉ်လာတယ်။ အိမ်ခန်းလေး တစ်ခန်းကို သူ့ သူငယ်ချင်း တစ်ယောက် ရှာပေးတယ်တဲ့၊ စပေါ်ကနည်းတယ်၊ လခ နည်းတယ်၊ ဒါပေမယ့် နေရာက ဆင်ခြေဖုံး အစွန် အဖျားတော့ ကျတယ်တဲ့၊ ခု... ငြိမ်းတို့နေတဲ့ သင်္ကန်းကျွန်း အစွန်အဖျားပေါ့၊ ငြိမ်းကတော့ ဘယ်မှာပဲ နေရနေရ၊ အဲလောက်အဆင်ပြေရင်ကိုပဲ ၀မ်းသာလှပြီ၊

စပေါ်က နှစ်ထောင် ပေးရမယ်တဲ့၊ ငြိမ်းမှာ အဘိုးနဲ့ အဘွားက ဆင်ထားတဲ့ နားကပ်လေးရယ်၊ ဆွဲကြိုးလေးရယ်၊ လက်စွပ်လေးရယ်ရှိတယ်၊ ဆွဲကြိုးလေးကို ရောင်းပြီး အိမ်စပေါ်ပေးလိုက်တာပေါ့။

အခန်းလေးက ငြိမ်းတို့ မျှော်လင့်ထားတာထက် ကျဉ်းပေမယ့် ငြိမ်းတို့ ပျော်ခဲ့ကြတယ်နော်မောင်၊ ဘာပစ္စည်းမှမရှိတဲ့ ငြိမ်းတို့ အိမ်ထောင်ရေး အတွက် မောင်က မောင့်လက်စွပ်လေးကိုရောင်းပြီး လိုတာလေးတွေ ၀ယ်တယ်။

ငြိမ်းတို့ တစ်ခု ကံကောင်းတာက မောင်တို့ ဖိုင်နယ်စာမေးပွဲ သုံးလလောက်အလိုမှာမို့လို့ပေါ့၊ နို့မို့ရင် ဘယ်လွယ်မလဲ။ အဲဒီ သုံးလလေးကို မောင့်အမေက စာရေးလိုက်ပြီလေ။ မောင့်ကို မထောက်ပံ့တော့ဘူးတဲ့။ မောင်လဲ အိမ်ကို ဘယ်တော့မှ ပြန်မလာခဲ့နဲ့တော့တဲ့။

မောင် စာမေးပွဲဖြေပြီးရင် ဘွဲ့ရမယ်၊ ဘွဲ့ရရင် မောင် အလုပ်တစ်ခုခုရမယ်။ အလုပ် တစ်ခုခု ရရင် ငြိမ်းတို့ နှစ်ယောက် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ အသိနဲ့ မောင် စိတ်ချမ်းချမ်းသာသာနဲ့ စာမေးပွဲကို ဖြေပါစေတော့ဆိုပြီး မောင့်ကျောင်းစရိတ်အတွက် ငြိမ်း လက်စွပ်လေး ရောင်းလိုက်တယ်၊ မောင့်ကို အားရှိတဲ့ အစားအသောက်တွေလဲ ငြိမ်း ချက်ပြုတ်ပေးတယ်။

ငြိမ်းတို့ သိပ်ပျော်တာပဲနော် မောင်။ ဘာရှေ့ရေး နောက်ရေးမှလဲ မစဉ်းစားမိပါဘူး။ မောင် စာမေးပွဲ ဖြေပြီးတော့လဲ ရှိတဲ့ ပိုက်ဆံလေးနဲ့ လျှောက်လည်နေကြတာပဲ၊ တစ်ဖက်ကလဲ အလုပ်ရှာပေါ့၊ အလုပ်ရနိုးရနိုးနဲ့ ရှာရင်း ပိုက်ဆံကုန်ပြီး ငြိမ်းနားကပ်လေး ဖြုတ်ရတော့မယ်ဆိုမှ၊ ငြိမ်း ၀မ်းကြောတိုက်မှာလဲ သမီးလေး နှင်းဇာဖြူ  ခိုအောင်းစ ပြုနေပြီ ဆိုမှ ငြိမ်းနဲ့ မောင်တို့ရဲ့ စိတ်ညစ်ခန်း စတော့တယ်။

အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်မှန်းတော့ သိပေမယ့် လူဆိုတာ အတ္တသမားပဲမောင်ရဲ့၊ သူများတွေ မရပေမယ့် ငါတို့ကျ ကံကောင်းရင် ရချင်ရမှာ ဆိုတဲ့ အသိနဲ့ မျှော်လိုက်ရတာ မောင်ရယ်။ ဒါပေမယ့် ဘယ်လို မျှော်မျှော် သမီးလေး ကိုယ်ဝန် ခြောက်လထိ ဘာ အလုပ်မှ မရဘူး။ ငြိမ်းတို့ သိပ်ဆင်းရဲတဲ့ အချိန်တွေ ပေါ့နော် မောင်။

ဒါကြောင့်လဲ လာခြင်းမကောင်းရှာတဲ့ သမီးလေးကို ငြိမ်းအသနားပိုရတာပေါ့ မောင်ရယ်။ မောင် မရောင်းစေချင်တဲ့ ငြိမ်း နားကပ်လေးကိုလဲ ဖြုတ်လိုက်ရပေမယ့် စားစရိတ်နဲ့ အိမ်လခနဲ့ ဘာနဲ့ ငြိမ်းမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် လိုက်နာရမယ့်အချက်တွေ တော်တော်များများ မလိုက်နာနိုင်ခဲ့ပါဘူး။

မောင်ပြောသလို ငြိမ်းက "ကလေးရူး၊ ဆေးရူး" ဆိုတော့ ကလေးနဲ့ပတ်သတ်တာ၊ ဆေးပညာနဲ့ ပတ်သတ်တာတွေ အကုန်လျှောက်ဖတ်တာပဲ၊ ဒေသန္တရ ကျန်းမာရေးဌာနမှာလဲ ခဏ ခဏ သွားမေးတာပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေ လိုက်နာရမယ်ဆိုတဲ့ ကိုယ်ဝန်ရှိနေတုန်းမှာပင်ပန်းတဲ့အလုပ်တွေ မလုပ်ရ၊ ပိုမိုအနားယူပါဆိုတာတို့၊ အော့အန်တာတို့၊ ခြေထောက်ရောင်တာ၊ မောတာတို့၊ ခေါင်းကိုက်တာတို့ စတဲ့ဟာတွေဟာ အန္တရာယ်ဖြစ်စေတဲ့ လက္ခဏာတွေမို့ ဂရုစိုက်ပါ ဆိုတာတို့ကို ငြိမ်းလိုက်နာပေမယ့် မျှတသော အစားအစာတွေကို စုံနေအောင်စားပါ၊ စားနေကျထက် ထမင်းတစ်နပ်ပိုစားပါ၊ အစားမရှောင်ပါနဲ့ ဆိုတာမျိုးကို ငြိမ်းမလိုက်နာနိုင်ဘူး။ ငြိမ်းစားချင်ပေမယ့် ပိုက်ဆံမရှိလို့ မစားနိုင်တဲ့ အစာတွေကို ရှောင်လို့ချည်းနေရတာပဲ။

ကိုယ်ဝန် ခုနှစ်လမှာ စစားရမယ့် သွေးအားကောင်းစေမယ့် သံဓာတ်ဆေးပြားကိုလဲ ငြိမ်းမစားတလှည့် စားတလှည့်၊ ကျန်းမာရေးဌာနက အလကားပေးတာရတဲ့အထဲက ငြိမ်းစားနိုင်တာ။ ပိုက်ဆံနဲ့ ၀ယ်ရမယ်ဆိုတဲ့ အချိန်ကျ ငြိမ်း ဘယ်စားနိုင်တော့မလဲ။

မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် ထိုးရမှာကိုတော့ တစ်ကြိမ် ထိုးလိုက်နိုင်တယ်။ ကိုယ်ဝန်ခြောက်လမှာ ငြိမ်းထိုးလိုက်တယ်။ ခုနှစ်လခွဲမှာ တစ်ကြိမ်ထိုးဖို့ကြတော့ မောင်ပေါ့၊ ပထမတစ်ခါထိုးတုန်းက ငြိမ်းဖျားတယ်ဆိုပြီး တစ်ခါထိုးလဲ လုံလောက်ပါတယ်ကွာ ဘာညာနဲ့ ငြိမ်း မထိုးလိုက်ရတော့ဘူး။

ဟုတ်တယ်၊ မပြောလိုက်ချင်ဘူး။ ငြိမ်းဖျားမှာပေါ့၊ ငြိမ်း အားမှ သိပ်မရှိတာကိုး။ ကိုယ်ခံအားနည်းတော့ အဖျားက ၀င်လွယ်တာပေါ့။ နဂိုကလဲ ငြိမ်းက ပါးပါးလှပ်လှပ် ပိန်ပိန်လေးရယ်၊ သြော်... ကိုယ်ဝန်ရှိစမှာ မစားချင်၊ မသောက်ချင်တာနဲ့ ချွေတာချင်တာနဲ့ အတော်ပဲဆိုပြီး ငြိမ်း ဘာမှ မစားပဲ အရည်လေးလောက်နဲ့ နေလိုက်တာတွေလဲ ပါတာပေါ့လေ။

သမီးလေးရဲ့ ကုသိုလ်ကံပဲလို့ ပြောရမလားမသိဘူနော် မောင်၊ သမီးမွေးခါနီးမှာ မောင့်သူငယ်ချင်း အဖေက ပြောပေးလို့ ရုံးတစ်ရုံးမှာ အောက်တန်းစာရေး အလုပ်ရတယ်။ အလုပ်ရပေမယ့် လခက ချက်ချင်းမရသေးတော့ ငြိမ်း မီးဖွားစရိတ်အတွက် အင်မတန်လိုအပ်တဲ့ လက်ပတ်နာရီလေးကို ရောင်းလိုက်ရတယ်။ ငြိမ်းတို့ရဲ့ နောက်ဆုံး ရောင်းစရာ ပစ္စည်းလေးလေ။

ဒါသာဖြစ်တယ်၊ ငြိမ်း ဆေးရုံ တက်ရတာက မပြည့်မစုံနဲ့ပါ။ ငြိမ်း စိတ်ကူးထဲမှာ ယဉ်ခဲ့တဲ့ ဖွေးဖွေးဖြူနေတဲ့ ပိတ်နှီးလေးတွေ၊ သမီးလေး အေးရင်ထွေးဖို့ ဖလန်နယ် အနှီးလေးတွေ၊ ခွေးရုပ်၊ ကြောင်ရုပ်၊ ပန်းပွင့်လေးတွေ၊ အရောင်လှလှခြယ်ထားတဲ့ ကလေးစောင်လေး၊ ထီးကလေးလို ဖွင့်ပိတ်လို့ရတဲ့ ကလေးခြင်ထောင်လေး အင်္ကျီရောင်စုံအသစ်လေးတွေ၊ ဒါတွေ ဘာမှ ငြိမ်းမ၀ယ်နိုင်ခဲ့ဘူး။

ငြိမ်း ဖြူဖွေး သန့်စင်နေအောင် ဖွပ်ထားတဲ့ မောင့်ပုဆိုး အနှီးလေးတွေနဲ့ ငြိမ်း အကျီကျပ်တာ တိုတာလေးတွေကို ငြိမ်းဘာသာ တီထွင်ဖန်တီးပြီး လက်ချုပ်ချုပ်ထားတဲ့ အကျီလေးနှစ်ထည် သုံးထည်နဲ့ပဲ ငြိမ်းမှာ....

သူများ မွေးလူနာ ခုတင်တွေဘေးမှာ  အဖေတွေ အမေတွေ၊ ယောက္ခမတွေ၊ ညီအစ်ကို မောင်နှမတွေက ၀ိုင်းလို့၊ ကလေးကို ၀ိုင်းအုံကြည့်ကြလို့ စားစရာ၊ သောက်စရာတွေကလဲ အလျှံပယ်။ ငြိမ်းမှာတော့ မောင်ရုံးသွားခါနီး ချက်လာပို့တဲ့ မချက်တတ် ချက်တတ်ဟင်းချိုနဲ့ ငါးခြောက်ဖုတ် မည်းတူးတူးကြီးပဲ ရှိတယ်။

သူများတွေက ကလေးထွားလွန်းအားကြီးလို့ မအေခံရတဲ့အကြောင်း၊ ဒီလောက်ထွားတဲ့ကလေးကို တစ်ခါမှ မမြင်ဖူးတဲ့အကြောင်း အားရပါးရ ပြောနေချိန်မှာ ငြိမ်းမှာတော့ ပေါင်မပြည့်ဘဲ မွေးလာရှာတဲ့ သမီးလေးကို စိုးရိမ်သနားစိတ်နဲ့ ငိုလို့ချည်းနေမိတာပဲ။ သမီးလေးက လေးပေါင်ပဲ ရှိရှာတယ်။ အမှန်မှာ မွေးစကလေး ကိုယ်အလေးချိန်ဟာ ငါးပေါင်ခွဲ၊ ခြောက်ပေါင်ရှိရတယ်။

အဲဒီတုန်းက ငြိမ်းကြုံးဝါးလိုက်တာ၊ မောင်လဲ အလုပ်ရပြီပဲ။ ငါမစားရချင်နေပေ့စေ။ သမီးလေးကို အားရှိပေ့၊ အာဟာရရှိပေ့ဆိုတဲ့ ဖြည့်စွက်အစာတွေ ကျွေးမယ်၊ သမီးလေး ၀တုတ်ပြီး ကျန်းမာချစ်စရာကောင်းနေရမယ်လို့။ ဒါပေမယ့် ငြိမ်းကြုံးဝါးတဲ့ အတိုင်း ဖြစ်ခဲ့ပါသလား။ ငြိမ်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခဲ့ပါသလား။ ကံဆိုးရှာတဲ့ သမီးလေး နှင်းဇာဖြူရယ်။

