ကြာပီ

[Thursday, March 27, 2008]

ကြာဇံဟင်းခါး

5 comments

မရေးတာကြာတဲ့ ဘလောက်လေးကို အစားနဲ့ ဖွင့်ပွဲ ပြန်လုပ်လိုက်ပါတယ်။
မနက်နိုးလာလာချင်း ဒီနေ့ ငါဘာလုပ်စရာရှိလဲ အရင်မတွေးပဲ ဘာစားရင်ကောင်းမလဲပြီး လျှောက်မွှေကြည့်တော့ ကြာဇံဝယ်ထားတာလေး ရယ် မှိုခြောက်ပန်းခြောက်ကလေးရယ် ပဲပြားခြောက်ရယ်တွေ့တာနဲ့ ကြက်သားသွားဝယ်ပြီး ကြာဇံဟင်းခါးချက်စားဖို့ ပြင်လိုက်ပါတယ်။





လန်ဒန်က ဗမာများအတွက်တော့ ကြာဇံဟင်းခါးဟာ လူမပင်ပန်းစေတဲ့ မြန်မာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းလည်း နည်းပြီး ချက်ရတာလည်း လွယ်လို့ပါ။

ကဲ အရင်ဆုံး ကြက်တစ်ကောင်ကို ချင်း၊ကြက်သွန်ဖြူ အပြားလိုက်ရိုက်ပြီး ထည့်ပြုတ်လိုက်မယ်။ဆား၊ အချိုမှုန့်ကတော့ နည်းနည်းစီပေါ့။

ပြီးရင် တဖက်က
မှိုခြောက် နည်းနည်းနဲ့ (တရုတ်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်)
ပဲပြားခြောက်ကို ဇလုံတခုထဲမှာ ရေနွေးပူပူနဲ့ စိမ်ထားပါတယ်။
ကြက်သွန်နီ၊ချင်း၊ကြက်သွန်ဖြူ နည်းနည်းစီကို စက်နဲ့မွှေထားပါတယ်။

ကြက်သားနူးလောက်ရင် ဆယ်ထားပြီး အေးတဲ့အခါ အသားတွေ နွှင်ထားပါတယ်။ အရိုးကို ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပါတယ်။
မွှေထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတွေကို ဆီသတ်ပြီး နနွင်း၊ အရောင်တင်ထည့်ပါတယ်။ ဆီပြန်ပြီး မွှေးလာရင် နွှင်ထားတဲ့ ကြက်သားတွေ ထည့်မွှေပါတယ်။ တခါထဲ ဆား၊အချိုမှုန့်၊ယိုးဒယားငံပြာရည်ထည့်ပါတယ်။

မွှေးလာရင် ကြက်ပြုတ်ရည်ထဲကို လုံထားတဲ့ ကြက်သားတွေ ထည့်ပါတယ်။ ပြီးရင်တော့ ရေစိမ်ထားတဲ့ ပဲပြား၊ မှိုခြောက်နဲ့ ပဲကြာဆံထည့်မွှေပေးလိုက်တော့ ကြာဇံဟင်းခါးပူပူလေး ခပ်သောက်လို့ရပါပြီ။ အပေါ့အငန်တော့ လိုသလောက်ထည့်ပေါ့။
အဲ ပုံထဲမှာတော့ ငါးဖယ်တဗူးတွေ့လို့ကြော်ပြီး ပါးပါလှီးထည့်ထားသေးတယ်။

[Friday, June 1, 2007]

သားလေးတို့ ကံကြမ္မာ-ဆရာ တင်မိုး

0 comments

ငါက အောင်လံကိုင်ဆောင်ဖို့
နှင်းတောင်ပေါ်ကို အတက်...

ငါ့သားက
အင်ဒိုနီးရှား ဆုမတ္တရကျွန်းဆွယ်
ရေလယ်သင်္ဘောမှာ ပက်လက်
မျက်ရည်စက်နဲ့ ဆက်သွယ်ပြီး
ကြီးကျယ်တဲ့ ရင်ထဲက ပဲ့တင်သံ
အပြန်ပြန်ရိုက်ခတ်
မီဒန်မြို့ဆေးရုံ ကမ်းခြေအစပ်မှာ
အမှတ်တရ သင်္ဂြိုဟ်ခဲ့ရတယ်။

နော်ဝေနိုင်ငံ ထိုင်းဘုန်းကြီးကျောင်းက
ခေါင်းလောင်းထိုးသံ
သားထံရောက်ပါစေသော်။

ကွာလာတန်ကျွန်းကို သင်္ဘောကပ်
မတ်တပ်က လဲကျ
အဖနဲ့ မိသားစုကို စွန့်ခွာပြီး
ကောင်းရာသုဂတိ သွားလေသလား
နှင်းကြားက ၀ိုးဝါးမှုန်
ငါ့လက်တွေ တုန်လို့
သားရုပ်ပုံ မှန်းတဆဆနဲ့
မျက်ရည်တွေ ကျခဲ့ရတယ်။

သားတို့လို လူငယ်များ
နိုင်ငံရပ်ခြားမှာ ဆင်းဆင်းရဲရဲနဲ့
ရင်ကွဲနာကျ အလုပ်လုပ်နေရရှာတဲ့
မြန်မာလူငယ်တွေရဲ့ဘဝ
ရင်နာစရာ ကောင်းလှတယ်။

အမိနိုင်ငံက မပျိုးထောင်နိုင်လေတော့
မခိုင်မာ မရေရာတဲ့ အနာဂတ်
သူများအရပ်မှာ ခိုကပ်ပြီး
ခြေနင်းဖတ်သဖွယ် မျက်နှာငယ်ရတဲ့
မြန်မာလူငယ်ကလေးတွေ
ပြေးစရာ မြေမရှိရှာပါကလား။

သူများနိုင်ငံတွေမှာတော့ မျိုးဆက်သစ်မှန်ရင်
ရှင်သန်အောင်ရေလောင်း
ကျောင်းတတ်လိုက် ခရီးထွက်လိုက်နဲ့
မျက်နှာလေးတွေ တရွှင်လန်းလန်း
လူငယ်ပန်းပွင့်လိုက်ကြ။

ငါတို့နိုင်ငံသား
လူငယ်များမှာတော့
ရေရှား မိုးရှား ပညာတံခါးတွေပိတ်
မျက်စိတွေပိတ် နားတွေပိတ်
တိရိစ္ဆာန်သဖွယ်
မျက်နှာဆီးရွက်လောက်ငယ်လို့
အရွယ်နဲ့ မမျှ
သေပန်းပွင့်ကြရရှာတယ်။

ကိုယ့်မွေးရပ် ကိုယ့်နိုင်ငံက
ဘူမိနက်သန်မဟုတ်လေတော့
သုသာန်မြေပြောင်းပြီး
ကောင်းရာဘုံ မြန်းကြလေရော့သလားကွယ်။

(မြန်မာနိုင်ငံသားလူငယ်များ အားလုံးအတွက် ရည်စူးဖွဲ့ဆိုထားပါတယ်။)
ဆရာ တင်မိုး