"အို... ဟဲ့... ကျွတ်ကျွတ်... ကျွတ်... ကျွတ်... တိတ်... တိတ်... မနာဘူး"

ဟိုဘက်ခုတင်က ကလေးရဲ့ အော်ငိုသံနဲ့ အတူ မချိုသန်းရဲ့ ချော့မော့တဲ့ အသံကြောင့် သမီးလေးကို ငေးကြည့်နေမိတဲ့ငြိမ်း လန့်သွားတယ်။ သြော် မချိုသန်း ကလေးကို ဆရာမဆေးလာထိုးပေးတာ၊ မချိုသန်း ပုံစံက အိပ်မှုံစုံမွှားနဲ့ သူအိပ်ပျော်သွားပုံရတယ်။

"ရော့... ကလေးကို ခုချက်ချင်းတိုက်ဖို့ ဆေး၊ ဒါက ညနေကျတိုက်၊ ဟောဒါက ညအိပ်ရာဝင်ခါနီးတိုက်၊ မှတ်မိလား။ သေချာကြည့်နော်၊ ဆေးတိုက်ရင် ရေကျက်အေးလေးနဲ့ တိုက်တာ ပိုကောင်းတယ်၊ နို့လေးနဲ့ဖြစ်ဖြစ်ပေါ့၊ ကြားလား"

"ဟုတ်ကဲ့... ဆရာမ"

"ဆေးတွေကို မတိုက်ဘဲလဲ မနေနဲ့နော်.. ဆေးရုံအပြင်ထွက်ပြီး ဖောက်သည်တွေလဲ သွားမပေးနဲ့ဦး၊ ဟုတ်တယ်.... အဲဒီကိစ္စ သိပ်ဆိုးတာတာပဲ။ ဟိုဘက်ခန်းမှာ သိပ်အဖိုးတန်တဲ့ ဆေးတွေကို တစ်ခါထဲ အပြင်ဘက် သွားရောင်းတယ်၊ ခု ဘယ်လိုလုပ်ရတယ်မှတ်လဲ။ သောက်ပြီးသား ဆေးကတ်အခွံကို ပြရမယ်လို့ ကြိမ်းထားရတယ်၊ ဒါတောင် ဖောက်ပြီး ရောင်းဦးမလား မသိဘူး၊ သိပ်ခက်တာပဲ။ ရောဂါပျောက်အောင် ကျွန်မတို့ ဘယ်လိုလုပ်ကုမလဲ"

ဆရာမက ငြိမ်းဘက်လှည့်ပြီး ပြောပြနေတာကို ငြိမ်း အငေးသား နားထောင်နေမိတယ်။ မချိုသန်းကတော့ တအီအီ ငိုနေတဲ့ ကလေးကို ပွေ့ထားရင်း ခေါင်းကလေး ငုံ့လို့ ဆရာမရယ်၊ ဆရာမတို့က ရောဂါပျောက်စေချင်သလို ရောဂါ ခံစားနေရတဲ့ လူကလဲ ပျောက်ချင်မှာပဲ။

ဒါပေမယ့် ဆေးသောက်ကိစ္စတင် မဟုတ်ဘူးလေ၊ အစားအသောက်ကိစ္စက ရှိသေးတယ်။ အစားအသောက်ကိစ္စ မပြည့်စုံဘဲ ရောဂါ အခြေအနေကြောင့် ဆေးရုံလာတက်နေရတဲ့ လူတွေ အများကြီးရယ်။ ငြိမ်းတို့လဲ ပါတာပဲ ဆရာမရယ်၊ ဘယ်တတ်နိုင်မလဲ။ ဒီပြဿနာတွေဟာ ရှိနေမှာပဲ။ ဆရာမတို့လဲ မရှင်းနိုင်ဘူး၊ ငြိမ်းတို့လဲ မရှင်းနိုင်ဘူး။

"အစ်မမှာ ရေကျက်အေး ရှိလားဟင်... အစ်မ"

ဆရာမထွက်သွားတာနဲ့ မချိုသန်းက မျက်နှာငယ်လေးနဲ့ ငြိမ်းကို မေးတယ်။

"ရှိတယ်... ရှိတယ်... ယူလေ၊ မချိုသန်းမှာ ပါလား"

"မပါဘူး အစ်မရဲ့"

သြော်.... သူကလဲ ဒုက္ခပါပဲ။ ရေကျက်အေးလောက်တော့ ငြိမ်း ချမ်းသာပါသေးတယ်ဆိုပြီး သူ့ကို ကူညီမယ်ကြံကာမှ ခွက်က မပါဘူးတဲ့။ ငြိမ်း.... ငြိမ်း... ကလေးကိုတော့ သနားပေမယ့် သမီးလေးကို တီဘီကူးမှာတော့ ကြောက်တယ်။ ငြိမ်းမှာလဲ ခွက်က တစ်ခွက်ပဲပါတာ။ ဘယ့်နှယ့်လုပ်မလဲ။ အဲ.... ဟုတ်ပြီ၊ ဓာတ်ဘူးအပိတ်နဲ့ ပေးလိုက်ပြီး ပြန်ဆေးပစ်လိုက်ရင် ရတယ်။

"ရော့... ရော့.... မချိုသန်း၊ ရေကျက်အေးတော့ အားမနာနဲ့၊ ငြိမ်းက နှစ်ပုလင်း နှစ်ပုလင်း လုပ်ထားတာ၊ သမီးကို မွေးကတည်းက ငြိမ်းက ရေကျက်အေးပဲ တိုက်တာ"

"အစ်မက အစ်မကလေးကို သိပ် ဂရုစိုက်တာပဲနော်၊ ဒါတောင် နေမကောင်းဖြစ်ရသေးတယ်နော်၊ အင်း.... ဧကန္တ အစ်မတို့က အစိုးရိမ်လွန်ပြီး အစားအသောက်ကို ဟိုရှောင်ဒီရှောင်လုပ်လို့ နေမှာပါ။ အစ်မတို့ ကျွေးနိုင်သားပဲ"

ငြိမ်း ပြုံးနေလိုက်ရတယ်။ သြော်... အရေးထဲ သူက ငြိမ်းကို အထင်ကြီးနေပြန်ပါပြီ။ သူနဲ့စာရင်တော့ ဟုတ်ချင် ဟုတ်မှာပေါ့လေ။ ဒါပေမယ့် မချိုသန်းရယ် အထင်မကြီးပါနဲ့၊ ငြိမ်းတို့လဲ ဒီပုတ်ထဲက ဒီပဲပါပဲ။ အစာမ၀တာချင်း၊ မကျွေးနိုင်တာချင်း တူတူမို့ ဒီရောဂါ ဖြစ်ကြတာပဲ မဟုတ်လား။ ရောဂါ အခြေအနေ ဆိုးတာနဲ့ မဆိုးတာဘဲ ကွာတာပါ။

ငြိမ်းက မရှိ၊ ရှိတာကို ကိုယ်အဆင်းရဲခံပြီး ကလေးကို ဇွတ်ကျွေးလို့ ဒါလောက်ဖြစ်တာကိုး။ နို့မို့သာဖြင့် ငြိမ်းသမီးလဲ ခုချိန်ဆို၊ အို... ဖွ... ဖွဟဲ့... မပြောကောင်း မဆိုကောင်း သမီးလေးကို အဲလိုဘ၀မျိုး ဘယ်တော့မှ မမြင်ရပါစေနဲ့။

"အင်း..... ခုချိန်လောက် ဆိုရင်တော့ အိမ်မှာ အငယ်မ နို့ဆာလို့ ကျွမ်းသန္တာ လန်အောင် အော်ငိုနေလောက်ပြီ၊ ဘယ်သူကမှလဲ နို့ဆီ တစ်ဇွန်း ၀ယ်တိုက်မှာ မဟုတ်ဘူး၊ အဲဒါတွေကြောင့် ကျွန်မဆေးရုံမတက်ချင်တာပေါ့ အစ်မရဲ့"

နို့ရည်တွေ စွန်းထင်းပေကျလာတဲ့ သူ့အကျီကို ငုံ့ကြည့်ပြီး မချိုသန်းက ညည်းတယ်။ ငြိမ်းက သူ့ကို ငေးကြည့်ရင်း

"မချိုသန်းက ပိန်ပေမယ့် နို့ထွက်သန်သားပဲနော်၊ ငြိမ်းဆို သမီးလေး မွေးတုန်းက နို့မထွက်လို့ နို့မှုန့်တိုက်ရတာ"

"အံမယ်လေး.... ကျွန်မလဲ မထွက်ပါဘူး အစ်မရယ်၊ နည်းနည်းပဲထွက်တာ၊ ခုဟာက ကလေး နို့ဆာလွန်းလို့ နေမှာ၊ ကျွန်မတို့တော့ နို့မထွက်လဲ အစ်မတို့လို နို့မှုန့်တွေ ဘာတွေ မတိုက်နိုင်ပါဘူး၊ ဒီတိုင်းထားလိုက်တာပဲ၊ နို့ထွက်သလောက် စို့ပဲ"

"ငြိမ်းတို့လဲ တတ်နိုင်လွန်းလို့ မဟုတ်ပါဘူး မချိုသန်းရယ်၊ နို့မှုန့်တစ်ဘူး နှစ်ရာလောက် အနည်း ပေးရတယ်၊ ငြိမ်းယောက်ျား လခက နှစ်ရာကျော်ရယ်၊ သမီး နို့မှုန့်တစ်ဘူးစာလောက်ရှိတာ၊ ဘူးလိုက် ၀ယ်မတိုက်နိုင်ပါဘူး၊ ငြိမ်း နို့မထွက်ခင် လက်လီထုပ်ရောင်းတဲ့ နို့မှုန့်ထုပ်လေးတွေကို တစ်ထုပ်နှစ်ကျပ်နဲ့ ၀ယ်တိုက်ရတာ။ ငြိမ်းကလဲ ဘယ်လိုဖြစ်သွားတယ် မသိပပါဘူး။ မီးဖွားပြီးကာစက နည်းနည်းထွက်ပြီး နောက် မထွက်တော့ဘူး။ သမီးလေးကို ငြိမ်း သနားလိုက်တာ"

အိပ်ပျော်နေရာက နည်းနည်းလေး လွန့်လိုက်တဲ့ သမီးလေးကို ငြိမ်း စုတ်သတ်ပေးလိုက်တယ်။ သမီးလေး ကိုယ်ပေါ်က စောင်လေးကို ပြန်ခြုံပေးလိုက်တော့ သမီးလေးက ဟိုဘက်စောင်းသွားတယ်။ သနားစရာ သမီးလေး၊ မအေနို့ကို အပြည့်အ၀စို့ခွင့် မရရှာတဲ့ အဖြစ်ကို ငြိမ်း ရင်နာလို့ မဆုံးဘူး။

နို့မှုန့်ကို ငြိမ်း မတိုက်ချင်ပါဘူး။ တကယ်တော့ မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရဆိုတာ ငြိမ်း သိပ်သိတာပေါ့။ မအေနို့ဟာ ကလေးအတွက် အာဟာရဓာတ် အချိုးကျ ပြည့်ဝတယ်၊ သန့်ရှင်းလတ်ဆတ်ပြီး အစာကျေ လွယ်တယ်၊ ငွေကုန် သက်သာတယ်။ ကရိကထ မများဘူး၊ ကလေးခြောက်လထိ ရောဂါကို ကာကွယ်နိုင်တယ်။ မိခင်နို့ရည်ဟာ အမြဲ အဆင်သင့်ရှိနေတဲ့ အတွက် အပူအအေး မျှတတယ်။

ပြီးတော့ နို့တိုက်တာကြောင့် မိခင်ရဲ့ သားအိမ်ကျုံ့လွယ်တဲ့အတွက် မီးတွင်း သွေးသွန်မှုကို ကာကွယ်သတဲ့။ ကလေးနို့တိုက်တဲ့ မိခင်မှာ နို့ကင်ဆာတွေ ဘာတွေလဲ မဖြစ်နိုင်ဘူးတဲ့။ နောက်ပြီး မိခင်နို့တိုက်ချိန်ဟာ မီးယပ်မလာဘဲ နေတတ်လို့ ကလေးလဲ ဝေးတတ်သတဲ့။ နောက်တစ်ခု ငြိမ်း စိတ်မကောင်း အဖြစ်ဆုံးဟာ နို့တိုက်တာဟာ မိခင်နဲ့ ကလေး ပိုပြီး ရင်းနှီးတယ်တဲ့။ ပြီးတော့ နောင်မှာ စိတ်ရောဂါတွေ ဘာတွေလဲ ဖြစ်ခဲတယ်တဲ့။

ငြိမ်းလေ သမီးလေးနဲ့ မရင်းနှီးမှာ၊ သမီးလေးက ငြိမ်းကို စိမ်းမှာစိုးပြီး သမီးလေးကို ရင်ခွင်ထဲမှာ အမြဲ ပွေ့ချီထားတော့တာပဲ။ မိခင်နို့ မစို့ရတဲ့ ကလေးဟာ ကြီးလာရင် စိတ်ရောဂါ ဖြစ်တတ်သလားဆိုပြီး စိုးရိမ်တကြီးနဲ့ စိတ်ပညာစာအုပ်တွေ ငြိမ်း လိုက်ရှာဖတ်မယ်လုပ်တော့ မောင်က ငြိမ်းကို ငေါက်ရော။

"အတွေးမခေါင်စမ်းပါနဲ့.... ငြိမ်း ရူးသွားလိမ့်မယ်" တဲ့။

ငြိမ်းကတော့ ငြိမ်းရူးမှာ မကြောက်ဘူးမောင်၊ သမီးလေး နောင်အချိန် စိတ်ရောဂါ ဖြစ်မှာပဲ ကြောက်တာ။

ငြိမ်း နို့မထွက်တာကိုလဲ သူများတွေက ပြောကြသေးတယ်၊ငြိမ်းမီးတွင်းထဲမှာငိုလို့ နို့လည်သွားတာ နေမှာတဲ့။ အလကား ဘယ်က ဟုတ်ရမှာလဲ၊ ငြိမ်း စာအုပ်တွေဖတ်ထားတာပဲ ငြိမ်းသိတာပေါ့။ ၀မ်းနည်းစရာလဲ ကောင်းပါတယ်လေ။ ငြိမ်း နို့မထွက်တာ ငြိမ်း ကိုယ်ဝန်ဆောင် တုန်းက အာဟာရဓာတ်ပြည့်ဝအောင် မစားလို့။ သမီးလေး ပေါင်မပြည့်တာလဲ ဒါကြောင့်။

မအေနို့ မစို့ရ ရှာပေမယ့်လဲ သမီးလေး နို့မှုန့်ကို စို့ရှာပါတယ်။ လက်လီ နို့မှုန့်ထုပ် နှစ်ကျပ်ဖိုးက ဘာမှ ရှိတာမှ မဟုတ်တာ၊ အဲဒီ နှစ်ကျပ်ဖိုးကို သမီး မ၀ဘူး။ ငြိမ်း သိတာပေါ့။ သမီးလေးက နို့ဆာရင် ငိုရော၊ ငိုလို့ မရရင်တော့ သူ့လက်ကလေးတွေကို တပြွတ်ပြွတ်စုပ်ရော။ သမီးအတွက် တစ်နေ့ကို နှစ်ကျပ်ဖိုးပဲ တတ်နိုင်တဲ့ ငြိမ်းရဲ့ရင်ကို သမီးလေး ငိုသံနဲ့ လက်စုပ်သံက ဓားပါးပါးမွှန်းနေသလိုပဲ။

မောင်ရတဲ့လခက နှစ်ရာ့ငါးဆယ်ရယ်၊ ငြိမ်းတို့ အခန်းလခက ငါးဆယ်၊ ကျန်တဲ့ နှစ်ရာနဲ့ ငြိမ်းတို့ စားစရိတ်ရယ်၊ သမီးအတွက် စရိတ်ရယ်ကို ငြိမ်း ဘယ်လို ဝေမျှသုံးစွဲမလဲ။ ဒါတောင် မောင်က ရုံးသွား လမ်းစရိတ်မကုန်လို့ ရုံးက ကိုယ့်မြို့နယ်ထဲမှာတင် ရှိလို့၊ နည်းနည်း လှမ်းပေမယ့် မောင်က ခြေကျင်သွားရှာတယ်။

သမီးအတွက်၊ မောင့်အတွက်ဆိုပြီး.... လောက်ငအောင် ငြိမ်း ခြိုးခြံတော့ ငြိမ်း ပိန်လာတယ်။ မောင်လဲ ပိန်တာပါပဲလေ၊ ပေါင် မပြည့်ရှာတဲ့ သမီးလေး ကျန်းမာဝဖြိုးလာအောင်ဆိုပြီး ငြိမ်းနဲ့မောင် ဖြစ်သလိုစား၊ဖြစ်သလိုနေပြီး၊ သမီးလေးကို ကျွေးတာတောင် သမီးလေးအတွက် မလုံလောက်ခဲကဘူးနော်။

အတတ်နိုင်ဆုံးတော့ မေမေ ကြိုးစားခဲ့ပါတယ် သမီးလေးရယ်။ သမီးလေး လေးလရောက်တော့လေ နို့မှုန့်မ၀ရှာတဲ့ သမီးလေးကို ဖြည့်စွက်အစာကျွေးမယ်ဟေ့ဆိုပြီး ငြိမ်းမှာ စီမံလိုက်ရတာ။ ဆန်ပြုတ်ကျဲကျဲလေးကို ပြုတ်ပြီး ပထမတိုက်တယ်၊ ငြိမ်း ဆန်က သိပ်ဆိုးတော့ သမီးက မသောက်ဘူး၊ နို့မှုန့်ပဲ စို့နေတာပဲ။ ဆန်ပြုတ်ထဲမှာ ငါးတို့ ကြက်သားတို့နဲ့ ရောနှောပြုတ်ရင်တောက သမီးသောက်ချင် သောက်မှာပေါ့။ ဒါပေမယ့် ငြိမ်း မတတ်နိုင်ဘူးလေ။

အို.... ဒါဖြင့် နေဦး၊ နောက် ဖြည့်စွက်အစာတစ်ခုဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းချို တိုက်မယ်ဆိုပြီး... ကျိုတိုက်တော့လဲ သမီးလေးက မသောက်ဘူး။ တစ်ခုတော့ ရှိတာပေါ့လေ၊ ငြိမ်း ဟင်းချိုရွက်တွေက စိမ်းစိမ်းလန်းလန်းမရှိတော့တဲ့ ဈေးပေါပေါ ဟင်းရွက်တွေကိုး။ ဟင်းချိုထဲမှာ ထည့်ရော ပြုတ်ခိုင်းတဲ့ ဆိတ်ရိုးတို့၊ ၀က်ရိုးချဉ်ဆီတို့ကလဲ မပါဘူးလေ။

ကြက်ဥ မကျက်တကျက်ပြုတ်တော့ သမီးစားတယ်။ ဒါပေမယ့် ကြက်ဥက တစ်လုံး တစ်ကျပ်ခွဲ၊ ကြီးလျှင် တစ်ကျပ် ခုနှစ်ဆယ့်ငါးပြား၊ သမီးက နို့မှုန့်လဲ မဖြတ်ရသေးတော့ သမီး တစ်နေ့စရိတ် သုံးကျပ်ခွဲ လေးကျပ် အကုန်မခံနိုင်တော့ ကြက်ဥကို ဖြတ်ရပြန်ရော။

နောက်တော့... ဖီးကြမ်း ငှက်ပျောသီးမှည့်မှည့် ငါးမူးတန် တစ်လုံးကိုပဲ မီးဖုတ်တဲ့အခါဖုတ်၊ ပြုတ်တဲ့အခါပြုတ်ပြီး ကျွေးရတယ်၊ သမီးက ဒါပဲ နည်းနည်းစားတယ်။ နို့မှုန့်ပဲ။ ဆီနဲ့ဆားနဲ့ ထမင်းလေး ၀ါးခွံ့တော့လဲ မစားဘူး၊ ဆန်က ကြမ်းပြီး ဆီနည်းလို့လား မသိပါဘူး၊ ငြိမ်း ပါးညောင်းအောင် ဘယ်လောက်ဘဲ ညက်ညက်ဝါးဝါး သမီးက မစားဘူး။ ဒီတော့ သမီးက ငြိမ်းမျှော်လင့်သလောက် ၀ မလာဘူး၊ ကိုယ်အလေးချိန်လေးကလဲ ပေါ့ပေါ့လေးရယ်။

မောင်ကတော့ ငြိမ်း အားမလို အားမရဖြစ်တိုင်း "ဘယ်ဝပါ့မလဲ ငြိမ်းရယ်၊ ငြိမ်းကျွေးတဲ့ ဖြည့်စွက် အစာဆိုတာ ငှက်ပျောသီး တစ်လုံးရှိတာ၊ ငှက်ပျောသီးတောင် သုံးမတ်၊ တစ်ကျပ် ဈေးတက်ရင် ငြိမ်းဖြတ်ထားလိုက်ရပြန်ရော မဟုတ်လား"လို့ နှစ်သိမ့်တတ်တယ်။ ငြိမ်းကတော့ ခေါင်းမာမာနဲ့ သမီးကို ဖြည့်စွက် အစာကျွေးတယ်လို့ မှတ်ထားတာပဲ။

ဘာပဲဖြစ်ဖြစ် ငြိမ်းအရင်ကရူးပြီး စိတ်ကူးယဉ်ခဲ့တာတွေထဲက အချက်တစ်ချက် လောက်တော့ အကောင်အထည် ဖော်ပါရစေဦး၊ ငြိမ်းကိုယ်ဝန်ရှိစကတည်းကစပြီး သမီးလေးဖြစ်ဖြစ်၊ သားလေးဖြစ်ဖြစ် အရွယ်ရောက် ကြီးပြင်းတဲ့အထိ စိတ်ကူးယဉ်ထားတာတွေလေ။

သြော်... ကလေးမီးဖွားဖို့ ဆေးရုံတက်ရင် ဘယ်လိုဆိုတဲ့ စိတ်ကူးယဉ်ခဲ့တာတွေကတော့ ပြီးသွားခဲ့ပြီ၊ ဘာတစ်ခုမှ ငြိမ်းမဖြစ်လိုက်ရဘူး။ နောက်တစ်ခါ မွေးပြီးတော့ သမီးလေးကို ဘယ်လိုပုခက်လေးနဲ့ သိပ်မယ်၊ ကင်ပွန်းတပ်မင်္ဂလာလေး လုပ်မယ်၊ သမီးရဲ့ အရွယ်ရွယ်အစားစားကို တစ်လပြည့်တိုင်း ဓာတ်ပုံရိုက်ထားမယ်၊ သမီးလေးကစားဖို့အတွက် ကစားစရာတွေကိုလဲ မျိုးစုံဝယ်ပေးထားပေးမယ်။ သမီးလေးနဲ့လိုက်ဖက်တဲ့ အင်္ကျီဘောင်းဘီလေးတွေကိုလဲ ဆင်လိုက်ပြင်လိုက်မယ်။

ပြီးတော့ သမီးလေး ကျန်းမာလှပ ၀ဖြိုးနေအောင် ငြိမ်း ဖတ်ထား မှတ်ထားတဲ့ ဆေးစာအုပ်တွေထဲကအတိုင်း သမီးလေးကို ကျွေးမွေးပြုစုလိုက်မယ်လို့၊ ဒါပေမယ့် ပထမအဆင့်ဖြစ်တဲ့ ဖြည့်စွက်အစာ ကျွေးတာမှာတင် ငြိမ်း ပြဿနာတက်ရပြီနော်၊ ဒါပေမယ့် ငြိမ်း ဖြည့်စွက်အစာတစ်ခုခုတော့ သမိးလေးကို ကျွေးပါတယ်နော်၊ ငြိမ်း ကျွေးပါတယ်။

ခု.... သမီးလေး.... နှစ်နှစ်ခွဲရောက်တဲ့ထိပဲ ငြိမ်းတတ်နိုင်သမျှ အာဟာရဖြစ်စေမယ့် အစားအစာလေးတွေကို ကြိုးစားကျွေးတုန်းပါပဲ။ သမီးလေးက ခုဆို ဆန် ဆိုးဆိုးနဲ့ အသီးအရွက်ရောပြီး ငြိမ်းဝါးကျွေးတာကိုလဲ စားရှာပါတယ်။ ဒါပေမယ့်လေ... ကလေး တစ်နှစ်ကနေ သုံးနှစ် အရွယ်အထိ တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်တဲ့ အစားအစာကိုတော့ ငြိမ်းမကျွေးနိုင်ခဲ့ပါဘူး။

ဆန် နို့ဆီဘူးဝက်၊ ဆီ ငါးမတ်သား၊ အသား နှစ်ကျပ်ခွဲသာ (ဒါမှ မဟုတ်) ငါးလေးကျပ်သား (ဒါမှ မဟုတ်) ပဲသုံးကျပ်သား၊ ဘဲဥ၊ ကြက်ဥ တစ်လုံး၊ ဟင်းရွက် သုံးကျပ်သား၊ ဟင်းသီး နှစ်ကျပ်သား၊ နို့် အ၀က်သား၊ ထန်းလျက် နှစ်ကျပ်သား၊ သစ်သီး တစ်လုံးတဲ့။ အနည်းဆုံး လိုအပ်တာတွေကိုက ငြိမ်းတို့အတွက် များလွန်းလှပါသည်။

သမီးလေးကို ကျွေးချင်လွန်းလို့ ငြိမ်းရေးထားပါသေးတယ်။ မရပါဘူး၊ ဘယ်လိုမှ မရပါဘူး။ ငြိမ်း တွက်ကြည့်တယ်၊ ဆန် နို့ဆီဘူးဝက်က ခြောက်ဆယ့်ငါးပြား၊ (ဒါ ငြိမ်းတို့စားတဲ့ တစ်ဆယ်တန် ဆန်ကြမ်းနော်)။

ဆန်နို့ဆီဘူးဝက်က         .....          ၆၅ ပြား
ဆီက                           ..... ၁ကျပ် ၃၅ပြား
အသားက                     ..... ၁ကျပ် ၇၅ပြား
ဟင်းသီးဟင်းရွက်က        .....         ၇၅ ပြား
နွားနို့က                       .... ၁ကျပ် ၇၅ပြား
ထန်းလျက်က                 .... ၁ကျပ်
ငှက်ပျောသီးက               ....          ၅၀ပြား
အားလုံးပေါင်း ၇ကျပ် ၂၅ပြား ကျတယ်။

ငြိမ်းတို့သားအမိ သားအဖ သုံးယောက်အတွက် ငြိမ်းသုံးနိုင်တဲ့ တစ်နေ့တာ ချက်ပြုတ်စရိတ်က ခြောက်ကျပ်ရယ်။ သမီးစရိတ်က ၇ကျပ် ၂၅ပြား၊ ငြိမ်း ဘယ်လိုလုပ်ရမလဲ။ ငြိမ်း ဘယ့်နှယ်တတ်နိုင်မလဲ။ အဲဒီ အစားအစာတွေကို သမီးလေးကို ကျွေးနိုင်ရင်၊ ကျွေးလိုက်ရရင်ဆိုတဲ့ အတွေးနဲ့ပဲ ငြိမ်း ၀မ်းနည်း ရင်နာရတယ်၊ စိတ် ဆင်းရဲရတယ်။

ဒီလိုနဲ့ပဲ သမီးလေးက ပိန်... ပိန်လာတယ်၊ အသားလေးတွေက ပျော့လာတယ်၊ နဂိုဖြူတဲ့ သမီးအသားလေးတွေ ပိုပြီး ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။ ငါးနှစ်အောက်ကလေးကို ကိုယ်အလေးချိန် မှန်မှန် ချိန်ပေးရမယ်ဆိုတာ သိပေမယ့် ငြိမ်း သွားချိန် မကြည့်ရဲဘူး။ ကလေးတွေဟာ ကျန်းမာပြီး အာဟာရပြည့်ဝမှ ကိုယ်အလေးချိန် မှန်မှန်တိုးတာတဲ့။ ရောဂါတစ်ခုခုဖြစ်(ဒါမှမဟုတ်) အစာအာဟာရ မလုံလောက်လျှင် ကိုယ်အလေးချိန်မတိုးဘဲ ရပ်တန့်နေလိမ့်မယ်တဲ့။ ကျန်းမာရေးဌာနကို  ငြိမ်း ဘယ်သွားရဲလိမ့်မလဲ။

သမီးလေးမှာ ရောဂါ မဖြစ်သေးတာတော့ ငြိမ်းသိတယ်။ ဒါပေမယ့် ကျန်းမာရေး ဆရာမက သမီးရဲ့ ကိုယ် ပေါ့ပေါ့လေးကို ချိန်ပြီးရင် ပြောလိုက်မယ့် " ရှင့်ကလေး အာဟာရ မပြည့်ဝလို့ ၀ိတ် အရမ်းလျော့နေတယ် " ဆိုတဲ့ စကားမျိုးကို ငြိမ်း နားမထောင်ရဲဘူး။ ငြိမ်းကြောက်တယ်၊ ရှက်လဲ ရှက်တယ်။

ခုတော့.... သမီးလေးမှာ အာဟာရချို့တဲ့ရောဂါ ဖြစ်နေပြီတဲ့။သမီးလေး ၀မ်းတွေလျှောလို့ စိုးရိမ်တကြီး ဆေးရုံပြေးလာတော့ အာဟာရချို့တဲ့ရောဂါကြောင့် ၀မ်းလျှောတာတဲ့။ ငြိမ်းမှာ ငိုရတာလဲ အမော။

ဟိုတုန်းက ငြိမ်း တသီကြီး စိတ်ကူးယဉ်ခဲ့တဲ့ သမီးလေး ကျောင်းသွားတဲ့ အရွယ်၊ သမီးလေး အပျိုဖြစ်တဲ့အရွယ်၊ သမီးလေး တက္ကသိုလ်ရောက်တဲ့အရွယ်၊ သမီးေးလး အိမ်ထောင်ရက်သား ကျတဲ့အရွယ်၊ အို... ဒါတွေကို ငြိမ်း ဆက်ပြီး စိတ်ကူးယဉ်ခွင့် ရပါဦးမလား။

သမီးလေးရဲ့ အာဟာရချို့တဲ့ရောဂါဟာ သမီးလေးကို တစ်ခုခုဖြစ်စေမှာလား။ ဘုရားသိကြားမလို့ သမီးလေးရယ်။

"မေ.... မေ့"

အို... သမီးလေးနိုးလာပြီ။ ငြိမ်းဆီကို လက်ကလေး ကမ်းလို့။

"မေ့သမီးလေး.... နိုးပြီလား၊ ရေရေသောက်မယ်နော်သမီး၊ ပြီးတော့ နို့နို့သောက်မယ်၊ မုန့်မုန့်စားမယ်၊ ဖေကြီး ၀ယ်လာတဲ့ မုန့်မုန့်လေ သမီး နော်၊ လာ.... မေမေ့ဆီကိုလာ"

ပိန်လှီပါးလှပ်နေတဲ့ သမီးခန္ဓာကိုယ်လေးကို ငြိမ်း အသာအယာပွေ့ယူလိုက်တယ်။ သမီးလေးခေါင်းက ငြိမ်း ပုခုံးကို မှီနွဲ့လာတယ်။

"အစ်မ သမီးလေးက သဘောကောင်းတယ်နော်၊ အိပ်ရာထမှာ မငိုဘူး။ ကျွန်မ သားသမီးတွေများ သန္ဓေသိပ်ဆိုးတာ၊ အိပ်ရနိုးတာနဲ့ အာခေါင်ခြစ်ပြီး အော်တာ၊ အမြဲ ရိုက်ရ နှက်ရတယ်။

"သမီးကတော့ ငယ်ငယ်ကတည်းက မငိုတတ်တာ မချိုသန်းရဲ့၊ လက်ကလဲ သိပ်ကြိုက်တာပဲ၊ အဖေနဲ့အမေ တစ်လှည့်စီ ချီနေရတာပဲ၊ ရော့.... သမီး ရေရေလေး နည်းနည်းသောက်နော်၊ ဆေး မဟုတ်ပါဘူး သမီးလေးရဲ့၊ ရေရေက  ချိုချိုလေးရယ်။ သမီး အီအီး မပါအောင်လို့နော်၊ ဓာတ်ဆားရည်လေ မချိုသန်းရဲ့။ ၀မ်းကတော့ ရပ်သွားပါပြီ၊ ဒါပေမယ့် ငြိမ်းက စိုးရိမ်လို့ ဓာတ်ဆားရည်အမြဲဖျော်ထားတာ"

"ဟင်... အစ်မဘာသာ ဖျော်ထားတာလား၊ အစ်မက ဖျော်တတ်တယ်လား"

"ဖျော်တတ်တာပေါ့ မချိုသန်းရဲ့၊ ဘာခက်တာ မှတ်လို့ ရေကျက်အေးနဲ့ သကြားနဲ့ ဆားရှိရင် ပြီးတာပဲဟာ၊ ဆေးရုံချက်ချင်းမပြေးနိုင်ရင် ကိုယ့်အိမ်မှာ ကိုယ်ဖျော်တိုက်လို့ရတယ်။ ရေကျက်အေး တစ်ဖန်ခွက်မှာ သကြားကို ဟင်းစားဇွန်းနဲ့ တစ်ဇွန်းမောက်မောက်ထည့်၊ ဆားကို ငရုတ်ကောင်းစေ့ နှစ်စေ့စာလောက်ထည့်ပြီး ချိုင့်သန့်သန့်မှာ ထည့်မွှေရုံပဲ။ မျက်ရည်အရသာလိုပဲ၊ ချိုချိုငန်ငန်လေး၊ အဲဒါကို ပုလင်းသန့်သန့်ထဲထည့်ပြီး ၀မ်းသွားတိုင်း တိုက်ပေးရတယ်။ ဓာတ်ဆားထုပ်ရှိရင်တော့ ဓာတ်ဆားထုပ်နဲ့ ရေကျက်အေး ရောဖျော်လိုက်ရုံပဲ"

"ကျွန်မတို့ကတော့ ဘာမှ မသိပါဘူး အစ်မရယ်၊ လုပ်လဲ မလုပ်တတ်ပါဘူး၊ ဆရာမပြောတာတွေလဲ သိပ်နားမလည်ပါဘူး။ ခုန ဟိုဆေးခန်းထဲမှာတုန်းက ဒေါက်တာမကြီးက ပြောတာ စုံနေတာပဲ။ အာဟာရတို့၊ ဗီတာမင်တို့၊ အစားအစာကို အာဟာရ မပျက်အောင် စီမံချက်ပြုတ်နည်းတို့ အများကြီးပဲ"

"နည်းနည်းပါးပါးလောက်တော့ သိထားသင့်တယ် မချိုသန်းရဲ့၊ ကိုယ့်ကလေး ကျန်းမာရေးအတွက် လိုအပ်တယ်၊ အဲဒီ ဒေါက်တာပြောတဲ့... အာဟာရမပျက်အောင် စီမံ ချက်ပြုတ်ခြင်းဆိုတာကလဲ တကယ်လိုအပ်တာ၊ ငြိမ်းတို့ ထမင်းချက်တယ်၊ အလုပ်ရှုပ်တာနဲ့ ဘာနဲ့၊ ကလေးတစ်ဖက်နဲ ဆန်ကို မြန်မြန် မြန်မြန် ဆေးပြီး ချက်လိုက်တာပဲ၊ တကယ်က စပါးလုံးတို့ ခဲတို့ ပိုးတို့ စင်အောင်ရွေးပြီး ညင်ညင်သာသာလေး ပွတ်ဆေးရမှာတဲ့။ ဒါမှ အာဟာရမပျက်မှာတဲ့"

"ဟာ.. အစ်မကလဲ အဲလိုသာဆို ကျွန်မတိုစားတဲ့ ဆန်တွေ ဘာကျန်တော့မှာလဲ။ စပါးလုံးတစ်ဝက်၊ ခဲတစ်ဝက်နဲ့ ဆန်ကို ဘယ်လိုစင်အောင် ရွေးမလဲ။ ဟင်း.... ကျွန်မဆို တစ်ခါတလေ ဆေးတောင်မနေဘူး၊ ရေထည့်တည်ပစ်တာပဲ"

"အင်းပေါ့... အဲဒါပြောတာပေါ့ ငြိမ်းတို့မှာ အခက်အခဲတွေက ရှိတယ်လေ။ ထမင်းရေခန်းဆိုလဲ သိပ်မချက်စားကြဘူး၊ ထမင်းရည်လဲ ငဲ့ပစ်လိုက်ကြတာပဲ၊ သိပ်မသောက်ကြဘူး"

"အံမလေး... ထမင်းရည်ကောင်းရင် သောက်ပါတယ် အစ်မရာ၊ ကျွန်မတို့ ထမင်းရည်တွေက ပိုးစော်တွေ ဒီလောက် ထောင်းထောင်းထနေရတာ ၀က်တောင် မသောက်ချင်ဘူး၊ ပေါ်ဆန်းမွှေးထမင်းရည်မျိုး လာစမ်းပါ။ သံပုံးတစ်ပုံး ကုန်အောင် ကျွန်မ သောက်ပြမယ်"

"အေးလေ... ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုတတ်နိုင်တာကိုတော့ အာဟာရမပျက်အောင် ချက်ပြုတ်စားနိုင်တော့ မဆိုးဘူးပေါ့ မချိုသန်းရယ်။ ဥပမာ... ဟင်းရွက်တို့ ဘာတို့ ချက်တာ ပြုတ်တာမျိုးပေါ့။ ဟင်းရွက်ကို မစားနိုင်တဲ့ အပိုင်းတွေဖယ်၊ ရေဆေး၊ ချက်ခါနီးမှ ဖြတ်တောက်ပြီး ပြုတ်ရင်လဲ ရေနည်းနည်းအဆူမှာ ထည့်ရမယ်တဲ့၊ ပြီးတော့ တစ်ဖက်လှန်ပြီး ခဏလေးနေပြီး ချလိုက်ရမယ်တဲ့။ ကြော်ရင်လဲနွမ်း ကျက်သွားအောင်မကြော်ရဘူးတဲ့"

"ကျွန်မတို့တော့.... ကြော်စားတယ်ဆိုတာ မေ့တောင်နေပြီ၊ အဟုတ် အစ်မရဲ့... ဘုရားစူး၊ ဟင်းရွက်လဲ မပြုတ်နိုင်ပါဘူး၊ ငါးပိဖိုးတောင် မနည်း ရှာနေရတာ"

ငြိမ်း သက်ပြင်းချလိုက်မိတယ်၊ ဟုတ်တာပေါ့၊ ငြိမ်းတို့မှာလဲ ဘာထူးလို့လဲ။ ငြိမ်းဘာတွေကို ဘယ်လောက်သိသိ လက်တွေ့မှာ ဘယ်လောက် အသုံးချနိုင်လို့လဲ။

"မေ့... နို့မှုန့်....ချားမယ်... နို့မှုန့်"

သမီးလေးရယ်၊ ငြိမ်း စိတ်မကောင်းဖြစ်ရပြန်ပြီ၊ နို့မှုန့်ဖြတ်လိုက်ပေမယ့် သမီးလေးက တမ်းတတုန်း။ တစ်ခါ သူနေမကောင်းတုန်းက ဘာမှ မစားလို့ နို့မှုန့်ထုပ်လေး တစ်ထုပ်ဝယ်ပြီး ဒီအတိုင်းလျက်ခိုင်းတာ သမီးလေး ကြိုက်သွားတယ်လေ။ ငြိမ်းတိုက်နေတဲ့ ချက်နို့ဆီရောထားတဲ့ ဆိုင်နွားနို့ရေကျဲကို သမီးသောက်ချင်ဟန်မတူဘူး။

"သမီးလေးကလဲ လိမ္မာပါတယ်နော်... နို့နို့က ကောင်းသားပဲဟာ၊ နို့မှုန့်က သမီးနဲ့ မတည့်ဘူး သိလား၊ အီအီးတွေ ပါလိမ့်မယ်နော်... သမီးလေး"

သမီးလေး မျက်နှာလေး နည်းနည်း မဲ့လာတယ်။ ငြိမ်းက သူ့အဖေ၀ယ်လာတဲ့ ပေါင်မုန့်လေးကို ကပျာကယာထုတ်တယ်။

"ဒါဖြင့်... ဖေကြီးဝယ်လာတဲ့ ပေါင်မုန့်လေးနဲ့ တို့စားနော်...သမီး"

ပေါင်မုန့်ကိုတော့ သမီးလေး လှမ်းယူပြီး ဒီအတိုင်း တစ်ကိုက် ကိုက်စားရင်း မျက်တွင်းကျနေတဲ့ မျက်လုံးတွေနဲ့ ငြိမ်းကို လှန်ကြည့်လို့....

"မေ့... ဖေဂျီးရော"

"သြော်....ဖေကြီးက အိမ်မှာပေါ့ သမီးရဲ့။ ဖေကြီးက ရုံးသွားရမယ်လေ၊ သမီးစားဖို့ ပိုက်ဆံတွေ သွားရှာတယ်လေ၊ ညနေကျ ဖေကြီးလာမှာပေါ့နော်...နော်"

"ဖေဂျီးနဲ့ ချင်ကြီးမယ်"

"စီးမှာပေါ့ သမီးရဲ့၊ သမီးလေး နေကောင်းပြီး ဆေးရုံကဆင်းတော့ အိမ်မှာ ဖေကြီးက ဆင်ကြီးလုပ် သမီးက ဆင်ကြီးစီးပြီး မေ့မေ့ကို လိုက်ထိုးမယ်။ ဟုတ်လား၊ ဆင်ကြီးက ဘယ်လိုအော်လဲ သမီး"

"၀ူး...၀ူး...ဟောလို...ဟောလို"

"ဟုတ်ပါတယ်... ဟုတ်ပါတယ်တော်"

ခေါင်းယမ်းပြနေတဲ့ သမီးလေးကို ကြည့်ပြီး ငြိမ်း ကြည်ကြည်နူးနူး ရယ်လိုက်မိတယ်။ ဟိုဘက်ခုတင်ကနေ မချိုသန်းကပါ လိုက်ရယ်ရင်း

"အစ်မသမီးလေးက ချစ်စရာလေးနော်၊ နာမည်က ဘယ်သူတဲ့လဲ"

"နှင်းဇာဖြူ တဲ့... သူ့အဖေ ပေးထားတာလေ။ စနေ သမီး"

"နာမည်နဲ့လိုက်တယ်၊ အသားလေးက ဖွေးဥနေတာပဲ"

ငြိမ်း ပြုံးနေရာက မျက်နှာပျက်သွားမိတယ်။ သမီးလေး အသားတွေက နှင်းပွင့်လေးတွေလို ဖြူ တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အခုဟာက အားနည်းလို့၊ အားမရှိလို့၊ အာဟာရချို့တဲ့ရရှာလို့ လိုအပ်တာထက် ဖြူ နေရရှာတာ။

မောင့်အမေက ငြိမ်းကို ဖြူ ဖပ်ဖြူ ရော်နဲ့ ပိုးဟပ်ဖြူ မလို့ ခေါ်တာကို ငြိမ်း သတိရမိတယ်။ သူ့မြေး ဖြူ ဖပ်ဖြူ ရော်မလေးကို မြင်ရရင်ရော သူ ဒီလို ခေါ်ဦးမှာလား။ သြော်... အဘိုးအဘွားရဲ့မေတ္တာဆိုတာကို ဘာမှ မခံစားရရှာတဲ့ ငြိမ်းရဲ့သမီးလေး။

ငြိမ်း ငယ်ငယ်တုန်းက ကျတော့လဲ မိဘမေတ္တာဆိုတာကို ဘာရယ်လို့ မခံစားခဲ့ရဘူး။ ဒါပေမယ့် အဘိုးအဘွားရဲ့ မေတ္တာ စေတနာကိုတော့ ငြိမ်း အပြည့်အ၀ခံစားခဲ့ရတယ်။ မိဘက ပစ်သွားရှာတဲ့ မြေးလေးဆိုပြီး အဘိုးအဘွားက ငြိမ်းကို တခြားမြေးတွေထက် အချစ်ပိုခဲ့တယ်။

ငြိမ်း မှတ်မိသေးတယ်။ ငြိမ်း ခုနစ်နှစ် ရှစ်နှစ် သမီးတုန်းက ငြိမ်း အိပ်ရာထတဲ့အချိန်ဟာ မီးဖိုထဲက ကော်ဖီနှပ်တဲ့ အနံ့ နှာခေါင်းထဲကို ၀င်လာတဲ့ အချိန်ပဲ။ အဘိုးကော်ဖီနှပ်နေတာလေ။ အဘွားက ဘေးနားမှာ ငြိမ်းကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ပြင်ဆင်လို့။ နံပြားတစ်ချပ်ကို ပဲနဲ့စားပြီး တစ်ချပ်ကို ငြိမ်းက ထောပတ်၊ သကြားနဲ့ စား တတ်လို့ နံပြားထောပတ်သုတ် တစ်ချပ်ကို သကြားဖြူးတာကလဲ အဆင်သင့်။

ငြိမ်း အိပ်ရာကနေ ထပြေးလာပြီး အဘိုးနဲ့ အဘွားကို တစ်ချက်စီနမ်း၊ မျက်နှာကို ကပျာကယာ ပြေးသစ်ပြီး အားရပါးရ ထိုင်စားတော့တာပဲ။ အဲဒီကြားထဲမှာ လမ်းပေါ်က မုန့်လုံးကြီးကြော်ဆိုပြီး အော်သံကြားတာနဲ့ အဘွား မုန့်လုံးကြီးလို့ ပူဆာတတ်သေးတယ်။ လာဦးဆိုပြီး ၀ယ်ပေးတာပဲ။ အဘိုးကတောင် ဥပါဒ်ဖြစ်မှာစိုးလို့ တားယူရတယ်။ အဘွား လက်သုံးစကားက

"၀မ်းအပြင် အိတ်ပါတာမှတ်လို့တော်၊ ကလေးဆိုတာ ကျွေးနိုင်မှ အစာကျေလွယ်တာ"တဲ့။

ငြိမ်း တောင်းတိုင်းကျွေးတာပဲ။ ငြိမ်း စားနိုင်တဲ့ အရွယ်ကတည်းက စားနိုင်တာ အကုန်ကျွေးခဲ့တာပဲ။ အဘွားကိုယ်တိုင်ကလဲ တစွပ်စွပ် စားတတ်တယ်။ အိမ်မှာ သူကြိုက်တဲ့ အချိုမျိုးစုံ၊ လက်ဖက်၊ ပဲလှော် စုံနေအောင်ရှိတယ်။ ငြိမ်းကြိုက်တဲ့ မုန့်ကိုလဲ မပြတ်ဝယ်ပေးထားတတ်တယ်။

သြော်...၀ယ်နိုင်၊ ထားနိုင် စားနိုင်အောင် အဘွားတို့ အခြေအနေကလဲ ပေးပေသကိုး။ အဘွားတို့က ဆန်တွေ အများကြီးရောင်းတဲ့ ဆန်ကုန်သည်ကြီးတွေလေ။ ငြိမ်းတို့က တစ်လမှာ နှစ်ရာကျော်ရတဲ့ လခစား၊ အဘွားတို့က သူ့မြေးငြိမ်းကို ကျွေးနိုင်ပေမယ့် ငြိမ်းတို့က သမီး နှင်းဇာဖြူကို ဘယ်မှာကျွေးနိုင်ပါ့မလဲနော်။ ကံဆိုးရှာတဲ့ သမီး ကလေးရယ်။

"အစ်မ...ထမင်းစားပြီးပြီလားဟင်"

မချိုသန်းက ခုတင်ပေါ်က လူးလဲထပြီး ထဘီ ဘိုသီဘတ်သီကို ပြင်ဝတ်နေတယ်။

"မချိုသန်းကလဲ ငြိမ်း စားပြီးတာ ကြာလှပြီ။ ဆယ်နာရီလောက်ကတည်းက စားလိုက်တာ၊ မချိုသန်း မစားရသေးဘူးလား၊ သုံးနာရီလောက်တောင် ရှိရော့မယ်"

"ဘယ်စားရဦးမလဲ အစ်မရယ်၊ ဆာလိုက်တာ၊ ဆေးရုံအပြင်ဘက် တစ်ခုခု သွားစားလိုက်ဦးမယ်၊ မနက်က စာအုပ်ဝယ်ပြီး တစ်ကျပ်ကျန်သေးတယ်၊ ဆာတယ် အစ်မရယ်၊ ကလေး ခဏကြည့်ထားပေးနော် အစ်မ"

အိပ်နေတဲ့ ကလေးလေးကို ထားပြီး ပျာယာ ပျာယာနဲ့ မချိုသန်း ထွက်သွားတယ်။ နို့တိုက်နေတဲ့ သားသည်မအေဆိုတော့ ဆာရှာမှာပေါ့လေ။ ကလေးလေးကိုလဲ ခုချိန်ထိ ဘာမှ မတိုက်မကျွေးသေးဘူး။ ဒုက္ခပါပဲ။ ဒီတိုင်းဆို နောက်နေ့တွေ သူ ဘယ်လိုလုပ်မလဲ။

သြော်...ဆေးရုံတက် ဆေးရုံတက်နဲ့ တကယ်မလွယ်တာ။ ဘယ်သူမဆို မဖြစ်လွန်းလို့ တက်ကြရတာ။ ဆေးရုံမှာစောင့်ဖို့ လူတစ်ယောက်လိုမယ်။ အိမ်ကနေ ဆေးရုံကို ထမင်းပို့ဖို့ လူတစ်ယောက်လိုမယ်။ အိမ်ကနေ ချက်ပြုတ်ပေးမယ့်လူကလဲ ရှိဦးမှ၊ ပြီးတော့ အရေးအကြီးဆုံးက ပိုက်ဆံ။ ပိုက်ဆံ သိပ်လိုတယ်။

ငြိမ်းတို့တောင်မှ ဘယ်လိုလုပ်ရသလဲဆိုတော့ မောင်က မနက်ရုံးမသွားခင် အစောကြီးထ ချက်ပြုတ်ပြီး ငြိမ်းဆီကို ညမနက်စာထမင်း၊ ရုံးသွားရင်းဝင်ပို့ရတယ်၊ ဒါတောင် ဆေးရုံက ကိုယ့်မြို့နယ်ဆေးရုံမို့လို့။ နို့မို့ဆို သွားရလာရတာနဲ့ဘယ်လွယ်မလဲ။ ငြိမ်း ဟယ်လ်ပင်လမ်းက ကလေးဆေးရုံကို ဘယ်သွားနိုင်မလဲ။ ငြိမ်းတို့ သင်္ကန်းကျွန်းကနေ ဟယ်လ်ပင်လမ်းကို ဘတ်စ်ကားခကိုက ငါးကျပ် အနည်းလေးကျတယ်။ အငှားကားနဲ့ဆို နှစ်ဆယ် အစိတ်၊ ငြိမ်းတို့ ဘယ်လိုမှ မသွားနိုင်ပါဘူး။ အရေးဆို ကိုယ့်မြို့နယ် ဆေးရုံကိုပဲ ပြေးလာကြရတော့တာပါပဲ။

"မေ့...ရေ....ရေ"

ငြိမ်း ချုပ်ပေးတဲ့ အ၀တ်ဗိုလ်မရုပ်လေးနဲ့ ဆော့နေတဲ့သမီးလေးက ငိုင်နေတဲ့ငြိမ်းကို ရေတောင်းတယ်။

"အေး အေး...ရေ....ရေ သောက်ရမှာပေါ့ သမီးရယ်၊ မေမေ တိုက်မှာပေါ့"

သမီးလေးကို ရေကျက်အေးတိုက်နေတုန်း၊ အိပ်နေတဲ့ မချိုသန်းကလေးက နိုးလာပြီး တအားအော်ငိုတော့တာပဲ။

"ဒုက္ခပါပဲ....မချိုသန်းကလဲ မလာသေးဘူး။ သမီး ခဏလေးနေဦးနော်၊ ဟိုမှာ မောင်မောင်လေး သနားပါတယ်၊ တစ်ယောက်တည်းရယ်၊ မေမေ...သွားချော့ပေးလိုက်ဦးမယ်နော်"

သမီးလေးက ခေါင်းညိတ်ပြီး မျက်လုံးလေးပြူး ကြည့်နေတယ်။ ငြိမ်း ဟိုဘက် ခုတင်ကို ပြေးပြီး ကလေးကို တင်ပါးလေး ပုတ်ချော့လိုက်တယ်။

"မငိုနဲ့နော် သား၊ တိတ်တိတ်...ကလေး တိတ်၊ မေမေလာတော့မယ်နော်....သား"

ကလေးက မရဘူး၊ တအား အာခေါင်ခြစ်ပြီး ပိုငိုနေတယ်။ ချောင်းတွေကလဲ တအားဆိုးလို့၊ သြော်...မချိုသန်းကလဲ ဘာများလုပ်နေပါလိမ့်၊ြ ကာလိုက်တာ။ ကလေးက တအားအော်နေတော့ တခြားခုတင်က အိပ်နေတဲ့ လူနာတွေ အားနာစရာ။

"နားလည်တယ်၊ နားလည်တယ်၊ လူလိုပြော၊ လူကမွေးထားတာ၊ ဟင်း....အော်ကျယ် အော်ကျယ်နဲ့ ကျုပ်အရှက်ကို ခွဲမနေနဲ့၊ ရှင့်တဲပုတ် မဟုတ်ဘူး၊ ဒါ ဆေးရုံ"

ဟောတော့ မချိုသန်း ဘာဖြစ်လာတာပါလိမ့်။ ထဘီတိုတိုနဲ့ ဒေါသတကြီး ၀င်လာတယ်။ သူ့နောက်ကနေ ကပ်ပါလာတာက မျက်နှာပေါက်ဆိုးဆိုးနဲ့ မိန်းမကြီးနဲ့ မည်းညစ်ပိန်လှီနေတဲ့ နို့စို့အရွယ် ကလေးလေး။

"ယောက္ခမတွေ အစ်မရယ်၊ ဆေးရုံသွားတာ ပြန်မလာလို့ ဆိုပြီး လိုက်လာတာတဲ့၊ ဆေးရုံရှေ့မှာ ကျွန်မကို အော်ကြီးဟစ်ကျယ်နဲ့ ကျွန်မက အလေလိုက်နေတာကျလို့၊ ဘိုးအေ ဘွားအေစိတ်မရှိတာ ပြောပါတယ်။ ထားခဲ့တဲ့ ကလေးကို ခ ဏလေး ကြည့်မထားနိုင်ဘူး။ အယုတ်တမာတွေ"

"ဟဲ့...အယုတ်တမာက နင်ဟဲ့ သိလား၊ ကလေးတွေနဲ့ လင်လူမမာပစ်ပြီး ဆေးရုံတက်၊ ဇိမ်ခံနေရအောင် နင်က သောက်ပြား ဘယ်နှစ်ပြား ချမ်းသာလို့လဲဟဲ့၊ ကောင်က ဟင်း...လူပါးဝလို့"

"အို...မချိုသန်း၊ တိုးတိုး....တိုးတိုး၊ ဆရာမတွေ ကြားလိမ့်မယ်"

ငြိမ်းက အထိတ်တလန့်တားတော့ မချိုသန်းက သူ့ ယောက္ခမကို ပိုပြီး ဒေါသဖြစ်လာသလို စူးစူး ၀ါးဝါး ကြည့်ရင် ခုတင်ပေါ်က ကလေးလေးကို ဇတ်ခနဲ ကောက်ချီတယ်။

"ကဲ....သွားမယ် အစ်မ၊ ကျွန်မ ဆင်းတော့မယ်"

"ဟင်...ဖြစ်ပါ့မလား မချိုသန်းရယ်၊ ဆရာမ သွားပြောဦးလေ"

"၀င်ပြောလိုက်မယ်လေ အစ်မ၊ ဒီမယ် မြင်တဲ့အတိုင်းပဲ ဆရာမရေလို့ ပြလိုက်ရုံပဲ"

"ဟဲ့...နင်ကလဲ နားပူနားဆာ ငိုဦးဟယ်"

သူ့လက်ထဲက အိပ်ရာထ အငိုမရပ်သေးတဲ့ ကလေးကို မချိုသန်းက ဗြန်းခနဲတစ်ချက်ရိုက်ရင်း အခန်းထဲကနေ ထွက်သွားတယ်။ ပြီးတော့ ရပ်နေတဲ့ ယောက္ခမဘက် လှည့်ြ့ပီး

"လာ...ရှင့်မျက်နှာကြီးကို ဒီအခန်းထဲက ဘယ်သူမျ မကြည့်ချင်ဘူး" ဆိုပြီး အငေါ်တူးလိုက်သေးတယ်။ မျက်နှာထားဆိုးတဲ့ မချိုသန်း ယောက္ခမကြီးက ပါးစပ်က တတွတ်တွတ်ဆဲဆိုရင်း နောက်ကနေ လိုက်သွားလေရဲ့။

သြော်...မချိုသန်းရယ်၊ ငြိမ်း အခန်းပေါက်ဝကနေ လိုက်ငေးကြည့်ရင်း သက်ပြင်း တစ်ချက်ကို မောမောပန်းပန်း ချမိတယ်။ ဒီပြသနာတွေကို ဘယ်သူများ ဖြေရှင်းပေးမှာလဲ။ ဆရာမတွေလဲ ဖြေရှင်းပေးနိုင်ရှာမှာ မဟုတ်ဘူး။ အကြောက်အကန် ပြောရင်း နောက်ဆုံးတော့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ရမှာပဲ။

"မေ...မေ့"

သမီးလေး ခေါ်သံကြားမှ အခန်းပေါက်ဝကနေ ငြိမ်း ကပျာကယာပြန်ပြေးလာရတယ်။

"ကြည့်စမ်း၊ သမီး ဘာတွေ လျှောက်ဆော့နေတာလဲ"

သမီးလေးက ခေါင်းအုံးဘေး ပလတ်စတစ်အိတ်ထဲက တိုလီမိုလီ ပစ္စည်းလေးတွေကို ဆွဲထုတ်နေတယ်။

"မလုပ်ရဘူး သမီးရဲ့....ဒီမှာ မော်လီလေးနဲ့ဆော့လေ"

သမီးက ဗိုလ်မရုပ်လေးကို မယူဘဲ ပြုံးစေ့စေ့နဲ့ ပလတ်စတစ်အိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း လွှင့်ပစ်နေတယ်။ ရှူ ဆေးဘူးအနီလေး၊ ပရုတ်ဆီဘူး အ၀ိုင်းလေး၊ လက်ကိုင်ပ၀ါ၊ ဆံညှပ်တစ်ချောင်း။

"မေ့...ရော့....ရော့"

"အံမယ်...သမီးက သိလို့လား ဟင်"

ပြင်ပလူနာမှတ်တမ်း စာအုပ်လေးကျ သမီးက လွှင့်မပစ်ဘဲ ငြိမ်းကို ထိုးပေးနေတယ်။

"မေ့သမီး...လူလည်မလေး"

သမီး ပါးလေးကို မချင့်မရဲ ဆွဲလိမ်ရင်း သမီးလေး ထိုးပေးနေတဲ့ ပြင်ပ လူနာ မှတ်တမ်း စာအုပ်လေးကို ငြိမ်း ငုံ့ကြည့်လိုက်တယ်။

[Friday, February 28, 2014]

အနီလား၊ အ၀ါလား၊ အစိမ်းလား - နုနုရည် (အင်းဝ) အပိုင်း - ၃

0 comments

အပိုင်း(၃)

တအီအီ ညည်းညူနေတဲ့ ကလေးတစ်ယောက်ကို ပွေ့ပြီး အခန်းထဲကို ၀င်လာနေတဲ့ မိန်းမကို ငြိမ်း ငေးကြည့်နေမိတယ်။ အသားအရေက ညစ်ထပ်ထပ်၊ နေလောင်ထားတဲ့ အသားအရေ၊ ဆံပင်တွေက နီလို့၊ ကျောလယ်လောက် ဆံပင်ကို ဖြစ်ကတတ်ဆန်း စီးထားတယ်။ မျက်နှာပေါက်ကတော့ လုံးလုံးလေး၊ တစ်ချိန်က ၀ိုင်းစက်ကြည်လင်ခဲ့ပုံရတဲ့ မျက်လုံးတွေက မှုန်မှိုင်းလို့နေတယ်။ အနီရောင် လွင့်ပြယ်နေတဲ့ အင်္ကျီလက်ပြတ်နဲ့ စွန်းထင်းနေတဲ့ ပန်းနုဖျောဖျော့ ထဘီဟာ သူနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး။ သူလဲ ငြိမ်းလိုပဲ ပိန်လိုက်တာနော်။

"ကဲ... ဒီကုတင် ကလေးအမေ၊ ဘယ်မလဲ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး"

သူ့နောက်က ကပ်ပါလာတဲ့ ဆရာမက ငြိမ်းတို့ခုတင်ဘေးက ခုတင်ကို ပြရင်းမေးတော့ ဟိုမိန်းကလေးက ခေါင်းခါပြတယ်။

"ဘာမှ မပါဘူး ဆရာမ"
"အင်း.... ကောင်းသားပဲ၊ နေဦး၊ ဒါဖြင့်စောင်နဲ့ ခေါင်းအုံးယူပေးမယ်၊ ခြင်ထောင်တော့ မရှိဘူး၊ ခြင်ထောင်ကိုတော့ အိမ်ကို ကြံဖန်မှာလိုက်.... ဟုတ်လား"

ဆရာမ အခန်းပြင်ဘက် ပြန်ထွက်သွားတော့ ဟိုမိန်းကလေးက ငြိမ်းကို လှမ်းကြည့်တယ်။အပြုံးလွယ်တဲ့ ငြိမ်းဟာ ပြုံးပြရင်း မေးငေါ့ပြလိုက်တယ်။

"အဲဒီ ခုတင်ပေါ်မှာ ထိုင်လိုက်ပါလား၊ ဆေးရုံက ဘယ်သူတက်မှာလဲဟင်၊ ရှင်လား၊ ကလေးလား"

"ကလေးပါ"

ငြိမ်း မျက်လုံးတွေ ရင်ခွင်ထဲက ကလေးဆီ ရောက်သွားတယ်။ ဘုရားရေ... ကလေးလေးက ဘာဖြစ်နေရှာတာလဲ။ ပါးစပ်လေးဟပြီး မောနေလိုက်တာ၊ မလုံမခြုံ အကျီအောက်ကထွက်နေတဲ့ ဗိုက်ကလေးက ပူလို့၊ မျက်လုံးတွေကလဲ ပြူးနေလိုက်တာ၊ အို..... အသားအရေတွေ ရှုံ့တွပြီး ပိန်ချုံး... ဘုရား... ဘုရား။

ငြိမ်း ရင်ထဲမှာ ဒိန်းခနဲနေအောင် မြည်ဟည်းသွားပါတယ်။

"ရှင့်ကလေးက တော်ပါသေးတယ်၊ အခြေအနေ သိပ်မဆိုးသေးပါဘူး၊ ဆေးထိုး၊ ဆေးတိုက်ပြီး အစားမှန်မှန်ကျွေးလိုက်ရင် ပျောက်နိုင်ပါတယ်၊ တချို့ကလေးတွေဆို သိပ်ဆိုးတာ၊ တစ်ကိုယ်လုံး ယောင်ဖော ဗိုက်ကြီးကပူ၊ မျက်လုံးတွေက ပြူး၊ အဘိုးကြီးအို၊ အမယ်ကြီးအို ပေါက်စလေးတွေလိုပဲ၊ အသားအရေတွေ ရှုံ့တွနေတာ၊ ဂရုစိုက်နော်၊ ဂရုမစိုက်ရင် အဲလိုမျိုး ဖြစ်သွားလိမ့်မယ်" ဆိုတဲ့ ဒေါက်တာ့စကားကို ငြိမ်း ပြန်ကြားနေမိတယ်။

"ကလေး.... ကလေးက ဘာဖြစ်တာလဲဟင်"

"အစာ အာဟာရချို့တဲ့ရောဂါဖြစ်တာ၊ ခုတော့ တီဘီပါ ဖြစ်နေတယ်လို့ ပြောတယ် အစ်မရေ"

"နျူထရေးရှင်း... အာဟာရချို့တဲ့ရောဂါ"

ငြိမ်း ရေရွတ်ရင်း ခုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေရှာတဲ့ သမီးလေး ခြေထောက်လေးကို တင်းတင်းဆုပ်ကြည့်မိတယ်။ အို..... တော်ပါသေးရဲ့၊ သမီးလေးရဲ့ အသားလေးတွေဟာ ပျော့နေတာ တစ်ခုပါပဲ။

သမိးလေး၊ မေမေ့ သမီး နှင်းဇာဖြူလေး၊ ဒီထက် ရောဂါ ပိုဆိုးမလာပါစေနဲ့၊ ဘုရား... ဘုရား၊ ပိန်ချုံး ရှုံ့တွနေတဲ့ သမီးလေးကို မေမေ ဘယ်လိုလုပ် မြင်ရက်ပါ့မလဲကွယ်။

အဘိုးကြီးအို၊ အဘွားကြီးအို ပေါက်စလေးတွေလိုတဲ့၊ အို.... သေသွားတဲ့ သမီးလေးရဲ့ဘေး၊ မေမေ့အဘိုး အဘွားတွေရဲ့ အရေတွေ တွန့်နေတဲ့ပါးပြင်တွေကိုတော့ မေမေ တအားဖက်နမ်းခဲ့ဖူးတယ်၊ နှင်းဇာဖြူရယ် သမီးလေးရဲ့ အဲလို ပါးပြင်မျိုးကိုတော့ မေမေ့ တသက် ဘယ်တော့မှ မနမ်းပါရစေနဲ့ကွယ်။

"အစ်မ... ခုန ဘာပြောတာလဲဟင်၊ အစ်မ ကလေးလဲ အစာချို့တဲ့ရောဂါဖြစ်တာလားဟင်"

ငြိမ်း ခေါင်းညိမ့်ပြလိုက်တယ်။ ဟို မိန်းကလေးက သူ့ကလေးကို လှုပ်ယမ်းချော့ရာက ငြိမ်းသမီးကို လှမ်းကြည့်ပြီး....

"ဟင်... အစ်မ သမီးကလဲ ဘာမှ သိပ်မဖြစ်သလိုပါပဲ၊ ကျွန်မသားနဲ့များ ယှဉ်ကြည့်စမ်းပါဦး၊ အစ်မ သမီးက ပိန်တာလေးပဲရှိတယ်၊ ဒီလောက်ပိန်တာလောက်ကတော့ ကျွန်မအိမ်က သမီးကြီးလဲ ပိန်တာပဲ"

"ဟင်... အဲလိုဆို အဲဒီကလေးလဲ ရောဂါဖြစ်ချင် ဖြစ်နေမှာပေါ့၊ ဆေးရုံကို ဘာလို့ မခေါ်ခဲ့လဲ"

"မခေါ်နိုင်ပါဘူး အစ်မရယ်၊ ဒီကလေးတောင် မတတ်သာလွန်းလို့၊ ခု ဆေးရုံတက်ရတာတောင် ချီတုံ ချတုံရယ်၊ အိမ်မှာ ကလေးအငယ်လေးက ရှိသေးတယ်၊ ဒါက အလတ်၊ ကျွန်မက စိတ်မထင်ရင် နက်ဖြန်ပြန်ဆင်းမှာ"

"အို... ဘယ်ဖြစ်မလဲ၊ ကလေးက သိပ်အခြေအနေ ဆိုးနေတဲ့ဟာ၊ ငြိမ်းတောင် ငါးရက်ရှိနေပြီ"

"ဟင်... ငါးရက်၊ ငါးရက်တောင် အစ်မကလေး မဆင်းရသေးဘူး၊ အံမလေး..... မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလိုဆိုရင်တော့ ကျွန်မကလေးကို တစ်လလောက် ထားလိမ့်မယ်ထင်တယ်။ တစ်လမပြောနဲ့၊ ဒီမှာ မချိုသန်း ဆယ်ရက်နေရင် အိမ်မှာ သုံးလောင်းပြိုင်ချရလိမ့်မယ်"

"အို.... ဘာတွေ လျှောက်ပြောနေတာလဲ.... ညီမရယ်၊ မပြောကောင်း မဆိုကောင်းတွေ"

ငြိမ်းပြောတာကို လုံးဝ ဂရုမစိုက်ဘဲ "စိတ်ညစ်လိုက်တာ" ဆိုပြီး သူ့ဆံပင်တွေထဲ လက်ထိုးကုတ်နေတဲ့ ချိုသန်းဆိုတဲ့ မိန်းကလေးကို ငြိမ်း တအံ့တသြကြည့်နေမိတယ်။ ဘယ်လို မိန်းကလေးလဲကွယ်၊ သူ့မှာ မိဘမေတ္တာတွေ မရှိတော့ဘူးလား။

ငြိမ်းတို့မှာတော့ ထားလိုက်ရတဲ့ မိဘမေတ္တာ သမီးလေးကို သဲသဲလှုပ်ချစ်လိုက်ရတာ၊ ပတ်ဝန်းကျင်ကတောင် အမြင်ကပ်လာရတဲ့ထိ။ ဒါပေမယ့် ငြိမ်းလိုမချစ်တဲ့ မချိုသန်းကလေးလဲ အာဟာရချို့တဲ့ ရောဂါ ဖြစ်နေတာပဲ၊ ငြိမ်းရဲ့ မိဘမေတ္တာက ငြိမ်းသမီးလေးဖြစ်တဲ့ အာဟာရချို့တဲ့ရောဂါကို မကာကွယ်နိုင်ဘူုးလား။

"ရော့.... ရော့.... ကလေးအမေ..... ခေါင်းအုံးနဲ့ စောင်၊ ကလေးကို ချသိပ်ထား၊ ခဏနေရင် ဆေးလာထိုးပေးလိမ့်မယ်"

ခုနက ဆရာမပြန်ဝင်လာပြီး မချိုသန်း ခုတင်ပေါ်ကို ဆေးရုံစောင်နဲ့ ခေါင်းအုံးသေးသေတစ်ခုချပေးတယ်၊ ခုတင်ခြေရင်းမှာ လူနာရောဂါနဲ့ အခြေအနေပြ မှတ်တမ်းကတ်ပြားကို ချိတ်တယ်။

"ဆရာမ၊ ကျွန်မကလေး သန်ဘက်ခါလောက်ဆို ဆင်းလို့ရလားဟင်"

ကောက်ခါ ငင်ခါ မေးလိုက်တဲ့ မချိုသန်းကို ဆရာမက တအံ့တသြ ကြည့်တယ်။

"သန်ဘက်ခါ.... ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ ကလေးအမေရယ်၊ သန်ဘက်ခါဆို ဝေးတာပေါ့၊ မနက်ဖြန်လောက် မဆင်းချင်ဘူးလား"

"ဆင်းချင်တာပေါ့၊ ကျွန်မကတော့.... ဒါပေမယ့် ကလေးက မပျောက်ရင် အခက်"

"သြော်.... ဒုက္ခပဲ၊ ပြောလေ ကဲလေ ပါလား၊ ဒီမှာ... ရှင့်ကလေး ဒီမှာ အနည်းဆုံး ဆယ့်ငါးရက်နေရမယ်၊ တစ်လလဲ ဖြစ်နိုင်တယ်၊ ရှင့်ကလေး အခြေအနေ ရှင်မြင်ရဲ့သားနဲ့ ကလေးအမေရယ် ပြဿနာပဲ"

ဆရာမက ဗျစ်တောက် ဗျစ်တောက် ပြောရင်း အခန်း အပြင်ဘက် ပြန်ထွက်သွားတာနဲ့ မချိုသန်းက ကလေးကို ခေါင်းအုံးပေါ်မှာ ချသိပ်၊ သူက စောင်လေးခုပြီး အုန်းဆံ မွေ့ရာပေါ် လှဲချလိုက်တယ်။

"အံမလေး... ဒီလိုဆိုတော့လဲ ဇိမ်ရှိသား၊ ဒီလို မွေ့ရာမျိုးနဲ့ တစ်ခါမှ မအိပ်ဖူးဘူး၊ ဆေးရုံတက်မှပဲ အိပ်ဖူးတော့တယ်။ ထမင်း အချိန်တန် လာပို့မယ့် လူနဲ့ ဘာနဲ့၊ အိမ်မှာလဲ နောက်ကြောင်းအေးတယ်ဆိုရင်ကတော့ ချိုသန်းတို့ ဆေးရုံကို တစ်လ ကိုးသီတင်း တက်နေချင်ပါ့ အစ်မရယ်"

ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မချိုသန်းဆိုတဲ့ မိန်းကလေးကို ငြိမ်း သနားရပြန်တယ်။ သူ့ကြည့်ရတာ တကယ့်ကို ခြေပစ်လက်ပစ် နားချလိုက်တဲ့ပုံ၊ မျက်လုံးလေးတွေတောင် မှိတ်လို့၊ တကယ်တော့ ကလေးတင် မဟုတ်ဘူး၊ သူလဲ အားနည်းနေတာပဲ၊ အာဟာရချို့တဲ့ နေတာပဲ၊ အားဆေးတွေ ဘာတွေ သောက်သင့်တယ်။

သြော်... သူများတော့ ပြောနေလိုက်တာ ငြိမ်းလဲ ပိန်သာ ပိန်တယ်၊ ဘယ်တော့မှ အားဆေးမသောက်ဘူး၊ နှမြောလို့။ ငြိမ်းကို မောင် အမြဲတမ်း ပြောလေ့ရှိတယ်၊ "ကျန်းမာရေး အကြောင်းတို့ ဆေးအကြောင်းတို့ဖြင့် သူ့လောက် လိုက်စားတာမရှိဘူး၊ သူ့ဖြင့် ပိန်လို့" တဲ့။

ပိန်ပါစေမောင်ရယ်၊ ငြိမ်း မောင်နဲ့ သမီးအတွက် ချွေတာတာပါ၊ နှမြောတာပါ။ ဒါပေမယ့် မောင်ရယ်၊ ငြိမ်း ဘယ်လောက် ချွေတာပေမယ့် နှမြောပေမယ့် သမီးလေးမှာ ဒီရောဂါက လာဖြစ်ရသေးတယ်၊ ငြိမ်း သိပ်ဝမ်းနည်းတာပဲ၊ ရှက်လဲ ရှက်တယ်။

အာဟာရချို့တဲ့ရောဂါဟာ အစာမစားရလို့ မစားနိုင်လို့ ဖြစ်တာမောင်ရဲ့သိလား၊ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအသောက်ကို စနစ်တကျ မကျွေးနိုင်လို့ ဖြစ်ရတာ။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ဆိုတာ ဆန်တို့၊ ဂျုံတို့၊ ပြောင်းတို့၊ လူးတို့၊ ဆပ်တို့၊ အာလူး၊ ကန်စွန်းဥတို့၊ ထန်းလျက်၊ သကြားတို့ ဒါတွေက ကာဘို ဟိုက်ဒရိတ်တွေ။ ကဆီဓာတ်ပါတဲ့ အစားအစာတွေပေါ့တဲ့။

နောက်ပြီး ဆီအမျိုးမျိုး၊ အမဲဆီတို့၊ ၀က်ဆီတို့၊ ထောပတ်တို့၊ နှမ်းဆီ၊ ပဲဆီ အစုံပေါ့။ အဆီဓာတ်ပါတဲ့ဟာတွေ ။ ပြီးတော့ အသားဓာတ်၊ တိရ စ္ဆာန် အသားမျိုးစုံ၊ ဥ၊ နို့၊ ငါး၊ ပုစွန် အမျိုးမျိုး၊ ဒါက ပရိုတင်းဓာတ်၊ နောက်တစ်ခါ ဗီတာမင် သက်စောင့်ဓာတ်ဆိုတာ ရှိသေးတယ်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး စသဖြင့်ပေါ့။

နောက်ပြီးတော့ သတ္တုဓာတ်တွေ၊ ထုံးဓာတ်၊ သံဓာတ်တို့၊ ရေကလဲ အာဟာရဓာတ်ထဲမှာ ပါတာပဲ။ အဲဒီ အထဲမှာ အရေးကြီးတဲ့ အာဟာရအုပ်စုသုံးမျိုးက ပရိုတင်းရယ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဖက်ရယ်။ ဘက်ဂျီးတေးဘဲလ်ရယ်၊ ပရိုတင်းက ခန္ဒာကိုယ်ကို ကြီးထွားစေတယ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဖက်က အင်အားဖြစ်စေတယ်၊ ဘက်ဂျီးတေးဘဲလ် ဟင်းသီးဟင်းရွက် သီးနှံတွေက ရောဂါကို ကာကွယ်စေတယ်။

"ဆေးပညာလေးနဲ့ ဆရာလုပ်တော့မယ်ဟေ့" လို့တော့ မပြောနဲ့မောင်၊ ငြိမ်းဘာသာ ၀ါသနာပါလို့ လေ့လာထားတာကို မောင်အမြဲနောက်တယ်၊ ငြိမ်း ကုသိုလ်ကံ အကြောင်းမလှတာကြောင့် ဆယ်တန်းမအောင်ရလို့ပါ။ နို့မို့သာဖြင့် ဆယ်တန်းအောင်ရင် ငြိမ်း သူနာပြုဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ဖြစ်အောင် ကြိုးစားမှာ သိလား။

မောင်က ဘွဲ့လေးတစ်လုံးပိုင်တာနဲ့ ငြိမ်းကို သိပ်နှိမ်ချင်တာပဲ။ ဒါပေမယ့် မောင်ရယ်၊ မောငပြောသလို "ငြိမ်းရယ်၊ ငြိမ်း ဒါတွေကို သိတာကတော့ ဟုတ်ပါပြီ၊ လက်တွေ့မှာ ငြိမ်း အသုံးချနိုင်လို့လား" ဆိုတာလေ။ အဲဒါကိုတော့ ငြိမ်း ၀မ်းအနည်းဆုံးပဲမောင်။ မောင့်အတွက်၊ ငြိမ်းအတွက် အသုံးမကျရင် နေပါ။ သမီးလေးအတွက် ငြိမ်း အသုံးမချ နိုင်တာကိုတော့ ငြိမ်းကိုငြိမ်း အမုန်းဆုံးပဲ မောင်ရယ်။

ငြိမ်းဘာလို့ အသုံးမချနိုင်ရတာလဲဟင်၊ သမီးလေးကို ဘာလို့ ဒီရောဂါ ဖြစ်စေရတာလဲ။

"မောင်တို့မှာ ပိုက်ဆံမရှိလို့ပေါ့ ငြိမ်းရယ်" ဆိုတဲ့ ပြတ်သားတဲ့ မောင့်အဖြေကိုလဲ ငြိမ်း မကြားချင်ဘူး၊ တွေးလဲ မတွေးချင်ဘူး၊ မဲလ်နျူထရေးရှင်း... အာဟာရချို့တဲ့ခြင်းဆိုတဲ့ စကားရပ်ဟာ ငြိမ်းအဖို့တော့ အမုန်းဆုံး စကားရပ်ဘဲမောင်။

ငြိမ်း.... ငြိမ်း... သမီးလေးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မောင်အသိဆုံးပါနော်... မောင်၊ ဖအေလုပ်တဲ့ မောင်ကတောင် " ငြိမ်းက တကယ်လွန်တယ်ကွာလို့ ပြောယူရတဲ့ အထိ၊ ကလေးရူးမ " လို့ ပြောယူရတဲ့အထိ။

ငြိမ်း ယုယပေမပေါ့မောင်၊ ငြိမ်းမှာက တစ်ကောင်ကြွက်လေမောင်ရဲ့၊ မောင့်လို ခင်တွယ်စရာ ညီအစ်ကို မောင်နှမ ရှိတာ မဟုတ်ဘူး၊ ငြိမ်းတစ်ယောက်ကို မွေးပြီး ဖေဖေနဲ့ မေမေက လူလောကကြီးကနေ အပြီး ထွက်ခွာသွားကြတယ်။

ဘိုးအေ၊ ဘွားအေ လက်ပေါ်မှာ ကြီးပြင်းပြီး ဘိုးအေ ဘွားအေကို အားကိုးပြီး နေပြန်တော့လဲ  ငြိမ်းဆယ်တန်းသင်နေတုန်းမှာပဲ အဘိုးနဲ့ အဘွားက ငြိမ်းကို ရှေ့ဆင့် နောက်ဆင့် ပစ်သွားကြတယ်လေ။ အဲဒီတုန်းက ငြိမ်းမှာ ရည်းစားလုပ်တဲ့မောင်ကလွဲရင် အားကိုး တွယ်တာစရာ ဘယ်သူမှ မရှိခဲ့ဘူးနော်။

ဦးလေ၊ အဒေါ်တွေကလဲ ငြိမ်းအပေါ် ကောင်းကြတာမဟုတ်။ ဒါကြောင့်လဲ မောင့်နောက်ကို မြန်မြန်လိုက်ဖြစ်ခဲ့တာပေါ့။

မောင်မှတ်မိလား၊ ဦးလေး အဒေါ်တွေနဲ့ စကားများပြီး မောင်ရှိတဲ့ ရန်ကုန်ကို ပြည်ကနေ ငြိမ်း တစ်ယောက်တည်း လိုက်ချလာပြီး မောင့်ကို ရှာတဲ့ နေ့လေ။ မောင်က အဲဒီနှစ်က နောက်ဆုံးနှစ် အင်းဝဆောင်မှာလေ။

ရန်ကုန်ကို အဘိုးအဘွား မဆုံးခင်က ဘုရားဖူးရင်း ရောက်ခဲ့ဖူးပေမယ့် တက္ကသိုလ်ထဲကိုတော့ ငြိမ်း မရောက်ခဲ့ရဘူး။ အပြင်ကနေ ကြည့်ပြီးတော့ တစ်နေ့ကျ မောင်နဲ့အတူ ကျောင်းတက်မယ်လို့ ကြုံးဝါးခဲ့ဖူးတာ၊ တကယ်တန်းကျ ဘယ်မှာ တက်ရလို့လဲ။

ငြိမ်းက သိပ်ညံ့တာပဲ၊ မောင်နဲ့ ငြိမ်း သူငယ်တန်းထဲက အတူတူ အောင်ခဲ့ကြတာ၊ ရှစ်တန်းကျ ငြိမ်းက ကျရော၊ မောင်က ကိုးတန်း ရောက်သွားရော၊ နောက်နှစ် ငြိမ်းအောင်ပြန်တော့ မောင်က ဆယ်တန်း၊ ငြိမ်းက ကိုးတန်း။ ငြိမ်း ဆယ်တန်းရောက်တဲ့နှစ်မှာ နှစ်ချင်းပေါက်အောင်တဲ့မောင်က တက္ကသိုလ်ရောက်သွားပြီး ဆယ်တန်းကို ငြိမ်းက သုံးခါဖြေတာတောင် မအောင်ဘူး။ မောင်သာ နောက်ဆုံးနှစ်ရောက်ရော၊ ငြိမ်း ဆယ်တန်း မအောင်ဘူး။

ဒါကြောင့်မိုလဲ ငြိမ်းကို မောင့်မိဘတွေက သဘောမတူကြတာနေမှာနော်၊ ငြိမ်းက ဥတစ်လုံး တစ်ကောင်ကြွက်၊ အဘိုး အဘွားအိမ်မှာ ကပ်ပြီး နေရတာ၊ ငြိမ်းမှာ အိမ်လဲ မရှိဘူး။ ပစ္စည်း ဥစ္စာလဲ မရှိဘူး၊ ပညာလဲ မရှိဘူး၊ (မောင်ကသာ ချစ်နေသူမို့ လှတယ်ပြောတာ ) တကယ်တော့ ငြိမ်းမှာ ရုပ်ရည်လဲ မရှိပါဘူး၊ မောင့်မေမေ ပြောသလို ဖြူဖပ် ဖြူရော် ပိန်တိ ပိန်ညှော်နဲ့ ပိုးဟပ်ဖြူမလေးပါ။ ဒါပေမယ့် မောင်ကတော့ ငြိမ်းကို တကယ့်ကို သံယောဇဉ် ကြီးခဲ့တာပါနော်။

ငြိမ်းလေ မောင့်ဆီကို လိုက်လာတုန်းက ဦးလေးတွေ အဒေါ်တွေကို စိတ်ဆိုးလွန်းလို့သာ ရင်တော့ထိတ်သားမောင်ရဲ့၊ ဦးလေးနဲ့ ဦးလေး မိန်းမကရော အဒေါ်ကရော ငြိမ်းကို နှင်ချတယ်လေ။

ငြိမ်းအပြစ်က ဘာလဲဆိုတော့ ဦးလေးသမီးနဲ့ ငြိမ်းနဲ့ ရန်ဖြစ်စကားများပြီး ငြိမ်းကို သူက ဆံပင် ဆွဲတာနဲ့ ငြိမ်း တွန်းပစ်လိုက်တာ အားလွန်ပြီး လှေကားပေါ်က လိမ့်ကျသွားရော။ လှေကားက အောက်ထပ် လှေကား သုံးထစ်ထဲပါ၊ ဘာမှလဲ မဖြစ်သွားပါဘူး။

ဒါပေမယ့် သူ့အမေက ငြိမ်းကို ပြောလိုက်တာ ရစရာ မရှိဘူး၊ ဦးလေးကရော အဒေါ်ကရော ငြိမ်းကိုပဲ ၀ိုင်းဆူကြတယ်လေ၊ ငြိမ်းသိပါတယ်၊ ငြိမ်းက အဘိုး အဘွားရဲ့ အသည်းကျော်ဆိုတော့ အဘိုးအဘွားမရှိတော့တာနဲ့ ငြိမ်းကို ၀ိုင်းနိုင်ကြတော့မယ်ဆိုတာ။ ငြိမ်းကို တစ်နေ့ ဒီအိမ်ကနေ ကန်ထုတ်မယ်ဆိုတာ။

ငြိမ်း ဆုံးဖြတ်လိုက်တယ်။ ငြိမ်းကို သူတို့က နှင်ချနေပြီပဲ၊ ငြိမ်းက ဘာလို့ နေရမှာလဲ၊ ငြိမ်းမှာ အားကိုးစရာ မောင်ရှိတာပဲ၊ငြိမ်း မောင့်နောက်ကို လိုက်တော့မယ်။

မောင်ကတော့ ငြိမ်းကို ဘာအပြစ်မှ ပြောမှာ မဟုတ်ဘူးဆိုတာ သိပေမယ့် မောင့်အမေကတော့ ငြိမ်းကို သိပ်မုန်း သိပ်စိတ်နာမှာဆိုတာ ငြိမ်း တွေးမိပါတယ်။ သူ့သား ကျောင်းမပြီး သေးဘဲနဲ့ ငြိမ်းက ခိုးယူ ပေါင်းသင်းလို့လေ။

ရန်ကုန်ကိုအလာ ရထားပေါ်မှာတုန်းက ငြိမ်း တစ်မျိုးတွေးသေးတယ်။ မောင်က ကျောင်းမပြီးသေးတော့ ငြိမ်းကို လက်ထက်လိုက်ရင် မောင် အလုပ်မရှိဘဲနဲ့ ဘယ့်နဲ့လုပ်မလဲလို့။ မောင့်ဆီကို မသွားဘဲ ငြိမ်း တစ်နေရာရာကို သွားရကောင်းမလားလို့ စဉ်းစားမိသေးတယ်။

ဒါပေမယ့် မောင်ရယ် ရန်ကုန်ဘူတာကို ရထားဆိုက်လို့ ဘူတာထဲ ဆင်းလိုက်တာနဲ့ ငြိမ်း သတ္တိတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အားငယ်လိုက်တာ အရမ်းပဲ။ ကြောက်လိုက်တာလဲ အရမ်းပဲ။ ငြိမ်းဘာမှ စဉ်းစားမနေတော့ဘူး။ သဘောကောင်းပုံရတဲ့ ကားမောင်းသမား လူခပ်ကြီးကြီး တစ်ယောက်ရဲ့ကားကို ငှားပြီး "တက္ကသိုလ်ကို ပို့" လို့ ခပ်တည်တည် ပြောလိုက်တော့တာပဲ။ ဈေးလဲ မဆစ်ရဲဘူး။ ငြိမ်းမှာ စုထားတဲ့ ပိုက်ဆံရယ်၊ အဘွားဆုံးတော့ ခေါင်းအုံးအောက်က ရတဲ့ ပိုက်ဆံတွေရယ် ငွေ ရှစ်ရာလောက် ပါတယ်လေ။

ကားသမားကြီးက အရေးထဲ "ဘယ်တက္ကသိုလ်လဲ... လှိုင်လား၊ ကြည့်မြင်တိုင်လား၊ ဗိုလ်တထောင်လား၊ ရာဇူးလား" တဲ့။

ဟုတ်သားဘဲ ငြိမ်း ရှက်လိုက်တာ၊ ငြိမ်းကို တက္ကသိုလ်ကျောင်းသူ မဟုတ်မှန်း သိသွားတာပေါ့။ ခပ်ရှက်ရှက်နဲ့ "ရာဇူး" လို့ ပြောလိုက်ရတယ်။

ကားပေါ်မှာလဲ တောသူမ ငြိမ်း ဟိုကြည့် သည်ကြည့်နဲ့ ကြောက်နေတာပဲ၊ ကျောင်းရှေ့ရောက်လို့ ကားဆရာကြီးက "ဘယ်အဆောင် ပို့ရမလဲ" မေးပြန်တော့လဲ မပြောရဲပြန်ဘူး။ ငြိမ်းသွားမယ့် အဆောင်က ယောက်ျားလေးဆောင်ဆိုတော့ ပြောရမှာ ပြဿနာ၊ ကားဆရာကြီးကို ကျောင်းရှေ့မှာပဲ ရပ်ခိုင်းလိုက်ရတယ်။

မောင်ရယ်၊ ငြိမ်းလေ... လက်ဆွဲအိတ်လေး တစ်လုံးနဲ့ ကျောင်းရှေ့မှာ အကြာကြီးရယ်၊ အင်းဝဆောင် ဘယ်နားမှာလဲလို့ ဘယ်သူ့ကို မေးရမှန်းလဲ မသိဘူး။ ငြိမ်း ရပ်နေတာ အဓိပတိလမ်းထိပ်က ကျောင်းတံခါးကြီးနားမှာလေ။

ငြိမ်းလေ ဆုတောင်းလိုက်ရတာ အရမ်းပဲ။ ဒီနား တစ်ဝိုက်ကို မောင်ဖြတ်လာပါစေ၊ မောင် ရောက်လာပါစေ၊ ငြိမ်းကို မြင်ပါစေဆိုပြီး လူတွေကို လိုက်ကြည့်ရတာလဲ မောနေတာပဲ။ အမလေး.... နောက် တစ်နာရီလောက်ကျမှ ငြိမ်း ဆုတောင်းပြည့်တော့တာ။

ငြိမ်း ကုသိုလ်ကံ သိပ်ကောင်းတာပဲ၊ အဲဒီ ခဏလေးကို ခုပြန်တွေးရင် ခုပျော်သေးတယ်။ မောင်က ငြိမ်း မျက်ခြေမပျက်ကြည့်နေတဲ့ ကျောင်းဝင်းထဲက မလာဘူး၊ ကားလမ်း ဟိုဘက်ကနေ ဖြတ်ကူလာတာနော်၊ ငြိမ်းက လှမ်းမြင်တာပါ။ ငြိမ်းက ကျောင်းဝင်းထဲ လိုက်ကြည့်ရတာ စိတ်ပျက်ပြီး ဒီဘက်ကားလမ်းကို လှမ်း အကြည့် ဘတ်စ်ကား တစ်စီးပေါ်က မောင် ဆင်းလာတာ။

ငြိမ်းလေ.... ပထမ လူတွေ ကြားမှာ ရောနေတဲ့ မောင့်ကို ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ကြောင်ကြည့်နေမိသေးတာ။ မောင်လမ်းကို ဖြတ်ကူးမှ မောင်ဝတ်ထားတဲ့ ( ငြိမ်း မုန့်ဖိုးစုပြီး လက်ဆောင်ပေးထားတဲ့) ကချင် လုံချည် အပြာကွက်လေးကို မြင်တော့မှ အားရ၀မ်းသာနဲ့ မောင်... မောင် လို့ တအားအော်ခေါ်တော့တာ။ ငြိမ်း ဘယ်သူ့မှလဲ ရှက်မနေနိုင်တော့ဘူး၊ မောင့်ဆီကို ပြေးတာ လုံးနေတာပဲ။

မောင်က.... "ဟာ... ငြိမ်း"  ဆိုပြီး အံ့အားတွေ သင့်လို့။ ငြိမ်းကတော့ ပွဲခင်းထဲ အမေပျောက်တဲ့ ကလေး အမေနဲ့ ပြန်တွေ့သလိုမျိုးပဲ မောင့်လက်ကိုဆုပ်ပြီး လမ်းမကြီးမှာ ငိုရော။

နောက်.... မောင်ပြန်ပြောမှ ငြိမ်း ရှက်ရကောင်းမှန်း သိတယ်။

"လူတွေက မောင်တို့ကို ၀ိုင်းကြည့်နေတာ၊ ငြိမ်းပုံစံက လင်နောက်လိုက်တဲ့ ပုံစံ မဟုတ်ဘူး။ ပစ်ပြေးသွားတဲ့ ယောက်ျား၊ အမိလိုက်ဖမ်းတဲ့ ပုံမျိုး" တဲ့။

ရှက်နေတဲ့ မောင့်မျက်နှာကြီး ကြည့်ပြီး ငြိမ်း ရယ်လိုက်ရတာ၊ သြော်... အဲဒီတုန်းက မောင့်ခမျာ ငြိမ်းအတွက် တော်တော် ဒုက္ခရောက်ရှာပါတယ်။ ငြိမ်း စိတ်လိုက်မာန်ပါ ဆုံးဖြတ်သမျှ မောင်ဒုက္ခ ရောက်တော့တာပဲ။

ဆက်ရန်.......